စစ်ကောင်စီတပ်တွေနဲ့ ကနီကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ယောက်ခန့် သေဆုံး

စစ်ကောင်စီတပ်တွေနဲ့ ကနီကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ယောက်ခန့် သေဆုံး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျေးရွာတွေစုပေါင်းပြီး ၂၀၂၁၊ မတ် ၂၇ ရက်က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ် / Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မေလ ၆ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကနီမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့အကြား နေရာ သုံးခုမှာ၊ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူတွေဘက်က နှစ်ယောက် သေဆုံးခဲ့ကာ၊ စစ်ကောင်စီဘက်က ဆယ်ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

လက်နက်ကိုင်တွေရှိတယ်ဆိုပြီး သတင်းပေးသူက ခေါ်ဆောင်လာတဲ့နောက် စစ်သားအင်အား ၁၀၀ ကျော်နဲ့ ပြည်သူ့တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ကနီမြို့နယ် မှန်တောင်ရွာအနီးမှာ မနေ့က မနက် ၁၁ နာရီလောက်က စတင်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲဖြစ်ချိန် တစ်နာရီကျော် ကြာမြင့်ခဲ့ပါတယ်။ သမင်ခြံရွာအနီးမှာတော့ ညနေ ၃ နာရီကျော်မှာ ဖြစ်ပွားခဲ့ကာ မြွေပိုင်းတောင်ရွာ အနီးမှာတော့ မနက်ပိုင်း တစ်ကြိမ်နဲ့ ညနေပိုင်းမှာ တစ်ကြိမ်ထက်ပိုပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မေလ ၇ ရက်နေ့ မနက်ပိုင်းမှာလည်း၊ ကနီမြို့နယ်အတွင်းက သမင်ခြံကျေးရွာနောက်ကျောနဲ့ အဲဒီ ကျေးရွာအနီးမှာ စစ်သားတွေ ရပ်ထားခဲ့တဲ့ယာဉ်တွေနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်နေတဲ့သူတွေကို တူမီးသေနတ်နဲ့ တုံ့ပြန်နေရတာမို့ လက်နက်အကူအညီတွေ လိုအပ်နေတယ်လို့ ကနီမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ယောက်က RFA ကိုပြောပါတယ်။

“ဒီကနေ့ အခြေနေကတော့ အထိအခိုက် မသိရသေးဘူး။ ပြည်သူတွေထောင်ထားတဲ့ မိုင်း ၇ လုံးတော့ ပေါက်ကွဲသံ ကြားတယ်။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်နေလို့ နောက်ဆုတ်နေရတယ်။"

မနေ့က မေလ ၆ ရက်နေ့က ညနေပိုင်း တိုက်ပွဲအေးသွားတဲ့အချိန်၊ မှန်တောင်ရွာတိုက်ပွဲကနေပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်သေနတ်နဲ့ ရွာထဲမှာ လိုက်လံပစ်ခတ်ခဲ့တဲ့အတွက်၊ အသက် ၁၀ နှစ် အရွယ်ကလေးငယ်တစ်ဦး ဆီးခုံကိုကျည်ထိမှန်ခဲ့လို့ ဆေးကုသနေရတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာတွေထဲထိ ဝင်ရောက်ပစ်ခတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံရွာသားတွေက RFA ကို ပြောပြကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kani-battle-05072021024426.html

စစ်ကောင်စီတပ်တွေနဲ့ ကနီကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ယောက်ခန့် သေဆုံး  စစ်ကောင်စီတပ်တွေနဲ့ ကနီကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ယောက်ခန့် သေဆုံး Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.