လက်ရှိမြန့်မာ့ ဘဏ်လုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော်နဲ့ တွေ့ဆုံမေးမြန်းချက်



Share/Bookmark

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေကနေ‌ငွေထုတ်ယူတာတွေ ကန့်သတ်လိုက်လို့ လူတွေဟာ ATM စက်တွေ ဘဏ်တွေရှေ့မှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းပြီး အကန့်အသတ်နဲ့ထုတ်နေရပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး ရွှေစျေး ဒေါ်လာစျေးတွေပါ ရိုတ်ခက်မှုတွေရှိနေပါတယ်။ အခုလိုရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်တော့ အဆင်ပြေမှာပါလဲ၊ ဘဏ်စနစ်ကို ပုံမှန်ပြန်ရအောင် ဘယ်လိုလုပ်ဖို့ရှိပါသလဲ ဆိုတာတွေကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီကခန့်အပ်ထားတဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်ကို ဘီဘီစီက မေးကြည့်တော့ သူ ကအခုလို စပြောပါတယ်။

ဖြေ။ ။ အခုဖြစ်စဥ်ဖြစ်လာတဲ့ အကြောင်းရင်းက CDM ပေါ်မှာအခြေခံတယ်၊ဝန်ထမ်းတွေရုံးပျက်တယ်၊ အဲ့ဒီအတွက်ဘဏ်အကုန်လုံးမဖွင့်နိုင်ဘူး၊မဖွင့်နိုင်တော့ ဖွင့်တဲ့ဘဏ်မှာ လူတွေ စုပြုံတိုးတယ်၊ဒါကအခြေခံပဲ။အဲ့ဒါပြီးသွားတော့ကျမှ လူတွေဘဏ် တွေမှာတိုးနေကြပါလားဆိုပြီး စိုးရိမ်တဲ့လူတွေကပါ ထပ်တိုးကြတယ်။

ထပ်တိုးတဲ့ အပေါ်နိုင်ငံရေးပယောဂပါလာပြီး မြှောက်ထိုးပင့်ကော်လုပ်ပြီးတော့ ပိုက်ဆံပေးပြီး တန်းစီတာရှိသလို မလိုအပ်ဘဲနဲ့ ငွေမထုတ်ဘဲ တန်းစီတဲ့သူတွေပါလာတယ်။အဲ့ဒါပထမအဆင့် ၊ ပြီးလည်းပြီးရော ဖေ့စ်ဘွတ်ခ်တွေမှာ ကြေညာတယ်။ အားလုံး ငွေပဲထုတ်ကြ။ ငွေတွေ ဝိုင်းထုတ်လိုက်ရင် ဒီဘဏ်တွေဒုက္ခရောက်သွားမယ်၊ ငွေတွေထုတ်ကြဆိုတဲ့ ကန်ပိန်းတွေဖြစ်သွားတယ်။ အဲ့ဒီပေါ်မှာမူတည်ပြီး လူတွေတိုးဝှေ့တဲ့ ဇာတ်လမ်းဖြစ်လာသလို ကုမ္ပဏီဆိုရင် သိန်း၂၀၀၊ တစ်ဦးချင်းဆိုရင်၂၀ ဆိုတဲ့ကိစ္စ ပေါ်လာတာဖြစ်ပါတယ်။

ဘီဘီစီ ။ ။ ဒုဥက္ကဋ္ဌ ပြောသလို CDM လုပ်တာကနေ ဒီအခြေအနေဖြစ်လာတယ်ဆိုတော့ တကယ်လို့များ ဘဏ်အားလုံး ပြန်ဖွင့်မယ်ဆိုရင်ကော ဗဟိုဘဏ်အနေနဲ့ ဘဏ်အားလုံးကိုထောက်ပံ့နိုင်တဲ့ ငွေကြေးပမာဏရှိပါသလား။

ဖြေ ။ ။ ဒါကတော့ ဗဟိုဘဏ်က ကိုယ့်ရဲ့ လိုအပ်တဲ့ငွေကြေးပမာဏာကို အချိန်အကန့်အသတ်နဲ့ပမာဏနဲ့ တွက်ချက် လုပ်ထားပြီးသားဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ပူစရာမရှိပါဘူး။ ဒါကြောင့်မို့လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာက ပြည်သူလူထုအပ်နှံငွေ ဆုံးရှုံးစရာအကြောင်းမရှိဘူးလို့ ပြောခဲ့တယ်။ ဥပဒေအကျိုးအကြောင်းအရလည်း ဘဏ်အပ်နှံငွေတွေ ဘယ်လိုအကြောင်းနဲ့မှ ဆုံးရှုံးစရာမရှိဘူး။ဒါက ဥပဒေကိုက ပြဋ္ဌာန်းထားတာ။

အဲ့လိုပဲ ဘဏ်ဆိုတဲ့သဘောက ပြဿနာတစ်ခုခု ဖန်တီးလာလို့ရှိရင်တော့ အပ်ထားတဲ့သူ တွေအကုန်လုံး ငွေထုတ်လို့မရဘူး။နိုင်ငံတကာမှာလည်း လူတစ်ရာအပ်ထားလို့ရှိရင် လူတစ်ရာလုံးက သူအပ်ထားတဲ့ငွေကို ထုတ်ပါမယ်ဆိုရင် federal reserve bank တောင်ထုတ်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဘဏ်အပ်တဲ့ငွေက အပ်သလောက်ကို ဖန်ပေါင်းချောင်ထဲထည့်သိမ်းထားပြီးတော့ မီးခံသေတ္တာထဲထည့်သိမ်းပြီးတော့မှ သူတို့လာရင် ပြန်ထုတ်ပေးဖို့ထားတဲ့ safe box မဟုတ်ဘူး။

ဘဏ်ဆိုတာ အပ်ထားတဲ့ငွေတွေကို ယူပြီးတော့ လိုတဲ့လူကို ချေးတာပဲ၊၅၀ရာခိုင်နှူန်းက ၇၀ရာခိုင်နှူန်း ကြားပမာဏကို ချေးထားတယ်။ ချေးထားတဲ့ငွေကနေ ရလာတဲ့ အတိုးနှူန်းနဲ့ ငွေလာအပ်တဲ့သူကို ပေးတဲ့အတိုးနှူန်းကြားက ရတဲ့ အမြတ်ကိုဘဏ်က အမြတ်ယူတာပါ။ ဝန်ထမ်းလစာပေးတယ်။ပြီးရင် ငွေအပ်ထားတဲ့သူတွေကိုအတိုးပေးတယ်။ ဒီလို circulation လည်ပတ်မှုနဲ့ သွားနေတာ။ ဒီဘဏ်ကို ခုနတုန်းကပြောတဲ့ ပယောဂတွေကြောင့် ငွေတွေဝိုင်းထုတ်တဲ့အခါမှာတော့ ဘဏ်တွေမှာတန်းစီရမယ်။ ကန့်သတ်ချက်တွေ လုပ်ရမယ်ဆိုတာက ထုံးစံပဲ။ အဲ့ဒါဆိုရင် တစ်နိုင်ငံလုံးက ပိုက်ဆံထုတ်မယ့် သူတွေကို တစ်ပြိုင်နက်တည်းထုတ်ပေးမလားဆိုရင် မပေးနိုင်ဘူး။ ပေးစရာအကြောင်းလည်း မရှိဘူး။ မပေးလို့လည်းရတယ်။ အဲ့ဒီအတွက် သိန်းနှစ်ရာ၊သိန်းနှစ်ဆယ်ဆိုတာတွေ လုပ်ရတယ်။ ဘဏ်တစ်ခုဆိုတာ စည်းမဲ့ကမ်းမဲ့ လုပ်လို့မရဘူး။ ဒီဘဏ်စနစ်တစ်ခုကို ပျက်စီးအောင်လို့ လုပ်တယ်လို့ ယူဆလာပြီဆိုရင် ကန့်သတ်ချက်ကို လုပ်ပိုင်ခွင့်ရှိတယ်။အဲ့ဒီအတွက် ဗဟိုဘဏ်က ကန့်သတ်တာဖြစ်ပါတယ်။

ဘီဘီစီ။ ။ဒုဥက္ကဋ္ဌပြောတဲ့သဘောက ဘဏ်တွေမှာ ပြည်သူလူထုက ‌‌ငွေအပ်တယ်ဆိုရင် အဲ့ဒီအပ်တဲ့ငွေကို သူထုတ်မယ့် အချိန်မှာ ရချင်မှရမယ်ဆိုတဲ့သဘောလား။ ဘယ်လိုမျိုးပါလဲ။

ဖြေ။ ။ ပုံမှန်အခြေအနေဆိုရင် ကိုယ်အပ်တဲ့ငွေကို ကိုယ်ကြိုက်သလောက်ထုတ်လို့ရတယ်။ အခုမေးနေတဲ့ ဘီဘီစီက လူဟာလည်း ဘဏ်မှာငွေအပ်ဖူးမှာပါ။ ဘဏ်စာရင်းရှိမှာပါ။ အဲ့တော့ ကြိုက်တဲ့ အချိန်မှာ ထုတ်လို့ရခဲ့တာချည်းပါပဲ။ မရဘူးဆိုတာမရှိပါဘူး။ ခုနပြောတဲ့သဘောက လူတစ်ရာအပ်ထားရင် တစ်ပြိုင်နက် လူတစ်ရာလုံးက အကုန် ထုတ်ရင် မရဘူးဆိုတဲ့ သဘောတရားကို ရှင်းပြတာပါ။ မြန်မာနိုင်ငံမှာ ၂၆ ဘဏ်ရှိတယ်။ ဒီလူဦးရေကလည်း ဒီအတိုင်းပဲ။စီးပွားရေးကလည်း ဒီစီးပွားရေးပဲ။ အပ်တဲ့လူက လာအပ်တယ် ထုတ်တဲ့လူက ထုတ်တယ်။တစ်ချို့ဆိုရင် တစ်ဘီလျံ၊ နှစ်ဘီလျံ ကိုယ့်ငွေကိုယ်ထုတ်တယ်။ လိုတဲ့နေရာသုံးတယ်။ ပိုတဲ့လူကပြန်အပ်တယ်။ ဒီ circulation က သူ့ဟာသူသွားနေတာ။ အခုဟာက ပယောဂပါတဲ့အချိန်မှာ အကုန်ထုတ်မယ်ဆိုပြီး ပြဿနာဖြစ်လာတာ။ ပယောဂပါတဲ့ အခုလိုအချိန်မျိုးမှာ ကိုယ်အပ်ထားတဲ့ငွေကို ခုလိုအခြေနေမျိုး ဘဏ်စနစ်ကိုမလိုအပ်ဘဲ ထိခိုက်မှုမဖြစ်အောင် ထိန်းသိမ်းရတဲ့ အခါကျရင်တော့ ဒီလိုကန့်သတ်ချက်ရှိမယ်။အဲ့ဒီကန့်သတ်ချက် မရှိတော့ဘူးဆိုတဲ့ အချိန်ကျရင်တော့ အရင်အတိုင်း ကြိုက်တဲ့အချိန်အပ် ကြိုက်တဲ့အချိန်ထုတ် ဒါဘဏ်ရဲ့သဘောတရားပဲ။ ဘဏ်ကလည်း အလကားနေရင်းနဲ့ မင်းအပ် မင်းထုတ်လုပ်တာမဟုတ်ဘူး။ တွက်ထားတယ်။ဒီလူက time deposit ထားတယ် ၃နှစ်လား ၁နှစ်လား ၂နှစ်လား တွက်ထားတယ်။ ဒီလူက ၃နှစ်နေမှ ထုတ်မှာ ဒီလူက ၂နှစ်နေမှထုတ်မှာ အဲ့ငွေကဘယ်လောက်ဆိုတာ စီမံခန့်ခွဲထားတယ်။ အဲ့ဒီစီမံခန့်ခွဲမှုကို မှုတည်ပြီးတော့မှ အမြဲတန်း မထုတ်နိုင်မဲ့ အရေအတွက်နဲ့ လာထုတ်တဲ့သူတွေအရေအတွက်ကို တွက်ပြီးမှလုပ်တဲ့အတွက်ကြောင့် လာအပ်သမျှလူတွေ ကြိုက်တဲ့အချိန်ထုတ်လို့ရတယ်။ ဒါကဘဏ်ရဲ့ သဘောတရားပဲ။

ATM စက်ရှေ့ ‌ငွေထုတ်ရန် တန်းစီနေကြစဥ်

ဘီဘီစီ ။ ။ ဒီအခြေအနေတော့ ဗဟိုဘဏ်အနေနဲ့ရှိတယ်။ ဘဏ်စည်းကမ်းအရလဲ ရှိတယ်ပေါ့။ဒါပေမဲ့ လောလောဆယ်မှာ ငွေအပ်ထားတဲ့သူတွေမှာလည်း စိုးရိမ်စိတ်တွေရှိကြတယ်။ စိုးရိမ်စိတ်တွေရှိလို့ ငွေထုတ်တဲ့ကိစ္စမှာ ကြိုးစားကြတာပေါ့။ တစ်ချို့ဘဏ်တွေဆိုရင် ဘဏ်တစ်မျိုးကို စနစ်တစ်မျိုးနဲ့ ငွေထုတ်ပေးနေတာတွေ့ရတယ်။ဥပမာ ဖုန်းဆယ်လုံးလောက်ပေးထားပြီး ဘွတ်ကင်ယူ တုံကင်တင်ပါ‌ပေါ့။ အဲ့ဆယ်လုံးကို ခေါ်လို့မရဘူး အခက်အခဲတွေဖြစ်တယ်။ တစ်ချို့ဘဏ်ကျပြန်တော့လည်း ည၁၂နာရီအချိန်မှာ အွန်လိုင်းတုံကင်ယူရတယ်။၁၂နာရီကျော်လို့ ငါးမိနစ် ဆယ်မိနစ်စွန်းရင်တောင် တုံကင်မရတော့တာမျိုးတွေဖြစ်ကုန်ကြတယ်။ အဲ့လိုအခြေအနေက လူထုကို ပုဂ္ဂလိကဘဏ်တွေအပေါ်မှာရော ဗဟိုဘဏ်တွေပေါ်မှာပါ လူထုက စိုးရိမ်စိတ်တွေတိုးပြီး ယုံကြည်မှုတွေပို မပျောက်စေဘူးလား။ အဲ့တော့ ဘဏ်တွေကို ဘယ်လိုထိန်းကျောင်းဖို့ရှိပါလဲ။

ဖြေ။ ။ မှန်ပါတယ်။ အခုပြောတဲ့အချက်တွေကို လက်ခံပါတယ်။ ပြည်သူလူထုဘက်က ဒါက အဆင်မပြေဘူး စိတ်ပူစရာဖြစ်တာပေါ့။ နံပါတ်တစ်ချက် ဗဟိုဘဏ်က အခုတာဝန်ရှိတဲ့သူတွေ ထွက်ပြောတယ်ဆိုတာက အစိုးရကိုဘက်ဂရောင်းထားပြီး ဗဟိုဘဏ်ကပြောတာက အပ်ထားတဲ့ငွေတွေ လုံးဝဆုံးရှုံးစရာမရှိဘူးဆို လုံးဝသေချာပေါက်ပြောတာပါ။ အဲ့ဒါတွေကို ပက်ဘလစ်က မယုံဘဲနဲ့ သွားထုတ်နေမယ်ဆိုရင်တော့လည်း အဲ့ဒုက္ခကို ကိုယ့်ဟာကို ခံရတဲ့သဘောလို့ ပြောရမှာပေါ့။ တကယ်လိုလို့ သွားထုတ်တဲ့လူလား သပ်သပ်လုပ်တဲ့လူလား ခွဲခြားရခက်တယ်။အဲ့တော့ CDM လုပ်တဲ့အချိန်မှာ ဘီလျံနဲ့ချီရှိတဲ့ငွေတွေကို ထုတ်ပြီး ဒီလူတွေကိုထောက်ပံ့ခဲ့တဲ့ ဖြစ်စဥ်တွေဖြစ်လာတဲ့ အတွက်ကြောင့် ဒီကိစ္စကို ဟန့်တားလိုက်ရတာလေ။ အဲ့တော့ တစ်ဦးတစ်ယောက်ချင်းတော့ ဒုက္ခရောက်မယ်။ ဘဏ်စနစ်ကြီး တစ်ခုမပျက်စီးဖို့ အတွက် လုပ်တဲ့အတွက်ကြောင့် အခုလို အခက်အခဲ ပြဿနာတွေရှိပါလိမ့်မယ်။ရှိတာကို အနည်းဆုံးလျော့ပါးအောင်လုပ်နေပြီ။ ဥပမာ အစောပိုင်းက အင်တာနက်ကွန်နက်ရှင်တွေ ပြတ်တောက်သွားတယ်။ အင်တာနက်ကွန်နက်ရှင်တွေ ကောင်းနေရင် ဘဏ်ကိုသွားစရာမလိုဘူး။ ဘွတ်ကင်ကလည်း ဖုန်းနဲ့လုပ်ရုံဘဲ။ မိုဘိုင်းဘဏ်စနစ်တွေ ရှိတယ်။ကေဘီဇက်ပေး စီဘီပေး မိုင်တဲလ် ဝေ့ဗ်မန်းနီး စသည်ဖြင့် အဲ့ဒီဟာတွေကနေ ထုတ်လို့ရနေတဲ့အချိန် အကြောင်းအမျိုးမျိုးနဲ့ အင်တာနက်ကွန်နရှင် ယာယီပြတ်တောက်သွားတယ်။ အဲ့ဒါတွေလည်း ဆက်စပ်သွားတာပေါ့။ လူထုအားလုံး ကိုပြောချင်တာက ပြတ်တောက်သွားတဲ့ Digital banking, Mobile Banking အားလုံးပြန်ရနေပြီ။ ဒါကတန်းစီရတာကို လျော့သွားအောင်လုပ်တာပါ။ အဲ့ဒါပထမအချက်။

ဒုတိယအချက်က ဘဏ်တွေရဲ့ အားနည်းချက်ရှိတာကိုလက်ခံတယ်။ဘဏ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုညံ့ဖျင်းတာလည်း သိတယ်။ ပူးပေါင်းဆောင်ရွက်မှု ညံ့ဖျင်းတဲ့ဘဏ်တွေ လိုအပ်တာမလုပ်တဲ့ ဘဏ်တွေကို မနေ့က ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘဏ်အားလုံးကို အစည်းအဝေးခေါ်ပြီး လူထုယုံကြည်လာအောင် လုပ်နေတဲ့အပေါ် service ဝန်ဆောင်မှုတွေ ဆက်သွယ်မှုတွေ ကောင်းအောင် လုပ်ဖို့ပြောနေတယ်။ ကျွန်တော်တို့ဘက်က အခက်အခဲကတော့ အခုအချိန်ထိ ဝန်ထမ်းက အပြည့်အစုံမရှိသေးဘူး။ အဲ့ဒီအပေါ်မူတည်ပြီး ရှိတဲ့ဝန်ထမ်းတွေနဲ့ လုပ်တဲ့အခါ အနည်းငယ်အခက်အခဲ ရှိတတ်ပါတယ်။ သို့သော် နဂို အခက်အခဲတွေဖြစ်တဲ့ မေးမြန်းတဲ့အချက်တွေမှာပါတဲ့ ဟာတွေကို အရင်တုန်းကအခြေအနေထက် အများကြီးလျော့ပါးအောင် အရင်တုန်းကထက် ပိုချောမွေ့အောင် လူထုယုံကြည်မှုကို ပြန်ရဖို့ တည်ဆောက် ဖို့ အတွက်လုပ်နေပါတယ်။ လုပ်တဲ့အချိန်မှာ အဓိကကတော့အပ်ထားတဲ့ငွေတွေ မဆုံးရှုံးဘူးဆိုတာ ယုံကြည်ဖို့လိုပါတယ်။ အဲ့ဒါအဓိကအချက်ပါပဲ။

မေး။ ။ ဘဏ်တွေဘက်ကပြောတယ်။ အပ်ငွေတွေရဲ့ reserve money ကို ဗဟိုဘဏ်မှာထားတယ်ပေါ့။ ဗဟိုဘဏ်က အကန့်အသတ်နဲ့ ထုတ်ပေးနေလို့ သူတို့ကလည်းအကန့်အသတ်နဲ့ ထုတ်ပေးနေရတယ်ပေါ့။ ဗဟိုဘဏ်က ၅သိန်းသတ်မှတ်ရင်တောင် သူတို့က၂သိန်းတို့ ၃သိန်းတို့ထုတ်ပေးတဲ့အနေအထားရှိတယ်။ ဆိုတော့ အခု ဒုဥက္ကဋ္ဌက ဗဟိုဘဏ်က လုံးဝအာမခံတယ်လို့ပြောနေတာဆိုတော့ အပြန်အလှန်တစ်ဖက်နဲ့တစ်ဖက် ပြောနေသလိုဖြစ်နေတော့ ဗဟိုဘဏ်က ဘဏ်တွေကို reserve moneyတွေ ပြန်ထုတ်ပေးတဲ့အခါမှာ အကန့်အသတ်နဲ့ ပြန်ထုတ်ပေးတာမျိုးရှိနေပါသလား။

ဖြေ။ ။ ထိုက်သင့်တဲ့ ကန့်သတ်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဏ်တွေက စည်းကမ်းတကျနဲ့မလုပ်ဘဲ သတ်မှတ်ချက်ကိုကျော်လွန်ပြီးတော့ ထုတ်ပေးနေတဲ့ ဘဏ်တွေရှိတယ်။ အဲ့ဒီဘဏ်တွေကို အရေးယူဖို့လုပ်နေပါတယ်။ သိန်းနှစ်ရာလောက်ပဲထုတ်နေရတဲ့ လူထုရဲ့ မျက်နှာကို မထောက်ပဲနဲ့ နှစ်ထောင် သုံးထောင်ထုတ်ပေးနေတဲ့ ဘဏ်တွေရှိတယ်။ ဒါအမှန်ပဲ။ အဲ့ဘဏ်တွေ ကျွန်တော်တို့ အခုအရေးယူဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့မှာ အဲ့ဒီ ပြဿနာပါ။ ဘဏ်တွေကိုယ်တိုင်က ကိုယ်ကျိုးစီးပွားရေးကို မကြည့်ဖို့ နိုင်ငံအကျိုးစီးပွားကိုကြည့်ဖို့ တိုက်တွန်းထားတယ်။ မနေ့ကအစည်းအဝေးက အဓိက အဲ့ဒါကိုခေါ်ပြောတာဖြစ်တယ်။ ကျွန်တော်တို့ဘက် ချို့ယွင်းချက် လိုချက်တွေဟာအခြေအနေအကြောင်းကြောင်းကြောင့် ဖြစ်တယ်ဆိုတာ လူထုကလည်း နားလည်ပေးဖို့တောင်းပန်လိုပါတယ်။ အစိုးရဘက်ကကော ဗဟိုဘဏ်ဘက်ကကော အကောင်းဆုံးဖြစ်အောင်လုပ်ပါမယ်။ တစ်ခုပြောချင်တာက ယုံကြည်မှုကိုပျက်စေတဲ့ အကြောင်းတရားတွေကို မူတည်ပြီးတော့ အဲ့လိုဝိုင်းလုပ်မှသာ ဘဏ်စနစ်တို့ ငွေရေးကြေးရေးစနစ်တို့ ပျက်စီးသွားမှာဖြစ်ပါတယ်။ ဟိုနေ့က ဖေ့စ်ဘွတ်ခ်မှာတွေ့ပါတယ်။ ကိုယ့်ငွေကိုယ်ထုတ်တာ ဘာလို့ထုတ်လို့မရရမှာလဲ။ ပြည်သူငွေထုတ်လို့ ဘဏ်ပြိုကွဲသွားမယ်။ဒါကအဓိပ္ပါယ်မရှိဘူးလို့ ပြောတယ်။ ရိုးရိုးလေးပဲ စဥ်းစားပါ။ ဘဏ်ရဲ့သဘောတရားက လူတစ်ရာငွေအပ်ထားတာ တစ်ရာလုံးကရအောင်ထုတ်ရင်တော့ အဲ့ဒီဘဏ်မှာပေးစရာမရှိရင် ပြဿနာဖြစ်မှာပဲ။

အဲတော့ မလိုအပ်ဘဲ ‌‌ငွေထုတ်တဲ့ကိစ္စက ပျက်စီးအောင်လုပ်တာပဲ။ ငါ့ပိုက်ဆံ ငါထုတ်တာပဲဆိုတဲ့ အတွေးအခေါ်အစား ဝိုင်းဝန်းဆောင်ရွက်စေချင်တာပါ။ ဒီအပေါ်မှာတော့ ခြုံပြောတာပါ။ negative အဆိုးမြင်သမားနဲ့ positive အကောင်းမြင်သမားဆိုတာရှိပါတယ်။ အခု ကျွန်တော်ပြောတာက negativeသမားကိုပြောတာပါ။ positive အခု လုပ်တာရှိတယ်။ မေလ ၃ ရက်နေ့ကစပြီး အကောင့် အပ်လာတာ ဘီလျံဆယ်ဂဏန်းပဲ။ တစ်ရက်ထဲမှာ နှစ်ဆယ် သုံးဆယ် လာအပ်လာတယ်။ ရှေ့လာမယ့်အပတ်မှာ ဝင်လာလိမ့်မယ်လို့ ထင်တယ်။ဘာကြောင့်လဲဆိုတော့ သူတို့က သိန်းနှစ်ရာကန့်သတ်ချက်နဲ့ ထုတ်မရမှာစိုးလို့ မအပ်တာ။ ဒီလူတွေကိုနားလည်အောင်ပြောရတယ်။ အဲ့အတွက် သူတို့ကို စာရင်းအသစ်ဖွင့်ပါလို့ပြောပြီး အပ်ခိုင်းတယ်။ အပ်ခိုင်းတဲ့အတွက်ကြောင့် ဘဏ်ဆိုတဲ့သဘောက ဘယ်တုန်းကမှာ သူတို့အပ်ထားတဲ့ငွေကို ဗဟိုဘဏ်ကို လာထုတ်တယ်ဆိုတာမရှိဘူး။ သူအပ်တဲ့ငွေ သူထုတ်တဲ့ငွေကို လည်ပတ်ရတာ ဘဏ်စီးပွားရေးလုပ်ငန်းရဲ့ Basic principle အခြေခံသဘောထားပဲ။ Basic Principle အောက်ပြီးတော့ သူတို့ကိုယ်တိုင်က ကြိုးစားအားထုတ်မှုမရှိဘူး။ ကိုယ့် customerမှာကို ယုံကြည်မှုမလုပ်ဘူး၊ အဲ့ဒီငွေကိုရအောင် မတောင်းခံဘူးဆိုတဲ့ အားနည်းချက်တွေ ကိုယ့်ကိုယ်ကိုယ် အားထုတ်အောင်လို့ ဗဟိုဘဏ်ကတောင်းသလောက်မပေးဘူး။အဲ့ဒါအမှန်ပဲ။နိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့ဘက် ချို့ယွင်းမှုတွေရှိပါတယ်။ ဘဏ်တွေရဲ့ ကျွန်တော်တို့ဘက်က ကြပ်မတ်မှုတွေအားနည်းပါတယ်။ ဝန်ထမ်းအားနည်းမှုလည်း ကျွန်တော်တို့ဘက်မှာရှိပါတယ်။အဲ့အတွက် ကျွန်တော်တို့ အစွမ်းကုန်လုပ်နေတယ်။ အခုတစ်ဖြည်းဖြည်းနဲ့ အများကြီး ပုံမှန်အခြေနေရောက်လာပါပြီ။ ပုံမှန်အခြေအနေကနေ very quick response နဲ့ Healthy Economy သွားဖို့ဟာ အလကားနေအိမ်ထဲထားပြီးတော့ စိတ်လည်းမချဘူး။မီးခံသေတ္တာလည်းမဆန့်ဘူး။ ကုတင်အောက်မှာ ဆာလာအိတ်နဲ့ ထည့်ထားတယ်ဆိုရင် လုံခြုံမှုလည်း ဘဏ်စနစ်ကိုလည်းကျောခိုင်းရာ ရောက်တယ်။တစ်ခုခုဖြစ်သွားရင် သူ့အတွက်လည်းမသေချာဘူး။ ကျွန်တော်က အဲ့လူတွေကို ငွေထည့်ခိုင်းတယ်။ အဲလိုငွေထည့် ဘဏ်စနစ်က သူ့ဟာသူလည်ပတ်သွားမှာပေါ့။ လိုတဲ့လူကသွားထုတ် ပိုတဲ့သူကအပ်ပေါ့။ လိုအပ်တဲ့သူကထုတ်ပြီး ပိုတဲ့သူကအပ်တဲ့ Banking circulation ဘဏ်ငွေကြေး လည်ပတ်မှု ၊ Banking Business ဘဏ်စီးပွားရေးစနစ်ကို ပြန်လည်ပတ်စေချင်လို့ အခုလိုက်ကြပ်မတ်နေတာဖြစ်ပါတယ်။

ဘီဘီစီ ။ ။ CDM ကြောင့် ငွေတွေကို ဗဟိုဘဏ်က ကန့်သတ်တယ်ဆိုတာခုနတုန်းက ပြောသွားတာရှိတယ်။ CDM တွေကို ထောက်ပံ့တယ်လို့ ဗဟိုဘဏ်အနေနဲ့ ယူဆလို့ အဲလိုကန့်သတ်မှုတွေလုပ်တာလား။

ဖြေ။ ။ ယူဆတာမဟုတ်ဘူး။ အခြေခံအချက်အလက်တွေ၊အရေးယူဆောင်ရွက်မှုတွေနဲ့ ဘဏ်တွေမှာထုတ်သွားတဲ့ ငွေပမာဏကိုကြည့်ပြီးတော့ ကန့်သတ်တာဖြစ်ပါတယ်။ဗဟိုဘဏ်အနေနဲ့ ထင်ကြေးနဲ့လုပ်တာ မဟုတ်ပါဘူး။နိုင်ငံတော်အဆင့် အဖွဲ့အစည်းဖြစ်တာကြောင့် အချက်အလက် ကိန်းဂဏန်း ဒေတာတွေနဲ့ လုပ်တာဖြစ်ပါတယ်။ ဘယ်ဘဏ်တစ်ခုနေ့တိုင်း ဘယ်လောက်ထုတ်တယ်ဆိုတာ Daily Report ရှိတယ်။ Daily Reportအရ Financial Sector ကို အနှောင့်အယှက်အဟန့်အတားဖြစ်မယ့် အခြေအနေမျိုးဖန်တီးလို့ ကန့်သတ်တာဖြစ်ပါတယ်။

မေး။ ။ ပထမပိုင်းကတော့ CDM လုပ်တဲ့အတွက် CDM ကနေတစ်ဆင့် ဘဏ်တွေကနေ ပိတ်တယ်။ ပိတ်တော့ ငွေကြေးအပေါ်မယုံကြည်မှုကနေ ဒီလိုပြဿနာမျိုးဖြစ်လာတယ်ပေါ့နော်။ ATM တွေကို ကော အရင်လိုငွေတွေဖြည့်ပေးရင် မရဘူးလား။

ဖြေ။ ။ ATM ကို ဖြည့်ပေးလို့လည်း တန်းစီထုတ်တဲ့လူတွေ ရှိတာပေါ့။

ဘီဘီစီ။ ။ အရင်တုန်းကဆို ကျွန်မလက်ထဲမှာ ငွေငါးထောင်ထဲရှိတယ် ဆိုရင်တောင် ပြေးပြီးသွားမထုတ်ဘူး။ လမ်းကြုံမှထုတ်မယ်ပေါ့။ အဲ့လောက်ထိဘဏ်တွေကို လူထုကယုံကြည်ခဲ့သလို ကျွန်မတို့ကိုယ်တိုင်လည်း ယုံကြည်ခဲ့တယ်။ ကြိုက်တဲ့ ATM ကို ကြိုက်တဲ့အကြိမ်ထုတ်လို့ရတယ်ဆိုတဲ့ အခြေအနေကနေ အခုတော့ဒီATM မှာ ဘဲပိုက်ဆံရမယ် ဟို ATM မှာ မရတော့ဘူးဆိုတာမျိုး သိန်းရှစ်ရာထည့်တဲ့စက်ကို သိန်းသုံးရာပဲထည့်တော့တယ်ဆိုတာမျိုးတွေ လူထုကလဲ ကြားတယ်။သူတို့ကိုယ်တိုင်က လူထုကို ကြေငြာတယ်ဆိုတော့ ဘဏ်ပေါ်မှာမယုံကြည်တာကနေ ဗဟိုဘဏ်ထိသက်ရောက်သွားပြီ။ ATM တွေမှာ ငွေတွေကို ပြန်ထည့်ဖို့နဲ့ လည်ပတ်မှု ပုံမှန်ပြန်ဖြစ်ဖို့ကိုလည်း ဘယ်လိုလုပ်ဖို့ရှိပါသလဲ။

ဖြေ။ ။ အဲ့ဒါအတွက်လည်း စီစဥ်ဆောင်ရွက်နေပါတယ်။ ATM စက်တန်းစီရတာနဲ့ ဘဏ်တန်းစီရတာတူတူပါပဲ။ တန်းစီတဲ့အခါမှာ နေရာလုပြီး နေရာရောင်းပြီး တန်းစီတာတွေရှိပါတယ်။ နောက်တစ်ခါ အလီလီပေါ့နော် ကဒ်တွေအားလုံးကို တစ်ယောက်တစ်လှည့် ထုတ်မယ်ဆိုပြီးတော့ ခုနပြောတဲ့ မလိုဘဲနဲ့ ATM ထုတ်လို့မရအောင် အနှောင့်အယှက်တွေရှိပါတယ်။ မည်သို့ပင်ဆိုစေ ခုနမေးတဲ့ မေးခွန်းအပေါ်မှာ အဆင်ပြေအောင်ဆောင်ရွက်ဖို့ စီစဥ်ထားပါတယ်။

ဘီဘီစီ။ ။ ကျွန်မဆက်ပြီးမေးချင်တာက ငွေကြေးက ဘဏ်တွေကသာ ငွေထုတ်လို့မရတာ။ ပြင်ပစျေးကွက်မှာတော့ ငွေတစ်သိန်း ဘယ်လောက်ရာခိုင်နှူန်း၊။ အရင်တုန်းကဆို ၄ရာခိုင်နှူန်း၊အခုဆို၅ရာခိုင်နှူန်းကနေ ၆.၅ထိတောင်ဖြစ်လာတယ်။ လူထုကငွေကို အသည်းအသန်လိုချင်တော့ လိုက်လဲနေတဲ့အခါမှာ ဒီလိုစျေးကွက်ကြီးက ဖြစ်လာတဲ့ အခါကျတော့ အဲ့ဒီစျေးကွက်ကို ထိန်းချုပ်ပြီး ဘဏ်စနစ်ကိုပိုကောင်းလာအောင်လုပ်ဖို့ ဗဟိုဘဏ်မှာဘယ်လို အစီအစဥ်တွေရှိပါသလဲ။

ဖြေ။ ။ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဒီလူတွေကို အရေးယူဖို့လုပ်နေပါတယ်။ စာရင်းလည်းကျွန်တော်တို့မှာရှိနေပါတယ်။ သို့သော် တိုင်းပြည်တစ်ခုမှာ စနစ်တစ်ခု ကူးပြောင်းတဲ့အခါမှာ လူထုက မလိုအပ်တဲ့ပယောဂတွေကြောင့် အစိုးရပေါ်မှာ နည်းပေါင်းစုံနဲ့ တိုက်ခိုက်မှုတွေလုပ်တယ်။ မီဒီယာတွေမှာလည်း အစိုးရကို ဝန်ထမ်းတွေကို လုပ်နေတဲ့အချိန်မှာလည်း မလိုအပ်ဘဲ ပြည်သူလူထုကို အရေးယူတဲ့ အစီမစဥ်မလုပ်ချင်လို့ ဒီကိစ္စတွေကိုလွှတ်ထားပြီး သာမန်သတိပေးနေတာဖြစ်ပါတယ်။ သာမန်သတိပေးနေရာကနေပြီး အခုတော့ ဒါကိုအလေးမမှုတဲ့အတွက်ကြောင့် ကျွန်တော်တို့ အရေးယူပါမယ်။ ရှေ့အပတ်ထဲက စမယ်။ ကျွန်တော့်တို့မှာ စာရင်းရှိပြီးသားပါ။ လက်ဝယ်မှာ ငွေသားတွေအများကြီး ပိုက်ထားပြီးတော့ လုပ်နေတဲ့သူတွေဟာ ဒါလုပ်နေတဲ့သူတွေပဲ။သူ့တို့ ရင်ဆိုင်ရမယ့်အမှုက ကြီးပါတယ်။ ဥပဒေနဲ့ မညီဘဲနဲ့ ဒီငွေကို ရာခိုင်နှူန်းနဲ့ ရောင်းစားတာတစ်မှု၊ ဘဏ်စနစ်ကို ယုံကြည်ပျက်ယွင်းအောင်လုပ်ပြီး နိုင်ငံတော်စီးပွားရေးကို ထိခိုက်ပျက်စီးအောင် လုပ်တဲ့အမှု၊အမှု တော်တော်ကြီးပါတယ်။တစ်ချို့ကလည်း ကြီးမှန်းမသိဘူး။ ကျွန်တော့်မှာရှိတဲ့ သိန်းတစ်သောင်းကို သွားအပ်မယ်။ အပ်ရင် အရင်ကန့်သတ်ချက်အရ တစ်ခါထုတ်ရင် သိန်း နှစ်ရာပဲ ထုတ်လို့ရပါတယ်။အဲ့တော့ သူကမအပ်ဘဲ သိမ်းထားမိတယ်။သိမ်းထားမိတော့ နောက်တစ်ယောက်က ပိုက်ဆံလိုတယ် သူကပဲ နှစ်ရာပဲ ထုတ်လို့ရတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အကူအညီတောင်းတော့ ငါ့အကောင့်ထဲကို တစ်ထောင်ထည့်လိုက်ပါ။အပြင်မှာ သူ့ကိုသိန်းတစ်ထောင်ပေးလိုက်တယ်။ ဒါပေမဲ့ နောက်တစ်ဆင့်တက်လာတာကတော့ ရာခိုင်နှူန်းပေးပါဖြစ်သွားတာ။ အဲ့ဒါကို ကျွန်တော်ကနားလည်တယ်။ ကျွန်တော်တို့ဘက်က သိန်းနှစ်ရာခန့် သတ်ချက်ပေါ်မူတည်ပြီး သူဖြစ်သွားတာဆိုပြီးတော့ ဒါကိုကျွန်တော်တို့က အ‌ရေးမယူသေးဘူး။ အခုကျွန်တော်တို့က စာရင်းသစ်ဖွင့်ခွင့်ပေးလိုက်ပြီ။ ကျွန်တော်တို့ပိုက်ဆံအများကြီး သွားထည့်ပြီး နှစ်ရာပဲရမှာမို့လို့ ဒီလိုအိမ်မှာသိမ်းပြီးလုပ်လိုက်တာပါဆိုတဲ့ complain ကို လုံးဝလက်မခံဘူး။ အိမ်မှာ အထုပ်အထည်လိုက်ထားတာနဲ့ကိုပဲ နိုင်ငံတော်စီးပွားရေးတည်ငြီမ်မှုကို ပျက်စီးအောင်လုပ်တဲ့ အမှုနဲ့ညှိပြီ။ အဲ့ဒါကြောင့် အခုအကောင့်သစ် ၃ရက်နေ့က ဖွင့်ပေးလိုက်ပြီ။အကောင့်ဟောင်းထဲမှာလည်း ထည့်လို့ရတယ်။ ချက်ခြင်းမလုပ်ဘူး။ တစ်ပတ်စောင့်တယ်။အခုမေးတဲ့ မေးခွန်းနဲ့ အတော်ပါပဲ လာမယ့်သီတင်းပတ်ထဲမှာ ငွေတွေလာအပ်ကြမယ်လို့ ယုံကြည်မျှော်လင့် တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နဲ့တူတူ ပူးပေါင်းမယ်လို့ ယုံကြည်လို့။ မပူးပေါင်းရင် ဥပဒေအရ အရေးယူခံရမယ်။

ဘီဘီစီ။ ။အရေးယူဖို့ဆိုပေမဲ့လည်း လူထုကလဲ လတ်တလော ကိုယ့်လက်ထဲ ငွေရောက်ဖို့အရေးကြီးနေတဲ့ကိစ္စတွေရှိနေတဲ့အတွက် ပြေလည်အောင်လုပ်ဖို့ အရေးယူတာတင်မဟုတ်ဘဲ ဘဏ်စနစ်ကို ကောင်းအောင်လုပ်ပေးဖို့ အ‌ရေးကြီးတယ်လို့ ထင်တယ်။

ဖြေ။ ။ စနစ်ကိုလဲ ကောင်းအောင်လုပ်မယ်။ တစ်ချိန်တည်းမှာလဲ အရေးယူမှုကိုလဲ တူတူလုပ်မှာ။ ရှေ့မှာမေးတဲ့ မေးခွန်းတွေမှာ ဗဟိုဘဏ်ဘာလုပ်နေလဲဆိုတာတွေမေးတာရှိတော့ တစ်ချို့ကိစ္စတွေက ကိုယ့်ကိစ္စကိုယ်လုပ်နေတယ်။ လုပ်နေတဲ့အပိုင်းတွေမှာ လူထုဝင်ဆောင်မှုအခက်အခဲတွေ ပြေလည်အောင်၊ ATM တွေမှာ ငွေမပြတ်အောင်လုပ်နေတယ်။ အဲ့ဒီအချိန် မှာ ငွေမလိုဘဲနဲ့ ATM တွေမှာ တန်းစီနေတဲ့သူတွေ ပျောက်အောင်၊ ဘဏ်စနစ် ပုံမှန်လုပ်ငန်းစဥ်အရ ဘဏ်ကိုအပ်ရမယ့်ဟာကို မအပ်ဘဲနဲ့ ကိုယ့်လက်ထဲမှာထားပြီး စီးပွားရေးလုပ်တဲ့သူ‌တွေ ပပျောက်အောင် အားလုံး တစ်ပြိုင်နက်တည်းလုပ်မှာပါ။ တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီလုပ်သွားမှာပါ။

ဘီဘီစီ။ ။ အကောင့်သစ်ဖွင့်တဲ့ ကိစ္စပေါ့နော်။အကောင့်သစ်ဖွင့်ရင် အတိုးနှုန်းပိုပေးပြီး ဆွဲဆောင်တာတွေလည်းရှိတယ်။အဲဒီအချိန်မှာ လူထုက တစ်ဖက်ကနေပြန်စဥ်းစားတာကဗဟိုဘဏ်မှာငွေကြေးလုံလောက်မှုမရှိလို့ တစ်ဖက်ကနေ အကောင့်အသစ်တွေဖွင့်ပြီး ‌‌ငွေတွေပြန်အပ်အောင်လုပ်တာလားဆိုတဲ့ ဒွိဟဖြစ်မှုတွေဖြစ်လာပြန်တယ်။ အဲ့ဒီပေါ်မှာရော အာမခံချက်တွေဘယ်လိုပေးနိုင်လဲ။ အာမခံချက်နိုင်မယ့် အချက်တွေကဘာတွေလဲ။ ဘာအစီအစဥ်တွေလုပ်ထားလဲ။

ဖြေ။ ။ အာမခံဆိုတာ သက်ဆိုင်ရာဘဏ်တွေက ဗဟိုဘဏ်ကိုလွှဲချချင်ရင် သူတို့ပိုက်ဆံတွေဗဟိုဘဏ်မှာရှိတယ်ပြောတယ်။ အဲ့ဒီအတွက်ပြည်သူလူထုက ငွေအပ်ထားတာကို သူများကိုပြန်ချေးတာရှိတယ်။ ပြန်ချေးထားတဲ့ ပိုင်ဆိုင်မှုတွေ အက်ဆက်တွေကလည်းလက်ထဲမှာရှိတယ်။ ငွေတွေ ပစ္စည်းတွေကရှိပြီးသား။ ဘဏ်တွေရဲ့ တာဝန်က ဥပဒေမှာကိုက အပ်နှံထားတဲ့သူတွေကို ပြန်လည်ပေးအပ်ရမယ်ဆိုတာ ဥပဒေမှာရှိပြီးသား။ ဥပဒေအရ ဘဏ်တွေ Balance ကဗဟိုဘဏ်မှာရှိတယ်။ အဲ့ဒီ Balance အရဘဏ်တွေက တစ်ဖက်ကိုထုတ်ချေးထားတယ်။ အဲ့ဒီလူတွေပေးထားတဲ့ အက်ဆက်တွေ အာမခံတွေအရကောငွေတွေရော ပစ္စည်းတွေပါရှိတဲ့အတွက် ဘာမှဆုံးရှုံးစရာမရှိဘူး။ သို့သော် စီးပွား‌‌ရေး စနစ်တစ်ခုတိုက်ခိုက်တာမျိုးဖြစ်လာရင်တော့ ကိုယ့်ငွေကိုယ်ပြန်ထုတ်ဖို့ တစ်လုံးတစ်ခဲတည်းမရနိုင်ဘူး။ အလီလီဖြစ်သွားနိုင်တယ်။ သူတို့စိုးရိမ်သလို ဘဏ်စနစ်ကြီးတစ်ခုခုဖြစ်သွားခဲ့ရင်ပေါ့။ ဖြစ်သွားခဲ့ရင် မဆုံးဆုံးဘူး။ အလီလီပဲပြန်ရမယ်။ တစ်လနဲ့ရမယ့်ဟာကို ၆လကြာရင်ကြာသွားနိုင်တယ်။ ဘဏ်ရဲ့သဘောသဘာဝ စနစ်ကိုကွပ်ကဲတဲ့ ဗဟိုဘဏ်က ဘဏ်အပ်ထားတဲ့ငွေတွေဆုံးရှုံးစရာမရှိဘူးလို့ ပြောတာကြောင့် အလကားနေရင် ဆုံးရှုံးသွားစရာအကြောင်းမရှိဘူး။နားမလည်တဲ့သူတွေက မျိုးစုံဝေဖန်တယ်။သမိုင်းကိုပြန်ကြည့်လိုက် အာရှဓနဘဏ်တို့ ဘာတို့ပျက်တယ်။ ဘဏ်တွေ ရုပ်သိမ်းလိုက်တယ်။ အမှုဖြစ်တယ် ဘဏ်တွေ ပိတ်သွားတယ်။ ဆုံရှုံးသွားတဲ့လူ‌ ဘယ်သူရှိလဲ။ ကိုယ့်ငွေ အရစ်ကျပြန်ရတာလွဲလို့ ဆုံးရှုံးသွားတာမရှိဘူး။ အဲ့လို ဘဏ်ပျက်သွားလောက်အောင် ဆိုးစရာမရှိဘူးလို့ပြောတာ။ ဘဏ်ကလည်း ပျက်စရာရှိဘူး။

ဘီဘီစီ။ ။အခုဆို ဒေါ်လာလဲလှယ်နှုန်းက အရမ်းမြင့်တက်နေပြီးတော့ မြန်မာကျပ်ငွေတန်ဖိုးကျနေတယ်။ပြီးတော့‌ရွှေစျေးက စံချိန်တင်မြင့်တက်နေပြီး လောင်စာဆီးစျေးနှုန်းတွေကမြင့်တက်နေတယ်ဆိုတော့။ ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကို ဘယ်လိုထိန်းချုပ်ဖို့ရှိပါသလဲ။

ဒေါ်လာစျေးတက်နေတယ်ဆိုတာမှာ လူတွေအော်နေတာ နှစ်ပိုင်းရှိတယ်။ ဒေါ်လာစျေးတက်နေတာ inflation မဆိုင်ဘူး။ အီကော်နော်မီနဲ့လည်း indirect တစ်ဆင့်ပတ်သက်တယ်။တိုက်ရိုက်မပတ်သက်ဘူး။ အခုတက်နေတဲ့စျေးက ရွက်စိမ်းလို့ ခေါ်တဲ့ cash ငွေသားစျေး ပေါ့။ အရွက်စျေးဖြစ်ပါတယ်၊ တစ်ထောင့်ခြောက်ရာ ဖြစ်သွားတာ။ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ အင်ပို့ အိတ်စ်ပိုလုပ်နေတဲ့ စျေးက ၁၅၆၀ ပဲရှိပါတယ်။သွင်းကုန် ထုတ်ကုန်လုပ်နေတဲ့စျေးက အရင်ပုံစံအတိုင်း အရမ်းတက်တာ မရှိပါဘူး။ဒီ မေးခွန်းလေးကိုဖြေရတာကောင်းပါတယ်။ဘာလို့လဲဆိုတော့ ခုနပြောတဲ့သူတွေက ငွေမအပ်ဘဲ ဒေါ်လာတွေဝယ်တယ်။ ကိုယ့်ငွေကိုယ်အပ်ထားပြီး ပြမရမှာစိုးလို့ အိမ်မှာ သိမ်းတယ်။ဒေါ်လာသိမ်းရတာနဲ့ ကျပ်သိမ်းရတာ ဒေါ်လာသိမ်းရတယ်လွယ်တယ်ဆိုပြီး ဒေါ်လာတွေဝယ်တယ်။ဝယ်လိုအားများ‌တော့ စျေးတက်တာပေါ့။နိုင်ငံမှာ ယူအက်စ်ဒေါ်လာ တစ်သောင်းအထိပဲ ကိုင်ခွင့်ရှိတယ်။ နိုင်ငံခြားသုံးငွေစီမံဥပဒေအရ အရေးယူတဲ့ထဲပါသွားဦးမှာ။ ကျွန်တော်တို့ အဲ့ဒါတွေမလုပ်ဘူး။ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ကြဖို့ပဲပြောနေတာ။ကျွန်တော်တို့က ဒေါ်လာရောင်းပေးတယ်။ တစ်ခါ‌ရောင်းရင် ဒေါ်လာ ၆ သန်း ၁၀ သန်းစသည်ဖြင့်။ အခုစျေးတက်နေတဲ့ အမေရိကန်ဒေါ်လာက cashပါ။ ကျွန်တော်တို့ ကုန်သွယ်ရေးလုပ်နေတဲ့ အကောင့်ထရန်စဖာနဲ့ ဟွန်ဒီတို့နဲ့ လုပ်နေတဲ့စျေး ၁၅၆၀ ပါ။

ဘီဘီစီ ။ ။လိုအပ်ချက်အရ ငွေတွေထုတ်ရိုက်နေတယ်ဆိုပြီး ပြောကြတဲ့ အပေါ်မှာရော ဗဟိုဘဏ်အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ ဗဟိုဘဏ်ဆိုတာတော့ ငွေကို ရိုက်ချင်သလို ရိုက်နေတာမဟုတ်ဘူး။တွက်ချက်ပြီးတော့မှ GDP နဲ့ ပါတွက်ချက်လုပ်တာပါ။ တွက်ချက်တဲ့ဌာနတွေရှိတယ်။အဲ့ဒီကနေပြီး ကိုယ့်ရဲ့ အင်ဖလေးရှင်းက ဘယ်လောက်ရှိတယ်။ လည်ပတ်ငွေကဘယ်လောက်ရှိတယ်။ ဒါတွေပေါ်မူတည်ပြီးတော့ပဲ ရိုက်တာ ရှိပါတယ်။ လက်ရှိအခြေအနေမှာ သပ်သပ်ငွေရိုက်ထုတ်တာ မရှိပါဘူး။ပုံမှန် ရိုက်နေတဲ့အတိုင်းပဲ လုပ်နေတယ်။ တကယ်လို့ ပုံမှန်ရိုက်ထုတ်တဲ့အတိုင်း‌‌ငွေတွေ ပိုရိုက်ထုတ်မယ်ဆိုရင် ဘဏ်တွေမှာ ငွေလာအပ်ဖို့ မလိုအပ်ဘဲ ထုတ်ဖို့ဆိုတာကို ပြောစရာမရှိဘူး။ ဆေးမြီးတိုနဲ့ကုသလို ရိုက်ထုတ်တဲ့စနစ်ကို မလုပ်ချင်လို့ ဒီအီကော်နော်မီထဲ လည်ပတ်နေပြီးသား စီအိုင်စီ ငွေတွေကို ဘဏ်ထဲကိုပြန်လာစေချင်တာ။ ကျွန်တော်တို့ အဓိကလုပ်နေတာ အဲ့ဒါပါ။ ရိုက်ထုတ်လိုက်ရင်ပြီးတာပဲလို့ ပြောလို့လွယ်ပေမဲ့ လိုအပ်ရင်လုပ်မှာပေါ့။ မလိုအပ်လို့ မလုပ်သေးဘူးလေ။ကျွန်တော်ပြောတဲ့ စကားလေးတစ်ခုရှိတယ်။ ဘဏ်က ၂၆ဘဏ်ပဲရှိတာ လူဦးရေကလည်း ဒီအတိုင်းပဲ ပြောင်းမသွားဘူး နိုင်ငံကလည်း ဒီနိုင်ငံပဲ။ အဲ့ဒါကြောင့် ပယောဂကြောင့် ငွေတွေက အပြင်ကိုရောက်ပြီး ဘဏ်ထဲကို မရောက်တာအတွက် ဘဏ်တွေရောက်ဖို့ တွန်းအားပေးတာကို ဗဟိုဘဏ်မှာ‌ ပိုက်ဆံမရှိဘူးလို့ မက်ဆေ့ချ်ပေးတာကိုက အီကော်နော်မီ ပျက်စီးဖို့ တွန်းအားပေးတဲ့လုပ်ရပ်လို့ သုံးသပ်ပါတယ်။

ဘီဘီစီ။ ။ခုနဖြေသွားတာတွေထဲမှာ ဗဟိုဘဏ်ရဲ့လုပ်ငန်းစဥ်တွေ ဘဏ်တွေကိုထိန်းချုပ်မယ့် အကြောင်းတွေ တော်တော်ပြည့်ပြည့်စုံစုံ ပါပါတယ်။ဒါတွေက ဖေဖော်ဝါရီ ၁ ရက် နေ့ကမှ စဖြစ်လာတဲ့ကိစ္စတွေ ဆိုတော့ လက်ရှိနိုင်ငံရေးအခြေအနေပေါ်မှာ မယုံကြည်မှုတွေကနေ ဘဏ်စနစ်ကို ထိခိုက်တယ်လို့ သုံးသပ်ကြ တာရှိပါတယ်။ ဘဏ်စနစ်နဲ့ နိုင်ငံရေးအခြေအနေပေါ်မှာရော ဘယ်လိုသုံးသပ်ပြောကြားချင်ပါသလဲ။

ဖြေ။ ။ ဘယ်အစိုးရတက်တက် ဘဏ်စနစ်က healthy ဖြစ်နေဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ပြည်သူက ဒီပြည်သူပဲ။ ပြည်သူရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတက်လာမယ်။ သူမကြိုက်တဲ့အစိုးရတက်လာတာရှိမယ်။ အဲ့ဒါကအစိုးရက နိုင်ငံရေး။ ဘယ်အစိုးရတက်တက် ဘဏ်စနစ်အားကောင်းပြီး လူတွေက ဘဏ်တွေကိုယုံကြည်နေမှ။ ဘယ်အစိုးရတက်တက် တက်တဲ့အစိုးရ ဘဏ်စနစ်ကိုအားကောင်းအောင်လုပ်မှာပဲ။ ဘဏ်စနစ် အားကောင်းတောင့်တင်းမှ တိုင်းပြည်ကတိုးတက်မှာ။တိုင်းပြည်တိုးတက်မှ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေခံပြေလည်မှာ။ အဲ့ဒီတော့ တိုက်ခိုက်တာသည် အစိုးရကို တိုက်ခိုက်ရင်းနဲ့ ပြည်သူလူထုရဲ့စားဝတ်နေ‌ရေးဘဝကိုပါ တိုက်ခိုက်သလိုဖြစ်သွားတယ်။ ဒါကတော့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ ကွဲပြားစေချင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57064909



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ