ကင်းပုန်းချစောင့်ကြည့်မှုများကြောင့် ဆန္ဒပြရန် ခက်ခဲလာ

မေလ ၁၉ ရက်နေ့ ကလေးမြို့ရပ်ကွက်အားလုံး စုပေါင်းသပိတ်စစ်ကြောင်းမြင်ကွင်း။ (ဓာတ်ပုံ - CJ - မေ ၁၉၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော် စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြပြီး ဒီကနေ့မှာလည်း သပိတ်ပုံစံအမျိုးမျိုး ဆက်ရှိနေသလို ဆန္ဒပြဖို့ လူစုနေချိန်မှာ စစ်ကောင်စီတပ်က လာရောက်ဖြိုခွဲပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာပဲ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ က စစ်ကောင်စီခန့်အပ်ထားတဲ့ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်း ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေက ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ပြီး သေဆုံးသူ ဦးကျော်ဇင်မင်း နေထိုင်ရာ ဒေါနလမ်းသွယ် (၁)က ဆိုင်ကယ်၊ ကားရေးဆေးဆိုင်မှာ လာရောက် ပစ်သတ်သွားတယ်လို့ ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်တဲ့ အခါကျတော့ သေနတ်အတိုနဲ့ပဲ ကျနော်တို့ ပစ္စတိုသေနတ်နဲ့ပေါ့နော်။ ပစ်ခတ်သွားပြီးတော့ ဆိုင်ကယ်နဲ့ပဲ ပြန်ပြီးတော့ ထွက်ပြေးသွားကြတယ်။ အဲ့ဒီမှာ ဦးကျော်ဇင်မင်းဆိုတာက စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး။ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျည်ပေါ့... ကျည် ၉ တောင့် မှန်တယ်လို့တော့ ကျနော်တို့ကြားတယ်။ဒဏ်ရာကတော့ တော်တော်များတယ်။ ၉ ချက်လောက်မှန်တယ်လို့တော့ ပြောတယ်။ လောလောဆယ် ဒီအဲ့ဒီနေရာတွေကို အခုပစ်ခတ်သွားတဲ့နေရာကို ယာယီ အသွားလာကန့်သတ်လိုက်တယ်။”

စစ်ကောင်စီက ခန့်အပ်ထားတဲ့ သေဆုံးသူ ဦးကျော်ဇင်မင်းဟာ ဒုတိယတပ်ရင်းမှူးအဆင့်နဲ့ စစ်တပ်ကနေ အငြိမ်းစားယူထားသူလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်တုန်းက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာရှိတဲ့ ထိုင်းနယ်စပ် စစ်ဆေးရေးဂိတ်၊ ကြံ့ခိုင်ရေးပါတီရုံးနဲ့ ရပ်ကွက် ၃ က ကြံ့ခိုင်ရေးပါတီဝင် နေအိမ်မှာ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဆိုင်ကယ်နဲ့ လာရောက်ပြီး လက်လုပ်ဗုံး ပစ်ခွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

ပြည်မြို့က ပြည်ခိုင်ဖြိုးရုံး၊ စည်ပင်ရုံးနဲ့ တရားရုံးတို့ အနီးမှာ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ကျေးရွာက အုပ်ချုပ်ရေးမှူးနှင့် သူ့ရဲ့ သမီးနဲ့ မြေးတို့ မေ ၁၈ ရက် မနေ့ညက အသတ်ခံရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ပုသိမ်မြို့က ကိုဗစ်လူနာတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုသူနေအောင် အပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးသွားပါတယ်။

ရန်ကုန်မှာ ရပ်ကွက်အလိုက် လုပ်ကြတဲ့ သပိတ်စစ်ကြောင်း အသေးလေးတွေကတော့ ရပ်ကွက်တချို့မှာ ရှိကြပေမဲ့ အဖမ်းအဆီးများတာအပြင် ကင်းပုန်းတွေ ချပြီး စောင့်ကြည့်မှုတွေ ရှိနေတဲ့အတွက် ပင်မသပိတ်စစ်ကြောင်းကြီးတွေ ဒီနေ့လည်း မထွက်နိုင်သေးဘူးလို့ သပိတ်စစ်ကြောင်းကို ဦးဆောင်နေသူ တစ်ဦးက ပြောပါတယ်။

“ဒီနေ့တော့ ကျနော်တို့ ဘာမှ မလုပ်ဖြစ်သေးဘူးခင်ဗျ။ ဘာလို့လည်းဆိုတော့ ကျနော်တို့ အခြေအနေက အရမ်းကြပ်နေတာလည်း ပါတယ်ဗျ။ အဲ့ဒီလိုမျိုး ကိစ္စလေးတွေကြောင့် ပင်မသပိတ်စစ်ကြောင်းတွေကတော့ မထွက်ဖြစ်ဘူးဗျ။ ကျနော်တို့ကို ကြည့်ဖို့ သူတို့ အရပ်ဝတ်တွေနဲ့ချထားတာမျိုးတွေ ရှိတယ်ဗျာ။ ပြီးတော့ လမ်းဆုံမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေလို နေရာမျိုးတွေမှာ အရပ်ဝတ်တွေနဲ့ ကင်းချထားတော့ တော်ရုံတန်ရုံ ကျနော်တို့ ပြောက်ကျားတောင် သွားဖို့ အဆင်မပြေတာမျိုးဖြစ်နေတာပေါ့ဗျ။”

သာကေတမြို့နယ်ထဲက ဆန္ဒပြသပိတ်ကိုတော့ လူစုနေတုန်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့လို့ အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦးဖမ်းဆီးခံပါတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာ လှိုင်မြို့နယ်မှာ ကြက်ခြေနီ လူနာတင်ကားတစီးလည်း ရပ်ထားစဉ်မှာ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

မန္တလေးမှာတော့ ဒီကနေ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ(တကသ) နဲ့ မြို့လူထု ပူးပေါင်းပြီး ‘လမ်းဘေးလက်ဖက်ရည်ဆိုင်မှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်သို့ တော်လှန်ချီတက်ကြပါစို့’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လက်ဖက်ရည်ဆိုင်သပိတ်ကို လုပ်ခဲ့ကြပါတယ်။ ဒီကနေ့ မနက်အစောပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်မှာ တပ်ပေါင်းစုသပိတ် ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“မနက်ပိုင်းကတော့ ကျနော်တို့ ချမ်းမြသာစည်မြို့နယ်မှာ တပ်ပေါင်းစုသပိတ်ဗျ။ ချမ်းမြသာစည်မြို့နယ် ၄၆ လမ်းပေါ့နော်။ မနက် အရုဏ်ဦးသပိတ်ပေါ့၊ တပ်ပေါင်းစု၊ ချမ်းမြသာစည် တကသပါမယ်၊ နောက်ပြီးတော့ ပညာရေးပါမယ်။ တမ္ပဝတ္တီစစ်ကြောင်း၊ စိန်ပန်းစစ်ကြောင်း၊ ဘုရားကြီးစစ်ကြောင်း အဲ့ဒီလိုပေါ့... မန္တလေးမြို့က ပေါင်းလို့ရတဲ့ စစ်ကြောင်းတွေ ပေါင်းပြီးလုပ်တဲ့ တပ်ပေါင်းစု သပိတ်ပေါ့။”

အင်အား ၂၀၀ လောက်ပါတဲ့ မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်းက ဒီကနေ့မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တာမရှိဘဲ အောင်အောင်မြင်မြင် လူစုခွဲနိုင်ခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲနေတဲ့ကြားကပဲ လျှပ်တပြက် ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ မူဆယ်က လူငယ်တွေ ဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု သပိတ်တွေကို စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်မတွေ့အောင် လှုပ်ရှားနေတယ်လို့ Generation Z လူငယ်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ နေ့တိုင်း သပိတ်စစ်ကြောင်းက ထွက်တယ်ခင်ဗျ။ ပြောမယ်ဆိုရင် ကျနော်တို့ အချက်အခြာကျတဲ့ လမ်းမကြီးဘက်ကိုတော့ ကျနော်တို့ မထွက်တော့ဘူးခင်ဗျ၊ ဘာလို့လဲဆိုတော့ သူတို့နဲ့ ထိပ်တိုက်တွေ့မှာကြောက်လို့လေ။ ကျနော်တို့ အဲ့ဒီလိုမျိုးပေါ့နော် ရပ်ကွက်တွေထဲကိုပေါ့။ အဲ့လိုမျိုးရှောင်လို့ တိမ်းလို့ကောင်းမယ့်နေရာမျိုးကိုပဲ... ကျနော်တို့က နေရာယူလိုက်တယ်ခင်ဗျ။ အဲ့ဒီလိုမျိုးပဲ... ကျနော်တို့ သပိတ်စစ်ကြောင်းကို စီစဉ်လိုက်တယ်ခင်ဗျ။ သူတို့လည်း ပုံမှန်ရှိတယ်ခင်ဗျ။ သူတို့လည်း ပုံမှန်ကင်းလှည့်နေတာ ဘာညာရှိတယ်ခင်ဗျ။ အခုဆေးရုံတို့ ပြီးရင် ကျနော်တို့ နည်းနည်းအချက်အချာကျတဲ့ လမ်းပေါ်တွေပိုင်းမှာ သူတို့စစ်တယ်ခင်ဗျ။ ဖုန်းတွေ စစ်တယ် အဲဒီလိုမျိုးတွေလေ...။ ဆိုင်ကယ်တွေဘာတွေ စစ်တယ်ခင်ဗျ။”

မြန်မာနိုင်ငံအတွင်း တချို့နေရာတွေမှာ လူအင်အားအများအပြားနဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ နည်းသွားပေမဲ့ ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်၊ ကျောင်းမတက်ရေး လှုပ်ရှားမှုနဲ့ သပိတ်မျိုးစုံကို ပုံစံမျိုးစုံနဲ့ဆင်နွှဲနေကြပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest/5896331.html

ကင်းပုန်းချစောင့်ကြည့်မှုများကြောင့် ဆန္ဒပြရန် ခက်ခဲလာ ကင်းပုန်းချစောင့်ကြည့်မှုများကြောင့် ဆန္ဒပြရန် ခက်ခဲလာ Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.