ဆရာ၊ ဆရာမ တစ်သိန်းခွဲနီးပါး အလုပ်ကနေ ရပ်ဆိုင်းခံခဲ့ရ


ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရ ဆန့်ကျင်ရေး နဲ့ အမိန့်မနာခံမှု CDM မှာ ပါဝင်နေတဲ့ ဆရာ၊ ဆရာမ ပေါင်း တစ်သိန်းခွဲနီးပါးဟာ စစ်ကောင်စီရဲ့ အလုပ်ကနေ ရပ်ဆိုင်းမှုခံခဲ့ရတယ်လို့ ဆရာများသမဂ္ဂက ပြောကြောင်း ရိုက်တာ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

ကျောင်းတွေပြန်ဖွင့်တော့မယ့် အချိန်နီးကပ်လာချိန်မှာ အခုလို ယာယီ ရပ်ဆိုင်းခဲ့တာဖြစ်သလို၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆရာတွေနဲ့ ကျောင်းသားမိဘတွေကလည်း သားသမီးတွေကို ကျောင်းအပ်နှံရေး မလုပ်ဘဲ ဆန့်ကျင်နေတဲ့ အချိန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက် စနေနေ့ အထိ အလုပ်ကနေ ယာယီရပ်ဆိုင်း ခံရတဲ့ ဆရာ/ဆရာမ စုစုပေါင်း ၁၂၅၉၀၀ ဦးရှိတယ်လို့ ဆရာများ သမဂ္ဂ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပါတယ်။ သူက သူ့ရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားခြင်းတော့ မရှိပါဘူး။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းမိန့် ထုတ်ခံထားရတဲ့ အတွက် နာမည်ကို ထုတ်မပြောတာလို့ဆိုပါတယ်။

မြန်မာ နိုင်ငံမှာ ဆရာ အရေအတွက် စုစုပေါင်း ၄သိန်း၃သောင်း ရှိတယ်လို့ လွန်ခဲ့တဲ့ ၂ နှစ်က ကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်က အလုပ်ရပ်ဆိုင်းတဲ့ ကြေညာချက်တွေဟာ ဆရာတွေ လုပ်ငန်းခွင် ပြန်ဝင်လာစေဖို့ ရည်ရွယ်ပြီး ခြိမ်းခြောက်ထုတ်ပြန်တာလို့ ဆရာများ သမဂ္ဂ တာဝန်ရှိသူက ဆိုပါတယ်။ "သူတို့သာ အမှန်တကယ် အလုပ်ထုတ်လိုက်မယ် ဆိုရင် ပညာရေး စနစ်က ပြိုလဲသွားမှာ" လို့ သူက ပြောပါတယ်။

ဆရာများ သမဂ္ဂ ရဲ့ တာဝန်ရှိသူဟာ ကျောင်းအုပ် ဆရာ တစ်ဦးလည်းဖြစ်ပါတယ်။ တကယ်လို့ သူသာ လုပ်ငန်းခွင် ပြန်ဝင်မယ်ဆိုရင် ဖမ်းဆီးဖို့ အမိန့်ချထားတာတွေကိုလည်း ပယ်ဖျက်ပေး မယ်လို့ ပြောကြောင်း သူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ စစ်ကောင်စီ ဆန့်ကျင်ရေး ပညာရေးဝန်ထမ်းများဆန္ဒပြပွဲ

ဒီအကြောင်းနဲ့ပတ်သက်လို့ စစ်ကောင်စီ ရဲ့ ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်မေးမြန်း ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာမှာတော့ ဆရာတွေ လုပ်ငန်းခွင် ပြန်ဝင်ပြီး ပညာရေး စနစ်ကို ပြန်လည် စတင်ဖို့ ဆော်သြထားတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မှာ ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ အစိုးရ ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ကုမ္မဏီ လုပ်ငန်းက ဝန်ထမ်းတွေဟာ Civil disobedience Movement မှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

တက္ကသိုလ်ပေါင်းစုံက ဝန်ထမ်း ၁၉၅၀၀ ဟာလည်း စစ်ကောင်စီရဲ့ အလုပ်ယာယီ ရပ်ဆိုင်းမှုကို ခံခဲ့ရတယ်လို့ ဆရာများ သမဂ္ဂက ပြောပါတယ်။

အခုဆိုရင် ကျောင်းပြန်ဖွင့်နိုင်ဖို့ အတွက် ကျောင်းအပ်လက်ခံမှုတွေလုပ်နေပါပြီ။ ဒါပေမယ့် တချို့မိဘတွေကတော့ သားသမီးတွေကို ကျောင်းအပ်ဖို့ စိတ်ကူး ရှိပုံမရပါဘူး။

"စစ်အာဏာရှင်ရဲ့ လက်အောက်မှာ ကျွန်တော့်သမီးကို ကျောင်းမထားဘူး။ သူ့အတွက် လုံခြုံရေးကိုလည်း စိုးရိမ်တယ်" လို့ အသက် ၄၂ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကျောင်းသား မိဘ တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းမှု စတင်ကတည်းက ဆန့်ကျင်ရေးလှုပ်ရှားမှု သပိတ်တွေမှာ ရှေ့တန်းက ဦးဆောင် ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေကလည်း ကျောင်းဖွင့်တဲ့ အခါမှာ လုပ်မယ့် စာသင်တန်းတွေကို သပိတ်မှောက်ဖို့ စီစဥ်ထားတယ်လို့ ဆိုပါတယ်။

"ဒီမိုကရေစီ ရမှ ကျောင်းကို ပြန်သွားမယ်" လို့ ၁၈နှစ် အရွယ် တက္ကသိုလ် ကျောင်းသူ မလွင်(အမည်လွှဲ) က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ဟာ အရှေ့တောင် အာရှ ဒေသတွင်းမှာ အဆင့်နိမ့်ကျမှု နဲ့ ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့ နှစ်က ထုတ်ပြန်တဲ့ စာရင်းကောက်ယူမှုမှာ ကမ္ဘာ့ အဆင့် ၉၃ နိုင်ငံတွေထဲက အဆင့် ၉၂ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ ပါတီက တိုင်းပြည်တာဝန်ကို ရယူထားချိန်မှာလည်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကိုသာ ပညာရေး ကဏ္ဍမှာ ပြန်လည် သုံးစွဲခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ဒါဟာ ကမ္ဘာမှာ အနည်းဆုံး ပညာရေး ဘတ်ဂျက် ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ ကို ဆန့်ကျင်ပြီး ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကတော့ ကျောင်းသားတွေနဲ့ ဆရာတွေကို ကူညီနိုင်ဖို့ အတွက် တတ်နိုင်သမျှ လုပ်ဆောင် သွားမယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။ နိုင်ငံရပ်ခြား အလှူရှင်တွေ အနေနဲ့လည်း စစ်ကောင်စီ ရဲ့ ပညာရေး ဝန်ကြီးဌာနကို ငွေကြေးထောက်ပံ့မှု တွေ ရပ်ဆိုင်းဖို့ NUG က တိုက်တွန်းပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်တဲ့ ပညာရေး ကဏ္ဍက ကျွမ်းကျင်သူတွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ NUG အစိုးရ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ ဆာဆာက ပြောပါတယ်။

"ရဲရင့်တဲ့ ဆရာတွေ ဆရာမ တွေရဲ့ လုပ်ရပ်ကို နောက်ချန်ထားဖို့ မရှိပါဘူး။" လို့ ဒေါက်တာ ဆာဆာ က ပြောကြားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-57239830

ဆရာ၊ ဆရာမ တစ်သိန်းခွဲနီးပါး အလုပ်ကနေ ရပ်ဆိုင်းခံခဲ့ရ  ဆရာ၊ ဆရာမ တစ်သိန်းခွဲနီးပါး အလုပ်ကနေ ရပ်ဆိုင်းခံခဲ့ရ Reviewed by THITHTOOLWIN on 23:57 Rating: 5

No comments:

Powered by Blogger.