စစ်ကျွန်ပညာရေးအောက် သျှမ်းတက္ကသိုလ်ကျောင်သားများ မတက်


မေ ၇ ရက် ၂၀၂၁

စစ်အာဏာရှင် အမိန့်ဖြင့် ဖွင့်လှစ်မည့် တက္ကသိုလ်ကျောင်းကို သျှမ်းလူငယ်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက သွားတက်မည် မဟုတ်ကြောင်း သျှမ်းပြည်လူငယ်များက ပြောဆိုလိုက်သည်။

မြန်မာတဝှမ်းရှိ တက္ကသိုလ်ကျောင်းများကို မေ ၅ရက်  ပြန်ဖွင့်လှစ်နိုင်ရန် အတွက် စစ်အာဏာရှင် အစိုးရ က ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း သျှမ်းပြည်ရှိ တက္ကသိုလ်များတွင် ကျောင်းသားများ သွားရောက်မှု မရှိသလောက်နီးပါးကြောင်း၊ သျှမ်းလူငယ်များအနေဖြင့် သွားမတက်ကြကြောင်း သိရသည်။

“ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ စစ်အစိုးရဖွင့်မယ့် ကျောင်းကိုမတက်ဘူး။ စာသင်မယ့် ဆရာမတွေလည်း မရှိတော့ တက်လည်း မထူးဘူး။ စစ်အစိုးရ မရှိမှ တက်မယ်” ဟု ပင်လုံ တက္ကသိုလ်တွင် နောက်ဆုံးနှစ်တက်နေသည့် ကျောင်းသူ တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်အစိုးရ အနေဖြင့် နောက်ဆုံးနှစ် ဘွဲ့ကြိုတန်းနှင့် ဂုဏ်ထူးတန်းများကို ၂လ အပြီး သင်ကာ ၊ ဘွဲ့ရပြီးလျှင်လည်း အလုပ်ကို ဆက်ချင်း ပေးသွားမည် ဟု ပြောဆိုခဲ့သော်လည်း ကျောင်းသားများအနေဖြင့်ကျောင်းတက်ရန် မရှိကြောင်း သိရသည်။

” ဘွဲ့ရပြီးရင်လည်း တစ်ခါတည်း အလုပ်ပေးမယ်လို့လဲ ကြားတယ်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းတွေမရှိလို့တဲ့” ဟု ၎င်း က ပြောသည်။

တောင်ကြီး နှင့် လားရှိုးတက္ကသိုလ်များတွင်လည်း တက္ကသိုလ် တွင်း ကျောင်းသားမရှိကြဘဲ စစ်အာဏာရှင် အစိုးရ ကို ဆန့်ကျင်သည့်အနေဖြင့် လူငယ်များကျောင်းမတက်ကြပေ။

သျှမ်းပြည်အတွင်း စစ်ကောင်စီ အုပ်စု တပ်စခန်း အများအပြားတည်ရှိနေပြီး စစ်အင်အားလည်း တိုးချဲ့ထားသဖြင့် လူငယ်များ စစ်အာဏာရှင် ကို ဆန့်ကျင်ဆန္ဒပြရန် အခက်အခဲရှိနေကြောင်း၊ ထို့ကြောင့် ကျောင်းပညာရေးမတက်ဘဲ ဆက်ပြီး ဆန္ဒပြသွားမည် ဟုလည်း သျှမ်းလူထုများကပြောသည်။

ထို့အပြင် လူငယ်အများစုသည် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို  ယနေ့ချိန်ထိ ဆန့်ကျင်ဆန္ဒပြခဲ့ကြသဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှုကိုခံရမှာ စိုးရိမ်သဖြင့် ထွက်ပြေး တိမ်းရှောင်နေရသည်။

တက္ကသိုလ်ကျောင်းဖွင့်ကာ ကျောင်းသားများကျောင်းတက်ခိုင်းခြင်းသည်လည်း တဖက်လှည့် ကျောင်းသားများ ဖမ်းဆီးရန် အတွက် ကြိုတင် အကွက်ဆင်မှုများဖြစ်နိုင်ကြောင်း၊ ကျောင်းတက်သည့် ကျောင်းသားများအနေဖြင့်လည်း သတိထားရန် လိုအပ်ကြောင်း သျှမ်းလူငယ်တဦး ကမှတ်ချက်ပြုသည်။

“ စာသင်တဲ့သူတွေ တောင် CDM လုပ်လို့ ဖမ်းဝရမ်းထုတ်နေတာ။ ကျောင်းသားတွေ ဆန္ဒပြလို့ ဖမ်းဝရမ်းထုတ်နေတာ။ လူငယ်တွေ့ရင်ဖမ်းနေတာ။ လူငယ်တွေကို စာသင်ပေးတာ ဖမ်းဖို့ အကွက်ကောင်းပဲ။ လမ်းသွားရင် လူငယ်ဆိုတာနဲ့ စစ်ဆေးနေတာ။ ကျောင်းသွားရင် ပိုဆိုးပေါ့” ဟု ၎င်း သျှမ်းလူငယ်က ပြောသည်။

လက်ရှိ တက္ကသိုလ်ကို သွားရောက်တက်နေသူသည် စစ်တပ် အသိုင်းအဝန်းမှ ဖြစ်ကြောင်း၊ စစ်သား၊သမီးများဖြစ်ကြောင်း၊ ကျောင်းသားများကို ပညာအမှန်ပေးခြင်းပါက စစ်အစိုးရ အာဏာစွန့်လွှတ်ရန် လိုအပ်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦးကပြောသည်။

ကျိုင်းတုံမြို့ရှိ တက္ကသိုလ်ကျောင်းသား သမဂများက နိုင်ငံတဝန်းရှိ တကသိုလ်များ ပြန်လည်ဖွင့်လှစ်ရန် အကြမ်းဖက် စစ်ကောင်စီမှ ကြိုးစားနေကြောင်း၊ တကသိုလ်များ ပြန်ဖွင့်ပါက ကျောင်းသားများ အနေဖြင့် ကျောင်းမတက်ရန် ဧပြီ (၂၇) ရက်တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ခဲ့သည်။

စစ်ကျွန်ပညာရေးကို လုံးဝ(လုံးဝ) မတက်ရောက်၊ မသင်ယူကြဖို့ လိုအပ်ကြောင်း၊ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးလာခဲ့သော ပညာရေး စနစ်ကြီး ပျက်သုဉ်းသွားစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ထဲတွင်ရှိသော အခွင့်အာဏာကို ပြသကြပြီး ကျောင်း(လုံးဝ) မတက်ကြရန် တိုက်တွန်းရေးသား ထားသည်။

စစ်ကျွန်ပညာရေး စနစ်ကို လက်မခံနိုင်သည့် ကျိုင်းတုံ တကသိုလ်မှ ကျောင်းသား၊သူ အများစုက ကျောင်းမတက်တော့ဘဲ CDM လုပ်ဆောင်လိုက်သည့် စာရင်းမှာ မေလ (၆) ရက် ညနေပိုင်းအထိ (၆၀၀)ကျော် ရှိကြောင်း သိရသည်။

စစ်ကောင်စီ မှ  စစ်အာဏာသိမ်းပြီးနောက် ကျောင်းသား နှင့် ပြည်သူကို နေ့စဉ် သတ်ဖြတ်နေကြပြီး ကျောင်းပြန်ဖွင့်ပေးခြင်းသည် ယုံကြည်စရာ တခုမျှ မရှိကြောင်း လည်း သျှမ်းလူငယ်များက ပြောသည်။

 လက်ရှိ အချိန်မှာ CDM ပြုလုပ်သော ဆရာ၊ဆရာမ များ များပြားလွန်းသောကြောင့် တကသိုလ်ကျောင်းသားများကို ဆရာ ဆရာမများနေရာတွင် စေတနာ့ဝန်ထမ်း အဖြစ် အစားထိုး သင်ကြားစေမည်ဖြစ်ကြောင်း စစ်ကောင်စီ ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

စစ်ကျွန်ပညာရေးအောက် သျှမ်းတက္ကသိုလ်ကျောင်သားများ မတက် စစ်ကျွန်ပညာရေးအောက် သျှမ်းတက္ကသိုလ်ကျောင်သားများ မတက် Reviewed by THITHTOOLWIN on 07:52 Rating: 5

No comments:

Powered by Blogger.