အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် နေအိမ် ၅၀ ကျော်ပျက်စီ

တိုက်ပွဲကြောင့် ပျက်စီးသွားသော နေအိမ်တစ်ခု

မိုးမောက်မြို့နယ်အတွင်း ပြည်သူများနေထိုင်သောကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် လူနေအိမ် ၅၀ ထက်မနည်း ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။

မြို့သစ်၊ ကုန်းလော၊ စီဟတ်၊ နွမ်းလန့်စသည့်ကျေးရွာတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေး KIA တို့ ဧပြီ လလယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်သည် ကျေးရွာအတွင်း ဘုန်းကြီးကျောင်းတွင် လူနေအိမ်များတွင် အခြေချကာ ပစ်ခတ်မှုများ ပြုလုပ်နေသည်။

“စစ်သားတွေက စီဟတ်ရွာဘက်ကို လက်နက်ကြီးတွေ နေ့ရော ညရောပစ်နေတယ်။ ဒီနေ့လည်း ကျနော်အဲ့ဒီဘက်ကို ဖြတ်လာတာ နွမ်လန့်ဘက်က ပစ်လာတဲ့ လက်နက်ကြီး တစ်လုံး လူနေအိမ်တစ်ခုမှာကျပြီးပေါက်ကွဲသွားတယ်။ ပြီးရင် နေအိမ်ကြားတွေထဲမှာလည်း လက်နက်ပစ်သံတွေကြားနေရတယ်။ ဖြတ်လာတဲ့ မိနစ်ပိုင်းအတွင်းမှာတောင် ၁၀လုံးကျော်လောက် ပေါက်ကွဲတာတွေ့ရတယ်။ လူနေအိမ်တွေဆိုရင် အလုံး ၅၀ထက်မနည်းဘူး ပျက်စီးသွာတာကို မြင်တွေ့ရတာကို” ဟု မိုးမောက်ဒေသခံတစ်ဦး၏ အဆိုပါကျေးရွာသို့သွားသည့် အတွေ့အကြုံကို ပြောပြသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ရက်နေ့ မနက်ပိုင်းကလည်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် စီဟတ်ကျေးရွာမှ ၂၁နှစ်အရွယ်ရှိ မိခင်တစ်ဦး နှင့် သက်ကြီးရွယ်အို အဘွားတစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း သူက ဆက်လက်ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကြောင့် ကျေးရွာနေအိမ်အများအပြား ထိခိုက်ပျက်စီးနေပြီဖြစ်ကြောင်း နွမ်းလန့်ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ပြည်သူတွေကို အသုံးပြုနေတာလို့ဘဲမြင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပစ်တဲ့ လက်နက်ကြီးတွေက ပြည်သူတွေရှိတဲ့ ဘက်ဘဲပစ်ထည့်နေတာ။ အခုဆို လူနေအိမ်တွေက တော်တော်လည်း ပျက်စီးနေပြီ” ဟု ပြောဆိုသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီးဖြင့်အပြန်အလှန်ပစ်ခတ်မှုများရှိသော်လည်း KIA ဘက်မှ ပစ်ခတ်သော လက်နက်ကြီးများသည် စစ်တပ်ဧရိယာအတွင်းသာ ကျရောက်သည်ဟု သူက ဆက်လက်ပြောဆိုသည်။


Kachin News Group

https://www.facebook.com/theKachinNews

အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် နေအိမ် ၅၀ ကျော်ပျက်စီ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် နေအိမ် ၅၀ ကျော်ပျက်စီ Reviewed by THITHTOOLWIN on 17:58 Rating: 5

No comments:

Powered by Blogger.