ဆန္ဒပြသူတွေကိုနှိမ်နင်းမှု ရန်ကုန်ဒေသခံတွေ လုံခြုံမှုမဲ့

ရန်ကုန် စစ်အာဏာသိမ်း ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ ( မေ၊ ၂ ၊ ၂ဝ၂၁)

စစ်အာဏာသိမ်းအုပ်ချုပ်နေတာ ၃ လကျော်ပြီဖြစ်ပေမဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်တွေအပေါ် ဇွဲမလျော့ ဆက်လက် ဆန့်ကျင်နေကြပါတယ်။ တပ်တွေဖက်ကလည်း ပြည်သူတွေ ဆန္ဒထုတ်ဖော်တာကို တားဆီးနိုင်ဖို့ ဆက်လက်ဖိနှိပ်နေပါတယ်။ အိမ်စီးကားတွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဖို့ ကြိုးစားတာ၊ သံပုံးတီးတဲ့မြို့နယ်တချို့က လမ်းပေါ်ရပ်ထားတဲ့ ကားတွေ တပ်ဖွဲ့ဝင်တွေ၊ မှန်ခွဲဖျက်စီးတာတွေလုပ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် တင်ပြပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာ အခုဆို ၃ လနဲ့ ၃ ရက်ရှိပါပြီ။ စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေသူတွေကတော့ အန္တရာယ်ကြားကပဲ ရတဲ့နည်းသုံးပြီး ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းအနီးတဝိုက်မှာ နစက စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရေးသားထားတဲ စာတန်းတွေကို ကိုင်ဆောင်၊ ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြသူတချို့ လမ်းမတွေပေါ်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့တဖက်ကမ်း တွံတေးမြို့နယ်မှာလည်း အာဏာရှင်ဆန့်ကျင်ရေး စာသားတွေပါတဲ့ စာရွက်တွေကို ဓာတ်တိုင်တွေမှာလိုက်ကပ်တဲ့ သပိတ်ကို လုပ်ခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒပြနေသူတွေကို နှိမ်နှင်းနိုင်ဖို့အတွက် စစ်တပ်နဲ့ ရဲတွေဖက်ကလည်း ကြိုးစားနေပါတယ်။ တွံတေးမြို့မှာဆို တပ်ကဆိုတာ မသိရနိုင်အောင် အိမ်စီးကားတွေသုံး ကင်းလှည့်နေကြတယ်လို့ မြို့ခံကပြောပါတယ်။

“ဒီနေ့ကတော့ ဓာတ်တိုင်တွေမှာ စာရွက်လိုက်ကပ်တဲ့သပိတ်တခုတော့ လုပ်လိုက်တယ်။ ပြီးတော့ ဒီနေ့ လှိုင်သာယာအနီးဝန်းကျင်က မနေးထိန်ကုန်းဘက်မှာ အဲဒီက ဆန်စက်ရှိတဲ့အိမ်တွေကို ဒီကောင်တွေဝင်တယ်။ ဝင်ပြီးတော့ အိတ် ၂၀ - ၃၀ အဲလိုမျိုး မသွားတယ်။ ပြီးတော့ မနေ့က သပိတ်စစ်ကြောင်းမှာ အဖမ်းခံလိုက်ရတဲ့ ၃ယောက်ကို အင်းစိန်ကိုပို့လိုက်တယ် ပြောတယ်။ မြို့ထဲမှာဆို အရင်က ကင်းပတ်ရင် ရဲကား၊ စစ်ကားတွေနဲ့ ပတ်ကြတယ်။ အခုက ရဲကား၊ စစ်ကားနဲ့ မဟုတ်တော့ဘူး၊ ဆိုင်ကယ်တွေလည်းပါတယ်။ ပြီးတော့ အခုနောက်ပိုင်းမှာဆို Alphard ကား အဖြူရောင်ကိုမှ အရှေ့ကနံပါတ်ပြားနဲ့ အနောက်ကနံပါတ်ပြားမှာ Mask တပ်ပြီးတော့ အဲလိုပတ်နေကြတယ်။”

ခုလိုလမ်းပေါ်မှာ လုံခြုံရေးတင်းကြပ်နေတဲ့အပြင် အိမ်ထဲကနေ ဆန္ဒထုတ်ဖော်သူတွေကို အနိုင်ကျင့်တဲ့လုပ်ရပ်တွေကိုလည်း တပ်တွေဖက်က လုပ်နေပါတယ်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ထဲက ၄၆ လမ်းနဲ့ ၄၇ လမ်း၊ ပုဇွန်တောင်မြို့နယ်ထဲက ရေကျော်ဖက်မှာ ည ၈ နာရီ သံပုံးတီးလို့ဆိုပြီး စစ်တပ်က လမ်းတွေပေါ် ရပ်ထားတဲ့ ကားတော်တော်များများရဲ့ မှန်တွေကို ရိုက်ခွဲဖျက်စီးသွားတဲ့အပြင် ကားမှန်တွေပေါ်မှာလည်း ဆဲဆိုတဲ့စာသားတွေကို ရေးသွားတယ်လို့ သူ့ရဲ့ကားဖျက်စီးခံရသူတယောက်က VOA ကိုပြောပြပါတယ်။

“ပထမတခါတုန်းက သံပုံးတီးနေကြတုန်း အိမ်တွေကို လေးခွနဲ့လိုက်ပစ်တယ်၊ အုတ်နီခဲ ထက်ပိုင်းကျိုးတွေနဲ့ ထုတယ်။ လမ်းလျှောက်ပြီးတော့ လာထုလိုက်၊ လေးခွနဲ့ပစ်လိုက်နဲ့ ထွက်သွားရော ... စစ်သား ၄ - ၅ ယောက်ရှိမှာပေါ့။ ကျနော့အိမ်က မှန်တချပ်လည်း ကွဲသွားသေးတယ်။ နောက်တခေါက်ကျတော့ ဒီအတိုင်းထပ်လာကြတာ ... ဘယ်သူမှ ဘာမှလုပ်တယ်လည်း မရှိဘူး။ ကျနော်ကလည်း အိမ်မှာရှိတဲ့ မှန်ကွဲစတွေကို လိုက်သိမ်းနေတုန်း နောက်တခေါက်ရောက်လာကြတာပဲ။ ရောက်လာပြီးတော့ အိမ်ရှေ့မှာတပ်ထားတဲ့ လမ်းအပိုင် CCTV Camera ရှိတယ်။ အဲဒါကို တုတ်ချောင်းနဲ့ အပေါ်ကိုတွန်းတင်ပြီးတော့ Direction ကိုလွဲအောင်လုပ်တယ်။ ပြီးတော့ သံချောင်းတချောင်း ... သံချောင်းထိပ်မှာ ဘိလပ်မြေလို ဘုလုံးကြီးပါတယ်။ အဲဒါတွေနဲ့ ကားမှန်တွေကို လိုက်ရိုက်တော့တာ။ လိုက်ရိုက်တော့ ကျနော့ကားက ရှေ့မှန်ကွဲသွားတယ်။ ရှေ့က နောက်ထပ်ရပ်ထားတဲ့ ကားအဖြူလေးတစီးက ရှေ့မှန်ကွဲသွားတယ်။ Swift တစီးက ရှေ့မှန်ရော နောက်မှန်ရော ကွဲသွားတယ်။ အခုက ဘယ်သွားတိုင်ရမလဲ။ ရပ်ကွက်လူကြီးတွေက စုပြီးတော့ ရဲသွားတိုင်မယ်တဲ့။ ဘယ်နားသွားတိုင်လို့ရမှာလဲ ရဲက ... အဝေးကြီးပဲ။”

စစ်အာဏာသိမ်း အုပ်ချုပ်မှု အချိန်ကြာလာလေ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံရေး မရှိလေဖြစ်နေတယ်လို့ ရန်ကုန်မြို့အပြင် ဒေသစုံက ပြည်သူတွေက ပြောနေကြပါတယ်။ 


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/police-and-soldiers-who-wear-civilian-dress-destory-cars-roadside/5875958.html

ဆန္ဒပြသူတွေကိုနှိမ်နင်းမှု ရန်ကုန်ဒေသခံတွေ လုံခြုံမှုမဲ့ ဆန္ဒပြသူတွေကိုနှိမ်နင်းမှု ရန်ကုန်ဒေသခံတွေ လုံခြုံမှုမဲ့ Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.