ကယားပြည်နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေ


စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ ဒီကနေ့မှာလည်း ဒီးမော့ဆိုမြို့မှာ ပစ်ခတ်မှု ရှိနေတယ်လို့ ဒေသခံတွေကပြောသလို ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် ရှိတယ်လို့ ထင်တဲ့နေရာကို စစ်တပ်ဘက်က ရမ်းပစ်တာလို့ PDF ပြန်ကြားရေးဘက်က ပြောပါတယ်။ ဒါ့အပြင် ဘော်လခဲမြို့မှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်နှစ်ဦးလည်း ဒီကနေ့မှာ ဖမ်းဆီးခံရပါတယ်။ ကယားပြည်နယ်ဘက်က ပစ်ခတ်ဖမ်းဆီးမှု အခြေအနေကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ဒီနေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့ကတော့ ပစ်ခတ်မှုတွေ ရှိနေသေးတယ်ပေါ့နော်။ ၁၁ နာရီ ၄၀ မှာ ပစ်ခတ်မှုတွေ ရှိနေသေးတယ်ပေါ့နော်။ နေ့တိုင်း မနေ့ညကလည်း ပစ်ခတ်တာတွေ ရှိသေးတယ်။”

ကရင်နီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ တဦးကတော့ ဒီကနေ့ ဒီးမော့ဆို ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့တွေကနေ KPDF အဖွဲ့တွေ ရှိနိုင်တဲ့နေရာကို လာရောက်ပစ်ခတ်တာလို့ ပြောပါတယ်။

“အပြန်အလှန် ပစ်ခတ်မှုတော့ မဖြစ်ပွားဘူးခင်ဗျ။ ဒီနေ့တော့ ငွေတောင်ဆည်ကနေ တောင်ငူခွဲသွားတဲ့ လမ်းပေါ့နော်။ အဲဒီလမ်းကနေပြီးတော့ စစ်အင်အား အနည်းငယ်လောက်နဲ့ လမ်းပေါ်ကနေပြီးတော့ ဒီလိုပဲ ရမ်းသန်းပစ်ပြီးတော့ ပြန်သွားတာ။ အင်အားလာစမ်းတဲ့ သဘောမျိုး ဖြစ်မယ်ဗျ။”

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း စစ်အင်အား တိုးချဲ့မှုတွေ လုပ်ဆောင်လာပါတယ်။

ဒါပေမယ့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

“သူတို့ဘက်က အင်အားတွေမြှင့်တယ် ဆိုတာတော့ PDF အဖွဲ့အစည်းတွေက ရှိနေတယ်။ သူ့မြို့နယ်အလိုက် ကရင်နီပြည်နယ် တခုလုံးပေါ့နော်။ ကျနော်တို့အောက်မှာ ဝင်လာတဲ့ PDF အဖွဲ့အစည်းတွေ ရှိသေးတယ်။ ပြီးလို့ရှိရင် ရွာသားတွေ အားလုံးကလည်း အနည်းဆုံးတော့ လက်လုပ်သေနတ်လေးတွေ ရှိနေကြလို့ လူတိုင်းကလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်လာနိိုင်တယ်ပေါ့။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း များတော့ အဲဒီဘက်ကို သူတို့ဘက်က သတိကြီးကြီး ထားပြီးတော့ ကြိုတင်ပြင်ဆင်ထားတဲ့ ပုံပါပဲဗျ။ ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာ မသိဘူးလေနော်။”

ကယားပြည်နယ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ခုခံတော်လှန်မှုတွေ ရှိနေသလို စစ်တပ်ဘက်ကလည်း ဖမ်းဆီးမှုတွေ ဆက်လက်ရှိနေတာပါ။

ဒီနေ့မနက်မှာ ဘော်လခဲမြို့က လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသွားတယ်လို့ မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ဒီမနက် ဖမ်းသွားတာ ကလေး ၂ ယောက်။ တယောက်က ရှမ်းပိုင်းဘက်က ဌေးနိုင်လွင်၊ တယောက်က တောင်ပိုင်းဘက်က မဇင်မာဌေး။ သူတို့ ဘာကြောင့်ဖမ်းတယ် ဆိုတာကတော့ ကလေးတွေက ဖုန်းနဲ့ အဆက်အသွယ် ရှိကြတယ်တဲ့။ ဘာနဲ့အဆက်အသွယ်ရှိတယ်တော့ မသိဘူး။ ဖုန်းစစ်ဆေးပြီးမှ ခေါ်သွားတယ်၊ ဖမ်းသွားတယ်၊ အဲဒီလိုတော့ ပြောတာပဲ။ စစ်တပ်က ဖမ်းသွားတာ။ သူတို့ အခုလောလောဆယ်တော့ ဗျူဟာထဲမှာပဲလို့ ပြောတယ်။”

အဖမ်းခံရသူတွေကတော့ ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်နေထိုင်သူ ဌေးနိုင်လွင် (ခ) အိုက်သား ၁၉ နှစ်နဲ့ တောင်ပိုင်းရပ်ကွက် EPC နဲ့ ထွေအုပ်ဆက်စပ်လမ်းထိပ် နေထိုင်တဲ့ မဇင်မာဌေးတို့ ဖြစ်ကြပါတယ်။

အလားတူ မေလ ၂၉ ရက်နေ့မှာ လွိုင်ကော်မြို့ရှိ နာနတ်တောရပ်ကွက်မှာ ပြည်သူတဦးကို စစ်ကောင်စီတပ်ကနေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လွိုင်ကော်မြို့ ဘိုးဘွားရိပ်သာမှာ ပစ်သတ်ခံရတယ် ဆိုတာကတော့ ဘိုးဘွားရိပ်သာကျောင်းထဲ သူတို့ ဝင်လာတာပေါ့။ ဝင်လာပြီးတော့ ထမင်းမချက်ပေးတဲ့ ဦးလေးကို ပစ်သတ်လိုက်တယ်။ ဘာအကြောင်းပြချက်ကို မရှိတာ။ အကြောင်းပြချက် မရှိဘဲနဲ့ကို ပစ်တာ။”

ကယားပြည်နယ်မှာ ဖြစ်ပွားလာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်မှု တိုက်ပွဲတွေကြောင့် ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်က စစ်ရှောင် ၇၀,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရသလို အမိုးအကာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေပါတယ်။

မနေ့ စနေနေ့ကစပြီး ကယားပြည်နယ် ယာဉ်အဝင်အထွက် ပိတ်ပင်လိုက်တာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ကျန်းမာရေးကိစ္စတွေအတွက် ပိုမိုခက်ခဲလာမယ့် အခြေအနေမှာ ရှိလာနေပါတယ်။


နိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/myanmar-army-kayah-pdf-fighting/5909814.html

ကယားပြည်နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေ ကယားပြည်နယ်တွင်း ပစ်ခတ်ဖမ်းဆီးမှုတွေ ဆက်ဖြစ်နေ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.