စစ်အာဏာသိမ်းဆန့်ကျင်မှု ကန့်ကွက်ဆန္ဒပြပွဲများ နိုင်ငံတဝန်း ပုံစံစုံပြုလုပ်

ရွှေပြည်သာမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ။ (မေလ ၁၊ ၂၀၂၁။ ဓာတ်ပုံ - CJ)

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေဒေးနေ့မှာလည်း မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ဘက်မှာ ဆန္ဒပြသူတွေ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်က မြို့နယ်တွေမှာ ပြောက်ကျားသပိတ် ဆန္ဒပြပွဲတွေ ရှိခဲ့သလို မန္တလေး၊ မုံရွာ၊ ကလေး၊ ညောင်ဦး၊ ဖားကန့်၊ မြိုင် စတဲ့ နိုင်ငံတဝန်းက မြို့အသီးသီးမှာလည်း ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွဲဖို့ ကြိုးစားတာတွေ ရှိပေမယ့်လည်း ဆန္ဒပြသူတွေက ထိပ်တိုက်မတွေ့အောင် ရှောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီကြားထဲမှာပဲ စစ်တပ်နဲ့ ရဲက ပစ်ခတ်တာ၊ နေ့ဘက်ရော ညဘက်တွေမှာပါ ဖမ်းဆီးတာတွေ လုပ်နေဆဲပါ။

ဧပြီလ ၃၀ ရက်နေ့ထိဆိုရင် အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် နိုင်ငံတဝန်းမှာ သေဆုံးသူ ၇၅၉ ယောက်ရှိပြီဖြစ်သလို ၃,၄၈၅ ယောက် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ AAPP ကထုတ်ပြန်တဲ့ သေဆုံးသူ အရေအတွက်အပေါ် ငြင်းချက်ထုတ်ပြီး ၂၄၀ လောက်ပဲရှိတယ်လို့ ဆိုထားပါတယ်။

ရန်ကုန်၊ ရန်ကင်းမြို့နယ်ဘက်မှာ ဒီကနေ့ ပေါက်ကွဲသံ ၃ ကြိမ်ထက်မနည်း ကြားရတယ်လို့ မြို့ခံတွေက ပြောသလို အင်းစိန်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေ ဘက်မှာလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပေါက်ကွဲတဲ့ အကြောင်းရင်းတွေကိုတော့ အတိအကျ မသိရသေးပါဘူး။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-anti-coup-protests/5874327.html

စစ်အာဏာသိမ်းဆန့်ကျင်မှု ကန့်ကွက်ဆန္ဒပြပွဲများ နိုင်ငံတဝန်း ပုံစံစုံပြုလုပ် စစ်အာဏာသိမ်းဆန့်ကျင်မှု ကန့်ကွက်ဆန္ဒပြပွဲများ နိုင်ငံတဝန်း ပုံစံစုံပြုလုပ် Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.