စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ဆန္ဒပြမှုကန့်ကွက်မှုများ

ကလေးမြို့ရှိ ရပ်ကွက်တခုမှာ တွေ့ရတဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း မြင်ကွင်း။ (မေ ၁၁၊ ၂၀၂၁)

စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀ ပြည့်တဲ့ဒီနေ့မှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အရင်ရက်တွေကထက် ပိုတိုးလာပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ပါဝင်သူတွေ အရင်ရက်တွေကနည်း ပိုများခဲ့ပေမဲ့ အဖမ်းအဆီး မရှိခဲ့ပါဘူး။ ထားဝယ်မြို့မှာတော့ ဆန္ဒပြမယ့်လူငယ် ၁၄ ဦး အဖမ်းခံရပါတယ်။ ရက် ၁၀၀ အတင်းတပ်တွေ ပစ်ခတ်လို့ သေဆုံးခဲ့သူတွေအတွက် ကလေးမြို့မှာ ဆုတောင်းပွဲတွေ လုပ်ခဲ့ပါတယ်။ ခုလို စစ်အာဏာသိမ်းမှု ရက် ၁၀၀ ပြည့်တဲ့နေ့ နိုင်ငံတဝန်းက ဆန္ဒပြအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် ကတင်ပြပါမယ်။

စစ်တပ်က အာဏာသိမ်းထားတာ ရက် ၁၀၀ ပြည်တဲ့ဒီနေ့မှာ ရန်ကုန်မြို့ထဲက မြို့နယ်တော်တော်များများမှာ လူငယ်တွေ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ သာကေတ ၊ တောင်ဒဂုံမြို့ နယ်တွေမှာလုပ်ခဲ့ကြတဲ့ လ ျှပ်တပြက်သပိတ်တွေမှာ လူငယ် ရာနဲ့ချီ စုပေါင်းပါဝင်ခဲ့ကြတာပါ။ 'အာဏာရှင် စစ်ကောင်စီ ဘာရလိုက်သလဲ'၊ 'ရန်ကို ကုန်အောင်ရှင်းမယ့် ရန်ကုန်သား' စတဲ့ စာသားတွေ ကိုင်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မြန်ဆန်ဆန် လူစုဆန္ဒပြပြီး အချိန်တိုအတွင်းမှာပဲ လူစုခွဲခဲ့ကြတဲ့ ရန်ကုန်က ဆန္ဒပြပွဲတွေမှာ အဖမ်းအဆီးတော့ မရှိခဲ့ပါဘူး။ ဆန္ဒပြသူတွေရဲ့ လုံခြုံရေး အခြေအနေကြောင့် ဒီ ရက် ၁၀၀ ပြည့် ဆန္ဒပြပွဲအတွက် ကြိုတင် နှိုးဆော်တိုက်တွန်းတာတွေ မလုပ်နိုင်ပေမယ့် ဒီကနေ့ ဆန္ဒပြပွဲက လူပိုများပြီး အောင်အောင်မြင်မြင်လူစုခွဲနိုင်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက VOA ကို ပြောပါတယ်။

“ဒီနေ့ကတော့ ရန်ကုန်က သပိတ်တော်တော်များများ ထွက်ကြတယ်ဗျ။ ကြည့်မြင်တိုင်ကမ်းနားလမ်းမှာ ကျနော်တို့ ထွက်တယ်။ ပြီးတော့ သာကေတမှာထွက်တယ်။ ကြည့်မြင်တိုင်ကမ်းနားကတော့ လူပေါင်း ၃၀၀ လောက်ရှိတယ်။ ဒီဘက်က သာကေတမှာတော့ လူပေါင်း ၁၅၀၊ ၂၀၀ လောက်ရှိတယ်။ နှစ်ခုလုံးကတော့ ပျောက်ကြားသပိတ်ပါပဲ။ ရက် ၁၀၀ ပြည့်နဲ့ ပတ်သက်ပြီးတော့ အာဏာသိမ်းပြီး ရက် ၁၀၀ မှာ အာဏာသိမ်း စစ်ကောင်စီက ဘာရလိုက်လဲ၊ ဘာမှမရလိုက်ဘူး၊ အဲ့ဒီလိုဟာတွေနဲ့ ပြကြတယ်။ ဘာတွေလဲ ရန်ကုန်သားတွေပြတယ်။ ပြီးတော့ ရန်ကိုကုန်အောင်ရှင်းမယ့် ရန်ကုန်သားတွေ သပိတ်ပြတယ်။ ဟိုပြီးခဲ့တဲ့ ရက်လောက်ကနေ ဒါကိုတော့ ရက် ၁၀၀ ပြည့်ပြီ ဒါကိုလုပ်မယ်ဆိုတာမျိုးတော့ နှိုးဆော်မထားဘူးပေါ့နော်။ အဲ့ဒီလိုမျိုး နှိုးဆော်လိုက်ရင် ဒီဘက်မှာ သပိတ်က ဒီ အခြေအနေမှာ လုပ်ရကိုင်ရခက်တယ်။ အဲ့ဒါကြောင့် နှိုးဆော်မထားဘူး။ ဒါပေမဲ့ သပိတ်ထဲမှာ ရက် ၁၀၀ ပြည့်တဲ့အနေနဲ့ ခု ရက် ၁၀၀ ပြည့်ပြီ ငါတို့ ဆက်ပြီးတော့ တော်လှန်ကြမယ်၊ စစ်အစိုးရက ရက် ၁၀၀ ပြည့်တဲ့ထိ ဘာရလိုက်သလဲဆိုတာမျိုးနဲ့ လုပ်ကြပါတယ်ဗျ။”

ရန်ကုန်က ဆန္ဒပြသူတွေ အဖမ်းအဆီးလွတ်ခဲ့ပေမဲ့ တနသာင်္ရီတိုင်း ထားဝယ်မြို့မှာတော့ လူငယ် ၁၄ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ မနက်ပိုင်းက ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ စစ်တပ်က အိမ်စီးကားတွေနဲ့ ရောက်လာပြီး ရာဘာကျည်ရော၊ ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ဖြိုခွဲခဲ့စဉ် မိန်းကလေးတစ်ဦး ရာဘာကျည်ထိမှန်ခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီး ၈ ဦး အပါအဝင် လူငယ် ၁၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အဲ့ဒီ ဖြိုခွဲမှုကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဆန္ဒပြလူငယ်တစ်ဦးက ဗွီအိုအေကို ပြောပြပါတယ်။

“သူတို့က သပိတ်စစ်ကြောင်းအတည်ပြုတဲ့ နေရာကို ရောက်တာနဲ့ ရောက်ချင်း ပစ်ခတ်မှုတွေ လုပ်တာပဲ ပစ်ခတ်တဲ့ခါမှာ ရာဘာကျည်နဲ့ ပစ်တာရှိတယ်။ ကျည်အစစ်နဲ့လည်း ပစ်တာရှိတယ်။ ကျည်အစစ်နဲ့ ပစ်ပြီးတော့ လူတွ ဖရိုဖရဲဖြစ်နေတဲ့ အချိန်မှာ လိုက်ပြီးတော့ ဖမ်းဆီးတာတွေ လုပ်တာပေါ့နော်။ ဖမ်းဆီးတဲ့ခါ ရိုက်နှက် ဖမ်းဆီးတာတွေ ရှိတယ်။ လမ်းပေါ်မှာ ပြေးတဲ့သူတွေကို သေနတ်တွေ ဘာတွေနဲ့ ပစ်ခတ်ပြီးတော့ ဖမ်းမိတဲ့ခါမှာ သေနတ်ဒင်တွေနဲ့ ထုတာတွေရှိတယ်။ ရာဘာကျည်နဲ့ လက်မောင်းမှာ ရှပ်ထိသွားတဲ့တစ်ယောက်ရှိတယ်။ သူလည်း ဖမ်းခံလိုက်ရတယ်။ ဒဏ်ရာရတဲ့သူတွေက ခုစစ်တပ်ဆေးရုံမှာ ၄ ယောက် ရောက်နေတယ်လို့ ပြောတယ်ဗျ။ ယောကျာ်းလေးတစ်ယောက်ကတော့ နားအိမ်(နားထင်) ကနေ သွေးထွက်နေတယ်လို့ ပြောတယ်ဗျ။ မိန်းကလေးတစ်ယောက်က လက်မောင်းမှာ ရှပ်ထိထားတဲ့ ဒဏ်ရာရှိတယ်။ နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ကတော့ ဘာဖြစ်သလဲတော့ မသိသေးဘူး။ ခုစုစုပေါင်း ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေး ၂ ယောက်ကတော့ စစ်တပ်ဆေးရုံကို ရောက်နေတယ်လို့ ပြောတယ်ဗျ။”

ဒါကတော့ ထားဝယ်မြို့က အခြေအနေပါ။ ပျောက်ကြားသပိတ်ကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းပြီး ရက် ၁၀၀ အတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ဟွန်းတီး၊ ဥသြဆွဲပြီး ဂုဏ်ပြုတဲ့ အစီအစဉ်နဲ့ ဟောပြောမှုတွေ လုပ်ခဲ့တယ်လို့ ကလေးမြို့ ပင်မ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြတာ လှုပ်ရှားမှုအနေနဲ့ကတော့ ပါတဲ့သူတွေကို ပြောဖြစ်တယ်ပေါ့နော်။ အာဏာသိမ်း ရက် ၁၀၀ အတွင်းမှာ ကျဆုံးတဲ့ သူရဲကောင်းတွေအတွက် ဟွန်းတီးပြီး၊ ဥသြတွေဆွဲပြီး အလေးပြုတဲ့ အစီအစဉ်နဲ့ ပြောဖြစ်တယ်။ ကျန်တာကတော့ ပုံမှန်အတိုင်းပါပဲ။ အင်အားကတော့ ခါတိုင်းနေ့တွေထက်တော့ ပိုများတာပေါ့။ လုပ်ဖြစ်တာကတော့ မနက်ပိုင်း ၆ နာရီလောက်ပေါ့နော်။ အရုဏ်ဦး သပိတ်တော့ မဟုတ်ဘူး။”

မန္တလေး ၊ ဖားကန့်၊ မုံရွာ၊ မကွေး၊ နတ်မောက် ဒေသတွေမှာ မတရားတဲ့အမိန့်တွေ ဖီဆန်ရေး၊ စစ်ကျွန်ပညာရေး အလိုမရှိစတဲ့ကြွေးကြော်သံတွေနဲ့ လူရာချီ လမ်းလျှောက်ဆန္ဒပြကြပါတယ်။ ဒါ့အပြင် မြင်းခြံ၊ ညောင်ဦး၊ ကျောက်မဲ၊ ပုဂံ၊ စဥ့်ကိုင်၊ မော်လမြိုင် ၊ ပေါင်၊ ယင်းမာပင်နဲ့ ရေဦးမြို့တွေမှာလည်း ဆိုင်ကယ်သပိတ်၊ လူမဲ့သပိတ်၊ အရုဏ်ဦးသပိတ်၊ ညသပိတ်တွေ ဆင်နွှဲကြပါတယ်။

ခုလိုဆန္ဒပြပွဲတွေ လုပ်ကြတဲ့တချိန်ထဲမှာပဲ ရန်ကုန်တိုင်း တွံတေးမြို့နယ်ထဲက ဇီးဖြူကုန်းရွာမှာ စစ်တပ်က နေအိမ်တွေထဲထိ ဝင်ရောက် ရှာဖွေတာတွေ လုပ်လို့ ရွာသားတွေ ထွက်ပြေးနေကြပါတယ်။ ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှုးရုံးဘေးက လက်ဖက်ရည်ဆိုင်ကို မီးရှို့တယ်လို့ဆိုပြီး ဖမ်းဆီးဖို့ စစ်ကား ၅ စီးနဲ့ရောက်လာပြီး မသင်္ကာသူတွေကို လာရှာတာလို့ ရွာသားတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ခုလို စစ်တပ်က ဆန္ဒပြသူတွေ သူတို့မသင်္ကာသူတွေအပေါ် အင်အားသုံး ပစ်ခတ် ရှာဖွေဖမ်းဆီးမှုတွေကို လုပ်နေတာဖြစ်ပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest/5886199.html

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ဆန္ဒပြမှုကန့်ကွက်မှုများ စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ဆန္ဒပြမှုကန့်ကွက်မှုများ Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.