မင်းတပ်က အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို

မင်းတပ်က အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို စစ်ကောင်စီတပ်ကြောင့် တောထဲထွက်ပြေးနေရတဲ့ မင်းတပ်မြို့က ပြည်သူတွေကို တွေ့ရစဉ် / Photo CJ

ချင်းပြည်နယ် မင်းတပ်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက် အအုံတွေကို မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ တိုက်ခိုက်သူတွေနဲ့ အရပ်သားတွေအကြား ပစ်မှတ်ခွဲခြားဖို့၊ အင်အားအလွန်အကျွံမသုံးဖို့နဲ့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အန္တရာယ်ရှိတဲ့နေရာတွေကနေ ထွက်ခွာလိုတဲ့ အရပ်သားတွေကို ခွင့်ပြုပေးဖို့နဲ့ ဘေးကင်းအောင် လုံခြုံရေး ယူပေးဖို့၊ ဒဏ်ရာရရှိသူတွေကို ဘေးကင်းလုံခြုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုရရှိတဲ့နေရာတွေကို လွှဲပြောင်း ပို့ဆောင်ဖို့ တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အကြမ်းဖက်မှုတွေကနေ ထွက်ပြေးရသူတွေ၊ နေအိမ်တွေထဲ ပိတ်မိနေသူတွေနဲ့ ထိခိုက်သူအားလုံးအတွက် ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုလုပ်ငန်းဆိုင်ရာအဖွဲ့တွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရာမှာ ပါဝင်သူတွေကို အကူအညီပေးဖို့၊ သွားလာခွင့်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မင်းတပ်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရသလို ထိခိုက်သေဆုံးတာတွေရှိနေလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂရုံးက စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။ 

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစလို့ ပစ်ခတ်မှုတွေ အရှိန်မြင့်လာရာကနေ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ထောင်ချီရှိမယ်လို့ခန့်မှန်းရပြီး သူတို့ဟာ အနီးအနားမှာရှိတဲ့ တောတောင်တွေမှာ ပုန်းခိုနေကြရတယ်လို့လည်း ကုလသမဂ္ဂရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

အကြမ်းဖက်မှုတွေကြောင့် အပြင်းအထန်ဒဏ်ရာရ၊ အသက်ဆုံးရှုံးသွားရတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး သူငယ်တွေရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ပစ်ခတ်မှုတွေမှာ အရပ်သားတွေကို လူသားဒိုင်းသဖွယ် အကာအကွယ်ယူတာနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ကုလသမဂ္ဂက စိုးရိမ်နေတယ်လို့ ပြောပါတယ်။ 

ကုလသမဂ္ဂအနေနဲ့ကတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ထုတ်ပြန်တောင်းဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ကြိုးစားနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/un-worry-situation-in-mindat-05212021082348.html

မင်းတပ်က အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို  မင်းတပ်က အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.