ဘဏ်ကို ယုံကြည်မှုပျက်လာကြအောင် ငွေမထုတ်ဘဲ တန်းစီနေတာကလည်း ငွေထုတ်ယူမှုကန့်သတ်ရတဲ့အကြောင်းရင်းတစ်ခုလို့ ဗဟိုဘဏ်ပြော

ငွေထုတ်စက်ရှေ့မှာ နေပူထဲ နာရီနဲ့ချီကြာအောင် တန်းစီရတာကြောင့် မူးမေ့လဲသူတောင်ရှိ

ဘဏ်တွေမှာ ငွေထုတ်ယူမှုကန့်သတ်ချက် လုပ်လိုက်တာဟာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေက နိုင်ငံ့စီးပွားရေးနဲ့ ဘဏ်စနစ်ကို ဖျက်စီးလိုစိတ်နဲ့ ဘဏ်မှာရှိတဲ့ငွေတွေ အကုန်ထုတ်မယ်ဆိုတဲ့ လှုပ်ရှားမှုတွေလုပ်လာတာ၊ ငွေမထုတ်ဘဲ တန်းစီပြီး လူထုက ဘဏ်ပေါ်မှာ ယုံကြည်မှု ပျက်အောင်လုပ်လာတာတွေကိုလည်း အခြေခံတယ်ဆိုပြီး ဗဟိုဘဏ်ဘက်က ပြောလာပါတယ်။

မေလ ၇ ရက်တုန်းက အွန်လိုင်းကနေ ပြုလုပ်တဲ့စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဘဏ်တွေမှာ ငွေ ထုတ်ယူမှုကန့်သတ်ချက်တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေ မေးခွန်းကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြန်လည်ဖြေကြားချိန်မှာထည့်ပြောသွားတာပါ။

''ဒီလိုကန့်သတ်တာက ယာယီပဲဖြစ်ပါတယ်။ တည်ငြိမ်မှုရှိတာနဲ့ဖြေလျှော့ပေးသွားမှာဖြစ်ပါတယ်။ ဘယ်အချိန်မှာ လျှော့ပေးမလဲဆိုတာကိုလည်း ကျတော်ပြောချင်ပါတယ်။ တခြားအကြောင်းရင်းတွေအပြင် အခုလိုတန်းစီပြီး ထုတ်နေသူတွေများနေသရွေ့ပေါ့နော်။ ကိုယ့်ရဲငွေကို စိုးရိမ်မှုနဲ့ ထုတ်လိုသူက အတင်းထုတ်လာတာနဲ့တပြိုင်တည်းပဲ အဲလိုတန်းစီပြီးတော့ ပြည်သူလူထု ယုံကြည်မှုပျက်စေသောအကြောင်းတရားတွေဖြစ်လာအောင် တန်းစီထုတ်တယ်။ ထုတ်တဲ့သူကလည်း ပထမ ရိုးရိုးထုတ်တယ်။ နောက် စိတ်ပူလို့ ထုတ်တယ်၊ တကယ်မလိုဘဲနဲ့ တန်းစီပြီးတော့ ထုတ်တယ်။ ဒီအကြောင်းတွေ တပြိုင်တည်းဖြစ်တဲ့အခါမှာ အပ်လိုတဲ့လူတွေက ငွေလာမအပ်တော့ဘဲနဲ့ အဲငွေတွေကို အိမ်မှာသိမ်းတဲ့ပြဿနာပေါ်လာတယ်။''

ဘဏ်ဝန်ထမ်းတွေ CDM မှာပါဝင်နေလို့ ခါတိုင်းလို ဝန်ဆောင်မှုပေးသူနဲ့ ယူသူ အင်အားမမျှတာကလည်း လက်ရှိဘဏ်တွေမှာ လူတွေ စုပြုံပြီး ဝန်ဆောင်မှုရယူနေတဲ့အကြောင်းရင်းတစ်ရပ် ဖြစ်စေတယ်လို့ သူက ပြောပါတယ်။

ဘဏ်တွေဟာ ငွေရေးကြေးရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းကျောင်းခံအဖွဲ့အစည်းဖြစ်ပြီး ဗဟိုဘဏ်က ဒါကို ကွပ်ကဲနေတာဖြစ်လို့ အများပြည်သူတွေအနေနဲ့ အပ်ငွေ ဆုံးရှုံးစရာအကြောင်းမရှိသလို လူထုအနေနဲ့ ဘဏ်တွေကို စိတ်ချယုံကြည်ဖို့ သူက ထပ်လောင်းပြောသွားပါတယ်။

ဒါပေမဲ့လည်း တဖက်မှာ ဘဏ်စနစ်ကို အသုံးပြုသူတွေက လက်ရှိလုပ်ထားတဲ့အကန့်အသတ်တွေကြောင့် ငွေထုတ်ယူရာမှာ နာရီနဲ့ချီ တန်းစီရတာ၊ အလှည့်ကျခါနီးမှ ငွေထုတ်စက်တွေမှာ ငွေကုန်သွားလို့ လက်ဗလာနဲ့ အိမ်ပြန်ရတဲ့အခြေအတွေကို ညည်းညူနေကြပြီး ဘဏ်လုပ်ငန်းတာဝန်ရှိသူတွေအနေနဲ့ ဒါကို ပြန်လည် သုံးသပ်စေလိုနေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဘဏ်ကို ယုံကြည်မှုပျက်လာကြအောင် ငွေမထုတ်ဘဲ တန်းစီနေတာကလည်း ငွေထုတ်ယူမှုကန့်သတ်ရတဲ့အကြောင်းရင်းတစ်ခုလို့ ဗဟိုဘဏ်ပြော ဘဏ်ကို ယုံကြည်မှုပျက်လာကြအောင် ငွေမထုတ်ဘဲ တန်းစီနေတာကလည်း ငွေထုတ်ယူမှုကန့်သတ်ရတဲ့အကြောင်းရင်းတစ်ခုလို့ ဗဟိုဘဏ်ပြော Reviewed by THITHTOOLWIN on 18:57 Rating: 5

No comments:

Powered by Blogger.