တက္ကသိုလ်တွေ ပထမဆုံးကျောင်းဖွင့်ရက် အခြေအနေ



Share/Bookmark
တက္ကသိုလ်တွေ ပထမဆုံးကျောင်းဖွင့်ရက် အခြေအနေ

စစ်အာဏာသိမ်းပြီးနောက် အခြေခံကျောင်းတွေ ပြန်မဖွင့်ခင် တက္ကသိုလ်တွေကို စဖွင့်ပြီး နောက်ဆုံးနှစ်နဲ့ မဟာတန်းတွေကို ဒီနေ့ စဖွင့်ခဲ့ရာမှာ ပုံမှန်ကျောင်းဖွင့်ချိန်တွေနဲ့မတူဘဲ စာသင်ခန်းတွေဆီ လာတဲ့ကျောင်းသားတွေ နည်းပါးလွန်းပြီး တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က သွားလာနေတာမျိုးတွေရှိနေပါတယ်။

ဒီနေ့ ပထမဆုံးကျောင်းဖွင့်ရက်မှာတော့ ဒဂုံတက္ကသိုလ်ကိုလာတဲ့ YBS ၃၀ ဟာ တက္ကသိုလ်အနီး ဘုန်းကြီးကျောင်းကွေ့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဘတ်စ်ကားပေါ်ပေါက်ကွဲတာဖြစ်ပြီး လူထိခိုက်မှုမရှိဘဲ ကားမှန်တွေကွဲသွားတာပါ။ ဒီလိုဖြစ်စဉ်ရှိပေမယ့် ကျောင်းသားမိဘတွေကိုယ် တိုင် စာသင်ခန်းဝ အထိလိုက်ပို့ပြီး ကျောင်းတက်သူအချို့ရှိနေသလို ကျောင်းသားတွေကြားမှာ စစ်ကား၂ စီးနဲ့ စစ်သားတွေက တက္ကသိုလ်အနှံ့ လျှောက်ပတ်နေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။

ရန်ကုန်မြို့က နောက်ထပ် တက္ကသိုလ်ဖြစ်တဲ့ မှော်ဘီနည်းပညာတက္ကသိုလ်မှာတော့ ဒီနေ့ကျောင်းဖွင့်ချိန်မှာ ရဲကားတစီး လာပြီးတော့ မော်ကွန်းထိန်းနဲ့ တွေ့ဆုံတာရှိတယ်လို့ ကျောင်းသားတွေကနေ သိရပါတယ်။

မော်လမြိုင်မှာနေ့တော့ မနေ့က မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှာ ပေါက်ကွဲမှုရှိခဲ့ပေမယ့် မော်လမြိုင်တက္ကသိုလ်ဘက်မှာတော့ အဲ့လို ဖြစ်စဉ်တွေမရှိဘူးလို့ သိရပါတယ်။ မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းသားအင်အားများတာကြောင့် ကျောင်းမတက်သူဦးရေရာခိုင်နှုန်း အလိုက်မသိရပေမယ့် ဒီနေ့တော့ ကျောင်းမလာသူများတယ်လို့ ကျောင်းသားသမဂ္ဂက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးတက္ကသိုလ်မှာတော့ နောက်ဆုံးနှစ်ကျောင်းသားတွေက ကျောင်းမတက်ပေမယ့် မဟာတန်းတက်သူအချို့ရှိပြီး သရုပ်ပြသင်တန်းဖြေဖို့ ပြင်ဆင်သူတွေရှိနေပါတယ်။ အရမ်းဝေးခေါင်တဲ့ ဒေသတွေကကျောင်းသားတွေအနေနဲ့ ကျောင်းဖွင့်တဲ့အကြောင်းမသိတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သပိတ်စစ်ကြောင်းတွေ နေ့စဉ်မပြတ်ရှိနေတဲ့ ထားဝယ်မြို့က နည်းပညာတက္ကသိုလ်မှာတော့ ကျောင်းမဖွင့်ခင် မေ ၄ ရက်ကစပြီး ကျောင်းထဲကို စစ်ကောင်စီအဖွဲ့ဝင်အချို့ ရောက်လာတယ်လို့ ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ