ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့များ

နေပြည်တော်မှာ ပထမဆုံး အကြိမ် လူကိုယ်တိုင်ရုံးထုတ်

သူ ဒီနေ့ ပန်းမပန်ပါ။

၂၀၂၁ ခုနှစ် မေလ ၂၄ ရက် နေပြည်တော်ကောင်စီ တစ်နေရာမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်အတွင်းပထမဆုံး သူရဲ့ရုပ်ပုံကို မြင်တွေ့ရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူပန်ဆင်လေ့ ရှိတဲ့ ပန်းပန်မထားတာကို‌တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

ခိုပြာရောင်အင်္ကျီနဲ့ ဇင်းမယ်လုံချည် ဝတ်ထားပြီး ခေါင်းစည်းကြိုးပဲ စည်းထားတယ်လို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင်ရသူ ရှေ့နေဒေါ်မင်းမင်းစိုးက သတင်းထောက်တွေကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက် ပုဒ်မ (၅)ခု၊အမှု(၆)ခုနဲ့ တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဒီကနေ့ လူကိုယ်တိုင်ပထမဆုံး ရုံးထုတ်တဲ့နေ့လည်းဖြစ်ပါတယ်။

နေပြည်တော်မှာ ပထမဆုံး အကြိမ် လူကိုယ်တိုင်ရုံးထုတ်

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာပြည်တွင်း ပြည်ပ အခမ်းအနားတွေနဲ့ ပြည်တွင်း ခရီးစဥ်တွေအားလုံးလိုလိုမှာ မြန်မာအမျိုးသမီးပီသစွာ ပန်းကို နှစ်နှစ် သက်သက် ပန်လေ့ရှိတယ်ဆိုတာ သူ့ကိုချစ်ခင်လေးစားသူတွေက ပြောကြပါတယ်။

သူမ ပန်းပန်ရတဲ့အကြောင်းကိုလည်း စာတစ်စောင်ပေတဖွဲ့ အခုလိုမှတ်တမ်းတင်ထားတာကိုလည်း တွေ့ရပါတယ်။။

သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း သဘောကျ မြတ်နိုးခဲ့တဲ့ မိခင် ဒေါ်ခင်ကြည်ရဲ့ မိန်းမဆန်တဲ့ ပန်းပန်ခြင်းကို အတုယူပြီး အောင်ဆန်းစုကြည်ကလည်း နောက်ပိုင်းမှာ သူရဲ့ ဆံကေသာမှာ ပန်းတွေကို ပန်ခဲ့တာဖြစ်တယ်လို့ နယူးယောက်တိုင်မ်း သတင်းစာဆရာမ ရီနာ ပီဒါဆင်ရဲ့ မြန်မာ့နွေဦး စာအုပ်မှာရေးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီနောက် နေပြည်တော်မှာ လူကိုယ်တိုင် ပထမဆုံး တရားရုံးထုတ်တဲ့နေ့မှာ သူဟာ ရှေ့နေနဲ့ နာရီဝက်ကြာတွေ့ခွင့်ရခဲ့ပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးတို့ သီးသန့် တွေ့ဆုံမှုမှာတော့ ပြည်သူတွေကို သတင်းစကား ပါးခဲ့ပါသေးတယ်။

ပြည်သူတွေကျန်းမာစေဖို့အတွက် ဆုတောင်းပေးတယ်လို့ပြောသလို ပါတီထောင်တာကလည်း ပြည်သူတွေအတွက် ထောင်ထားဖြစ်လို့ ပြည်သူတွေရှိသရွေ့ ပါတီရှိနေပါမယ်လို့ ပြောတယ်လို့ဆိုပါတယ်။

တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကိုလည်း ဒီကနေ့မှာပဲ စစ်ဆေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို နေပြည်တော် ကောင်စီ နယ်မြေထဲက အိမ်တစ်အိမ်မှာ သီးသန့် တရားရုံး လုပ်ပြီး ရုံးထုတ်စစ်ဆေးခဲ့တာလည်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးကို က ပြောပါတယ်။

စစ်ကောင်စီက ထုတ်လွှင့်သွားတဲ့ ရုပ်သံမှာတော့ သူတို့ ၃ ဦးကို နေပြည်တော် ကောင်စီအတွင်းက နေအိမ်တစ်ခုရဲ့ အခန်းတစ်ခန်းမှာတွေ့ရပြီး သူတို့ရဲ့နောက်မှာ ရပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တွေ့ရပါတယ်။

သူတို့ ၃ ဦး ဟာ ထိန်းသိမ်းခံရပြီး ပြင်ပ ကမ္ဘာနဲ့ အဆက်ပြတ်နေပြီး အိပ်လိုက်စားလိုက် ဖြစ်နေရတယ်လို့ ပြောကြောင်းလည်း ဒေါ်မင်းမင်းစိုးကပြောပါတယ်။

"အမေက ပန်းတော့ ပန်မထားဘူး၊ ခေါင်းစည်းကွင်းလေးနဲ့ စည်းထားတယ်၊ အရင်လို ပေါ့ပေါ့ပါးပါးလန်းလန်းဆန်းဆန်းရှိပါတယ်"လို့လည်း ဒေါ်မင်းမင်းစိုးကပြောပါတယ်။

၆၉ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့စဥ်

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ သဘာဝ ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ဥပဒေနဲ့ ၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ၁ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ နဲ့ ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေ နဲ့တရားစွဲဆို ထားခဲ့ပါတယ်။ရန်ကုန်က အမှုအတွက်ကတော့ လက်ရှိမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို လွှဲပြောင်းထားတယ်လို့ရှေ့နေတွေကပြောပါတယ်။

ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နဲ့ဒေါက်တာမျိုးအောင် တို့ ကိုရှေ့နေ စုစုပေါင်း (၆)ဦးလိုက်ပါ အမှုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကနေ့ရုံးချိန်းမှာ ဒေါက်တာမျိုးအောင်ရဲ့ရှေ့နေ ဦးသိန်းလှိုင်ထွန်း ကတော့ ဖမ်းဆီးခံခဲ့ရပါတယ်။သူကိုနိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ဖမ်းခံရတာဖြစ်တယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။

သတင်းစာဆရာကြီး ဦးဝင်းတင်စျာပန အခမ်းအနားတက်ရောက်ခဲ့စဥ်

ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့တွေလည်း ရှိခဲ့ပါတယ် ။

အဲဒီရက်တွေကတော့ အာဇာနည်နေ့အခမ်းအနားတွေ၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ရဲ့စျာပန အခမ်းအနားတို့မှာ ပန်းပန်တာ မတွေ့ရဘူးလို့လည်း ပြည်တွင်းက ဓာတ်ပုံဆရာတစ်ဦးကပြောပါတယ်။

၂၀၂၁ ခုနှစ်မေလ ၂၄ ရက်နေ့ ဟာစစ်အာဏာသိမ်းပြီး အမှု ၆ မှုနဲ့ တရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး လူကိုယ်တိုင် ရုံးထုတ်တဲ့နေ့ ဖြစ်ပါတယ်။

ထိုအတူ ဒီနေ့ဟာ သူပန်းမပန်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57234034

ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့များ  ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့များ Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.