ကလေးမြို့ သာစည်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က သုံးဦးကျဆုံး



စစ်ကိုင်းတိုင်း ကလေးမြို့နားက သာစည်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက် ခြောက်နာရီ အချိန်လောက်မှာ လူငယ်ကျောင်းသားတွေနဲ့ CDM မှာပါတဲ့ဝန်ထမ်းတွေကို ဝင်ဖမ်းလို့ ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က သုံးယောက် သေဆုံးတယ်လို့ သတင်း ရရှိပါတယ်။

လူတွေဝင်ဖမ်းလို့ ကာကွယ်တဲ့အနေနဲ့ မနက် ၈ နာရီကစပြီး တိုက်ပွဲဖြစ်တာလို့ အမည်မဖော်လိုတဲ့ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"CDM လုပ်တဲ့သူတွေကို လိုက်ဆွဲတယ်၊ လက်နက်ခဲယမ်းလုပ်တယ်ဆိုပြီး သတင်းရတယ်ဆိုပြီးတော့မှ လာရှာတယ်ဗျ သူတို့ဘက်က ဘာမှလည်း တွေ့မသွားဘူး၊ ရွာထဲကိုသေနတ်တွေထောင်ဖောက်ပြီး ရွာအုပ်ချုပ်ရေးမှူးရုံးမှာ စခန်းထိုင်တယ်၊ ကျွန်တော်တို့ PDF အဖွဲ့တွေက တတ်နိုင်သလောက် ခုခံပြီး ပစ်နေတယ်၊ သူတို့ကရွာထဲမှာ အကုန်မွှေနေတယ်။ အခုကျွန်တော်တို့ ကင်းပုန်းဝပ်နေတယ် သူတို့ အလာကိုစောင့်နေတယ် သူတို့က အင်အားတော်တော်လေးများတယ်။ သူတို့ဘက်က သုံးယောက်ကျတယ်၊ ကျွန်တော်တို့ဘက်ကတော့ တစ်ယောက်မှ မကျသေးဘူး’’

ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း တစ်ယောက် ဒဏ်ရာအနည်းငယ်ရပြီး၊ သာစည်ရွာထဲက ဒေသခံ ခြောက်ဦးထက်မနည်းကိုတော့ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေထဲမှာ CDM အာဏာဖီဆန်ရေးမှာပါဝင်တဲ့ အုပ်ချုပ်ရေးမှူး ဦးထွန်းမိုး၊ မနန္ဒာလှိုင်နဲ့ ဦးသိန်းဝင်း တို့ပါဝင်ပြီး ကျန်တဲ့သုံးယောက်အမည်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    "လူတွေဝင်ဖမ်းလို့ ကာကွယ်တဲ့အနေနဲ့ မနက် ၈ နာရီကစပြီး တိုက်ပွဲဖြစ်တာ"

အဲဒီရွာမှာ CDM ဝန်ထမ်းတွေ ခိုအောင်းနေကြပြီး ရွာထဲမှာ လက်နက်ခဲယမ်းတွေလုပ်နေတယ်ဆိုတဲ့ သတင်းပေးရဲ့ပြောဆိုချက်အရ လာရောက်ရှာဖွေကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အင်အားတစ်ရာကျော်လောက်ရှိမယ်ထင်တယ်၊ ရွာထဲကို သုံးသုတ်လောက်ခွဲပြီးဝင်လာတယ်။ နာမည်နဲ့ တပ်ပြီးတော့ကို မေးပြီးတော့ လူတွေကိုဖမ်းတယ် လောလောဆယ် သုံးဦး ဖမ်းမိသွားပြီ။ ကျန်သူတွေ ကတော့ မသေချာဘူး အုပ်ချုပ်ရေးမှူးအိမ်ကတော့ လမ်းဘေးတင်ဆိုတော့ ထွေထွေထူးထူး ရှာစရာ မလိုဘူးပေါ့၊ အမြင်ကတ်ပုဒ်မနဲ့ ဖမ်းသွားတယ် ထင်ပါတယ်ဗျာ"

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ် ပေမယ့် တယ်လီဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

သာစည်ကျေးရွာဟာ ကလေးမြို့ကနေ သုံးမိုင်လောက်ကွာဝေးပြီး အိမ်ခြေ တစ်ထောင့်ငါးရာကျော်ရှိပါတယ်။ သာစည်ရွာအပြင် တစ်ခြားရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်ပစ်ခတ်တာတွေရှိလာနိုင်တာမို့ ကလေးတစ်မြို့နယ်လုံးမှာရှိတဲ့ PDF အဖွဲ့ဝင်တွေအကုန်လုံးက ဝင်ရောက်ပူးပေါင်းပြီး တိုက်ခိုက်ပေးကြဖို့ PDF အဖွဲ့ဝင်တွေက တောင်းဆိုထားကြပါတယ်။

ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့ဒေသ ခုခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား လက်ရှိအချိန်တိုက်ပွဲပေါင်း ငါးကြိမ်ထက် မနည်းရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese



ကလေးမြို့ သာစည်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က သုံးဦးကျဆုံး ကလေးမြို့ သာစည်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က သုံးဦးကျဆုံး Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.