မန္တလေး-မြစ်ကြီးနားလမ်း ဟိုပင်မြို့ထွက်တံတား မိုင်းခွဲတိုက်ခိုက်ခံရ

မန္တလေး မြစ်ကြီးနားလမ်း ဟိုပင်မြို့ထွက်တံတား မိုင်းခွဲတိုက်ခိုက်ခံရ (ဓါတ်ပုံ CJ)

ကချင်ပြည်နယ် ဟိုပင်မြို့အထွက် ဝက်ကုန်းတံတား ဒီနေ့ မိုင်းခွဲအတိုက်ခိုက်ခံရတာကြောင့် ကုန်တင်ကားကြီးတွေတော့ ဖြတ်သွားလို့ မရတော့ပါဘူး။ လောလောဆည် မီးရထား အသွားအလာလည်း ရပ်ဆိုင်းနေတာဖြစ်တဲ့အတွက် မြစ်ကြီးနားနဲ့ ကချင်ပြည်အထက်ပိုင်းမှာ ကုန်စည်စီးဆင်းမှု ခက်ခဲပြီး ကုန်စျေးနှုန်း မြင့်တက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဟိုပင်မြို့အထွက် ဝက်ကုန်းတံတားဟာ မန္တလေး- မြစ်ကြီးနားကားလမ်းပေါ်မှာ ရှိတာဖြစ်ပြီး မြို့အတွက် သွားရေး လာရေး အရေးကြီးတဲ့ တံတားတခုဖြစ်ပါတယ်။ တနင်္လာနေ့ ည၈နာရီ လောက်က ဒီတံတား မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် တံတားတဘက်ခြမ်းဟာ လုံးဝပျက်ဆီးသွားခဲ့တာပါ။ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ဖြတ်သန်းသွားလာလို့ မရအောင်ပျက်ဆီးသွားခဲ့ကြောင်း ဟိုပင်ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ဝက်ကုန်းတံတား။ ဒီက မြစ်ကြီးနားဘက် ထွက်တဲ့တံတား။ ပျက်စီးတာတော့ သုံးလို့တောင် မရတော့ဘူး။ အသွားအလာတွေပါ အကုန်ပိတ်သွားတာ။ ကားကြီးတွေကတော့ သွားဖို့ ခက်သွားပြီပေါ့။ ၂၂ဘီးတို့၊ ၁၆ဘီးတို့ဆိုတာတော့ သွားဖို့ လမ်းမရှိဘူးပေါ့။ ကားသေးတွေကတော့ နန့်ရင်းဘက်က သရက်ချောင်းကို ကူးဖို့ လုပ်ထားတာရှိတယ်။ သစ်သားတံတားပေါ့။ ကားသေးကတော့ အဲလို ကွင်းလာတယ်။”

တံတားမိုင်းခွဲတိုက်ခိုက်မှုမှာ မိုင်းထောင်သူလို့ ယူဆရသူတစ်ဦးဟာ ပေါက်ကွဲမှုအတွင်း ခန္ဓာကိုယ်တစ်စစီဖြစ် သေဆုံးခဲ့ကြောင်းနဲ့ ငါးရှာသွားသူတစ်ယောက်လည်း တံတားအကူးမှာ ဆိုင်ကယ်ထိုးကျ သေဆုံးခဲ့ကြောင်း ကြားသိရပေမဲ့ သေချာ မသိရကြောင်းလည်း ဟိုပင်ဒေသခံက ဆက်ပြောပါတယ်။

ဟိုပင်မြို့အရှေ့ နန့်ရင်းရွာဘက်ကသွားတဲ့ ကွင်းလမ်းကတော့ မြေလမ်းဖြစ်တာကြောင့် မိုးတွင်းမှာ သွားရေးလာရေးအတွက် အခက်အခဲ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့ ညပိုင်းမှာ ဟိုပင်မြို့နဲ့ ကြာကွင်းကြီးကျေးရွာအကြားရှိ တဝက်ချောင်းကို ဖြတ်ကူးတဲ့ ကားလမ်းနဲ့ ရထားလမ်းလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ရပါတယ်။

အဲဒီတုန်းက ကားလမ်းက ဆိုးဆိုးဝါးဝါး မထိခိုက်တာကြောင့် ကားတွေ ပုံမှန် သွားလာနိုင်ပြီး ရထားလမ်းကတော့ အတော်လေး ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ မန္တလေး- မြစ်ကြီးနားရထားတွေ ရပ်ဆိုင်းနေတာကြောင့် ဒေသခံတွေအတွက် ထူးထူးခြားခြား သက်ရောက်မှုမရှိခဲ့ပါဘူး။

အခုတော့ လမ်းပန်းဆက်သွယ်ရေးအတွက် အားကိုးနေရတဲ့ ဟိုပင်မြို့က ဝက်ကုန်းတံတားပေါ် ကုန်တင်ယာဉ်အကြီးတွေ ဖြတ်သန်း မရတော့ဘူးဆိုရင်တော့ မြစ်ကြီးနားနဲ့ ကချင်ပြည်နယ်အထက်ပိုင်းကို ကုန်စည်ပို့ဆောင်ဖို့ ခက်ခဲပြီး စျေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်ရကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက သုံးသပ်ပါတယ်။

“အခုကတော့ ရထားလမ်းလည်း မပေါက်ဘူး။ ကားလမ်းနဲ့ပဲ သွားနေတယ်ဆိုတော့ ကုန်ကားတွေကလည်း အဲဒီကားလမ်းအတိုင်းပဲ တက်လာတာလေ။ အဲတော့ ဒီတံတားတွေ မရှိတော့ဘူးဆိုတော့ ကုန်ကားတွေကတော့ တက်ဖို့တော့ အခက်အခဲတော့ ဖြစ်သွားတာပေါ့။ ကားသေးတွေ ခရီးသွားတာတွေကတော့ သွားလို့ ရတယ်ဆိုပေမဲ့လည်း ကုန်ကားကြီးတွေက သွားလို့ မရဘူးဆိုတော့ ကုန်စျေးနှုန်းတွေလည်း ကမောက်ကမ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တော့ ရှိတာပေါ့လေ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကချင်ပြည်နယ် ရွှေကူမြို့ကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ သင်္ဘောတွေမှာ တပ်ရိက္ခာတွေ သယ်ဆောင်တယ်ဆိုပြီး KIA က ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့က စစ်ကောင်စီနဲ့ ကချင်လက်နက်ကိုင် KIA အကြား ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့တဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောဘက်မှာတော့ ဒီနေ့မှာ အနည်းငယ်ငြိမ်သက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်သံတချို့ကြားရပေမဲ့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းလည်း ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းက စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်နှိပ်နင်းတဲ့နောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာပါ။

လက်ရှိအခြေအနေမှာ ကချင်ပြည်နယ်အတွင်း ဆန္ဒပြတာတွေ၊ ဗုံးပေါက်ကွဲတာတွေ ဆက်ရှိနေသလို ပစ်ခတ်နှိပ်နင်းတာ၊ ဖမ်းဆီးတာတွေလည်းရှိနေပါတယ်။ စစ်တပ်နဲ့ KIA အကြား တိုက်ပွဲတွေလည်း ကချင်ပြည်နယ်မှာသာမက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အထိကျယ်ပြန့်လာနေပါတယ်။ 


 ငြိမ်းချမ်း/ VOA Burmese

https://burmese.voanews.com/a/mandalay-myitkyina-motor-road-bridge-bomb-explosion/5903746.html

မန္တလေး-မြစ်ကြီးနားလမ်း ဟိုပင်မြို့ထွက်တံတား မိုင်းခွဲတိုက်ခိုက်ခံရ မန္တလေး-မြစ်ကြီးနားလမ်း ဟိုပင်မြို့ထွက်တံတား မိုင်းခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 23:52 Rating: 5

No comments:

Powered by Blogger.