ဒေါ်အောင်ဆန်းစုကြည်ကို မေ ၂၄ ရက်မှာ ပထမဆုံးအကြိမ် လူတွေ့ စစ်ဆေးမယ်

နေပြည်တော်၊ မေ ၁၀၊ ၂၀၂၁

ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် မေ ၂၄ ရက် ရုံးချိန်းမှာ ပထမဆုံး အကြိမ် လူတွေ့ စစ်ဆေးမယ် ဆိုပြီး တရားသူကြီးက အမိန့်ချလိုက်တယ်လို့ ရှေ့နေကပြောကြောင်း AFP သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ဖေဖော်ဝါရီ ၁ ရက် နိုင်ငံ့ အာဏာ လွှဲပြောင်းရယူ ထိန်းသိမ်းချိန်မှာ ဖမ်းဆီးပြီး ကတည်းက အများပြည်သူ ရှေ့မှာ မဟုတ်ဘဲ အင်တာနက် ရုပ်သံစနစ်နဲ့သာ ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။

“မေ ၂၄ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရမယ်လို့ ထင်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ၁ ဦး ဖြစ်တဲ့ ဦးခင်မောင်ဇော်က ပြောပါတယ်။

အခုအချိန်အထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို လူချင်းတွေ့ခွင့် မရသေးဘူးလို့လည်း သူက ဆိုပါတယ်။

“ခက်တာက ကျနော်တို့ လူချင်း တွေ့ဆုံဖို့ကိစ္စကို ရဲ က အခုအချိန်အထိ ဘာမှ မစီစဉ်ပေးနိုင်ဘူး ဖြစ်နေတယ်”လို့ ဦးခင်မောင်ဇော်က ပြောဆိုပါတယ်။

ဒါဟာ ခုခံကာကွယ်သူတွေရဲ့ အခွင့်အရေး ရပိုင်ခွင့် ဖြစ်ကြောင်းလည်း သူက ထည့်သွင်း ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန် သွင်းကုန် ဥပဒေ၊ COVID-19 ရောဂါ ကာကွယ်ရေး နဲ့ ပတ်သက်ပြီး သဘာဝ ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်မှု အပါအဝင် အမှု ၆ မှုနဲ့ စွဲဆိုထားခြင်း ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

ဒါ့အပြင် အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီးတော့လည်း စွပ်စွဲထားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မှာ မဲမသမာမှု ပြုလုပ်တဲ့ အတွက် အာဏာ လွှဲပြောင်းရယူခြင်း ဖြစ်ကြောင်း တပ်မတော်က အကြောင်းပြချက် ပေးထားပါတယ်။ 

အဲဒီနောက် နိုင်ငံတဝန်း အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲများ ပေါ်ပေါက် လာလျက်ရှိပြီး ဆန္ဒပြပွဲများကို လုံခြုံရေး တပ်ဖွဲ့ ဝင်များက ပစ်ခတ် ဖြိုခွဲမှုများကြောင့် လူ ၇၀၀ ကျော် သေဆုံးပြီး ထောင်ချီ ဖမ်းဆီးထိန်းသိမ်း ခံရမှုများလည်း ရှိနေဆဲ ဖြစ်ကြောင်း သတင်းများက ရေးသား ဖော်ပြကြပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဒေါ်အောင်ဆန်းစုကြည်ကို မေ ၂၄ ရက်မှာ ပထမဆုံးအကြိမ် လူတွေ့ စစ်ဆေးမယ် ဒေါ်အောင်ဆန်းစုကြည်ကို မေ ၂၄ ရက်မှာ ပထမဆုံးအကြိမ် လူတွေ့ စစ်ဆေးမယ် Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.