ဟားခါး စစ်ကောင်စီကင်းစခန်း တခုကို ချင်းကာကွယ်ရေးတပ် ထပ်မံတိုက်ခိုက်

ချင်းကာကွယ်ရေးအဖွဲ့အမှတ်တံဆိပ်။

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးကင်းစခန်းတခုကို ဟားခါးမြို့ ဒေသခံပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေက မေလ ၃ ရက် တနင်္လာနေ့ ညပိုင်းက ဒုတိယမြောက်နေ့အဖြစ် တိုက်ခိုက်ခဲ့ပါတယ်။ ဖမ်းဆီးဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့ အပါအဝင် ဒေသခံတွေရဲ့တောင်းဆိုမှုကို စစ်တပ်ဘက်က မလိုက်လျောလို့ ခုလို ပစ်ခတ် တိုက်ခိုက်တာလို့ ကာကွယ်ရေးအဖွဲ့ပြောခွင့်ရကပြောပါတယ်။ ခုလို တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဟားခါးမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် အဲဒီ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အပါအဝင် အချက် ၁၁ ချက်ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။ ဒီအချက်တွေကို စစ်တပ်ဘက်က မလိုက်လျောလို့ဆိုပြီး ဟားခါးမြို့ ၆ လမ်းဆုံမှာရှိတဲ့ စစ်တပ်လုံခြုံရေးကင်းစခန်းကို လက်လုပ်လက်နက်တွေ ကိုင်ဆောင်ထားတဲ့ အဲဒီအဖွဲ့က တနင်္လာနေ့ညက ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဟားခါးပြည်သူ့ ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးကအခုလိုပြောပါတယ်။

"ကျနော်တို့ ညနေ ၁၁ နာရီ မိနစ် ၂၀ ဝန်းကျင်မှာပေါ့နော်။ ကျနော်တို့ ဒီဟားခါး CDF တပ်ဖွဲ့က ဒီအကြမ်းဖက်အဖွဲ့ စစ်ကောင်စီ သူတို့ တပ်ချတဲ့နေရာပေါ့နော်။ အဲဒီဟာကို ကျနော်တို့ သွားစီးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အရင်က Statement ထုတ်ထားသလို ၁၁ ချက် ကျနော်တို့ ထုတ်ထားတာ ရှိတယ်။ ပြည်သူတွေ နှိပ်စက်တာတို့။ ညှဉ်းပန်းနှိပ်စက်တာပေါ့နော်။ ပြီးတော့ ဖမ်းဆီးတာမျိုး၊ ပြီးတော့ပြည်သူတွေ ငွေရစ်တောင်းတာတွေ မလုပ်ဖို့ ကျနော်တို့ သတိပေးထားတယ်။ အဲဒီဟာကို စစ်တပ်က မလိုက်နာဘူး။ ဆိုတော့ ကျနော်တို့ ခြိမ်းခြောက်မှဖြစ်တော့မယ်ဆိုပြီးတော့ ကျနော်တို့ သွားပစ်တာ။ ကျနော်တို့ လက်ပစ်ဗုံးနဲ့ တူမီးသေနတ်တွနဲ့ ကျနော်တို့ ချတာ။ သူတို့ဘက်က ၄ ယောက်ကျသွားတယ်။ ၁၀ ယောက်ကျော်ဒဏ်ရာ ရသွားတယ်ဟိုဘက်က။"

စစ်တပ်လုံခြုံရေးကင်းစခန်းအပေါ် တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၄ ဦး ကျဆုံးပြီး ၁၀ ဦး ထိခိုက်တယ်လို့ ဟားခါးပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပေမဲ့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဘက်လည်း ထိတ်လန့်နေကြပါတယ်။

"၁၁ နာရီကျော်ကျော်လာက်ဖြစ်မှာ။ ဗုံးပေါက်ကွဲသံ သေနတ်သံတွေကြားရတယ်။ ကျမ ကလေးတွေနဲ့ဆိုတော့လေ ကြောက်တာပေါ့။ အသံကြားပြီးမှ အိမ်အောက်ထပ်ကို ဝင်ပြီးမှပဲ။ မနက် ၈ နာရီလောက်မှာ ထတာ ကျမတို့။"

တိုက်ခိုက်မှုဖြစ်တဲ့ ၆ လမ်းဆုံဟာ ဟားခါးကနေ ချင်းပြည်နယ် ဖလမ်းဘက်၊ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကို သွားတဲ့ လမ်းဆုံတခု ဖြစ်ပြီး အဲဒီနေရာမှာ စစ်တပ်ကနေ လုံခြုံရေး ယူထားတာပါ။

မေလ ၂ ရက်နေ့ ညပိုင်းမှာလည်း ဟားခါးမြို့ ကျောဘုတ် စစ်ကောင်စီဂိတ်စခန်း တခုကို ဟားခါးပြည်သူ့ ကာကွယ်ရေး တပ်ဘက်က ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ၄ ဦးထိခိုက်ကျဆုံးတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ယာဉ်တွေကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ ကလေးမြို့တောင်ပိုင်း တင်သားကျေးရွာဘက်မှာ စစ်ကောင်စီရဲ့ကားတန်းတခုကို ပစ်ခတ်ခဲ့လို့ စစ်တပ်ဘက်ကလည်း ပြန်ပစ်ခတ်တဲ့အကြောင်း Kalay Region Defense Association တပ်ဖွဲ့ဝင်တဦးက ခုလိုပြောပါတယ်။

"စစ်သားက ပစ်လိုက်လို့ အခုပြန်လာတာ။ ထိခိုက်မှုကတော့ မသိဘူးဗျ။ ပစ်တော့ ပစ်ကြတာပဲ အခုပြန်ဆုတ်လာတာ။ ရွာက ခုခံတာတွေများလို့။ ကားကတစီး နှစ်စီးထင်ပါတယ်။ ဟိုက ပစ်လိုက်တော့ သူတို့ပြန်လာတာ။ နောက် ဆည်တောသွားပြန်တာ့လည်း ဆည်တောက ပစ်လိုက်တာ။ အသေအပျောက်တွေတော့ မသိဘုူးဗျနော်။"

မနေ့ကလည်း ကလေးမြို့နယ်၊ (ကလေး-ဂန့်ဂေါလမ်းမ)ပေါ်က ဆည်တောကျေးရွာအနီး မှာ စစ်ကောင်စီတပ်ဖွဲ့ ကားတန်းတွေကို ကလေးမြို့ လုံခြုံရေးတပ်ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အထိအခိုက်တော့ မသိရပါဘူး။ ချင်းပြည်နယ် မင်းတပ်မြို့၊ ဟားခါးမြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ကလေး၊ တမူးအပါအဝင် မြို့နယ်တော်တော်များများမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေက လုံခြုံရေး တပ်တွေဘက်က လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုကြောင့် ဒေသခံတွေက ရရာလက်နက်ကိုင်စွဲပြီး ပြန်လည်ခုခံလာကြတာဖြစ်ပါတယ်။


ကိုနိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/harkhar-chin-attack/5877474.html

ဟားခါး စစ်ကောင်စီကင်းစခန်း တခုကို ချင်းကာကွယ်ရေးတပ် ထပ်မံတိုက်ခိုက် ဟားခါး စစ်ကောင်စီကင်းစခန်း တခုကို ချင်းကာကွယ်ရေးတပ် ထပ်မံတိုက်ခိုက် Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.