စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ မကြာခဏ ဝင်ဖမ်းတာကြောင့် ရွာသားတွေ တောထဲ အကြိမ်ကြိမ် တိမ်းရှောင်နေရ


သတင်း နှင့် ဓါတ်ပုံ - သံလွင်ခက်

29 May 2021 - Kachinwaves 

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို ဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ကား ၆စီးအပါအဝင် အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့လို့ ရွာသား​တွေ တောထဲထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၈၀၀နီးပါးရှိတဲ့ ကပေါင်းကျကျေးရွာတစ်ရွာလုံးနီးပါး ထွက်ပြေးကြရတာဖြစ်ပြီး မပြေးနိုင်သူတွေ၊ လေဖြတ်နေသူတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ရွာမှာ ကျန်ခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးက ပြောပါတယ်။

"ဒီညလည်း ကျနော်တို့ ဒီတောထဲမှာပဲ အိပ်ရမယ် ထင်တယ်။ ရွာပြန်ရဖို့ မသေချာဘူး။ ရွာထဲမှာ တပ်စွဲမယ်လို့ ကြားတယ်" လို့ သူက ပြောပါတယ်။

အခုတစ်ခေါက် လာဖမ်းတာက ၆ခေါက်မြောက် ဖြစ်ပြီးတေ့ာ ၅ခေါက်မြောက်မှာလည်း ရွာထဲမှာ တပ်စွဲပြီး ညအိပ်ခဲ့လို့ ရွာသားတွေ တောထဲမှာပဲ ညအိပ်ခဲ့ရတယ်လို့ သိရပါတယ်။

"စစ်ကောင်စီတပ်တွေ ပြန်သွားတဲ့အခါ ရွာထဲက စားသောက်ကုန်တွေ ကြက်၊ ဝက်၊ နွားတွေကို သတ်စားတာ၊ ဖျက်ဆီးခဲ့တာ၊ ဆန်အိတ်တွေ သယ်သွားတာ၊ မသယ်နိုင်ရင် ဖောက်ပစ်ခဲ့တယ်။ အိုးတွေ၊ ခွက်တွေ ရိုက်ခွဲခဲ့တယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွာထဲကို ခဏခဏလာနေလို့ တချို့တွေက အလွယ်တကူပြေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားကြပေမယ့် မပြင်ဆင်ထားသူတွေအတွက် တောထဲမှာ စားဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ရွာထဲမှာပဲ ရှိနေသေးပြီး ရွာထဲမှာတော့ လေဖြတ်ထားသူ အပါအဝင် အဖမ်းခံရသူ ၃ဦးရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက တောထဲအထိပါ လိုက်ဖမ်းနေတယ်လို့ သိရပါတယ်။


Kachinwaves 

https://www.facebook.com/kachinwavesnews

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ မကြာခဏ ဝင်ဖမ်းတာကြောင့် ရွာသားတွေ တောထဲ အကြိမ်ကြိမ် တိမ်းရှောင်နေရ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ မကြာခဏ ဝင်ဖမ်းတာကြောင့် ရွာသားတွေ တောထဲ အကြိမ်ကြိမ် တိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.