ပြည်ဗုံးပေါက်ကွဲမှု ကယ်ဆယ်ရေးသမားတဦး ကိုယ်တွေ့



Share/Bookmark
ပြည်မြို့ ဓာတ်ပုံ ..... ဝေဖြိုးပြည်

ပြည်မြို့နယ်ထဲက လူ(၅)ဦးသေဆုံးတဲ့ ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက မေလ(၄)ရက် အင်္ဂါနေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။ ဒီဖြစ်စဉ်ကို သိနိုင်ဖို့ VOA က တနင်္လာနေ့ည စုံစမ်းမေးမြန်း ခဲ့ချိန်မှာ အဲဒီပေါက်ကွဲမှုဟာ ပါဆယ်ဗုံး ပေါက်ကွဲမှုမျိုးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်အမတ်တဦးက ဖြေကြားခဲ့ပေမယ့် ၊ စစ်ကောင်စီရဲ့ အင်္ဂါနေ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဖောက်ခွဲရေး ပစ္စည်းတွေကိုစမ်းသပ်ရင်း ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ လူ သေဆုံးတဲ့ နေရာ အနီးတဝိုက်မှာလည်း ဖောက်ခွဲရေးသုံး ဝါယာကြိုးစနဲ့ အခြားပစ္စည်းတွေကိုပါ တွေ့ရတယ်လို့ ုမြန်မာအသံက ကြေညာ သွားတာပါ။

ပြည်မြို့အထွက်ကမ္ဘီလာရွာက သံပုရာခြံတခုမှာ မေလ(၃)ရက်ညနေဖြစ်ပွားတဲ့ ပေါက်ကွဲမှုအပြီး ကယ်ဆယ်ရေးအဖြစ်အခင်းဖြစ်ပွားရာကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ပြည်မြို့- ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းရာမှာ သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေကို စပြီး ရှင်းပြပါတယ်။

“ကျနော်တို့ အဲဒီကို ၆ နာရီကျော်ကျော်လောက်မှာ ရောက်သွားတယ် ၊ ရောက်သွားတော့ အခင်းဖြစ်တဲ့နေရာမှာ စစ်တပ်က ရဲသားတွေဘာတွေ စစ်သားတွေက သူတို့ ရှင်းလင်းရေးလုပ်နေတယ်ပေါ့ အဲဒီအချိန်မှာ ကျနော်တို့က တန်းဝင်လို့မရဘူး။ ကျနော်တို့ ဒီမှာ ပရဟိတအဖွဲ့တွေ အားလုံးဆုံပြီးတော့ ဝင်ပြီးတော့မှ အရေးပေါ်လူနာ ၂ ယောက်ကို ကောက်ပြီးတော့ ယာဉ်တန်းနဲ့ ဆေးရုံကို အမြန်ပို့တယ်ပေါ့။ အဲဒီမှာ လွှတ်တော်အမတ် ကိုသက်ဝင်းလှိုင်အပါအဝင် နောက်ထပ် ၄ ယောက်ပေ့ါ အဲဒီမှာ ပွဲချင်းပြီးဖြစ်သွားတာပေ့ါ။ dead body ဖြစ်သွားတာကို ကျနော်တို့ စိစစ်ပြီးတော့ dead body သယ်တဲ့ကားတွေ အကုန်ခေါ်ပြီးတော့မှ ကျနော်တို့ကောက်ရတာ။ အဲဒီအချိန်မှာ ဖြစ်စဉ်က အကိုရာ … သေချာမပြောနိုင်ဘူးပေါ့ သိတယ်မလား။ ညီလေးတို့သွားတော့ အလောင်းတွေက အဲဒီနားမှာ ပြန့်စင်ပြီးတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်။ အဲဒီနားမှာ ကုတင်လိုပုံစံမျိုး ဝါးကပ်တဲလေးပေါ့ ၊ အဲဒီ အနီးအနားလေး ၄ ပေ ၅ ပေ ပတ်လည်လောက်မှာတော့ မီးလောင်ကျွမ်းနေတယ်။ သံပုရာခြံရဲ့ ဝဲယာဘက်မှာတော့ အစတွေစင်လို့ ရဲတပ်ဖွဲ့က လိုက်သိမ်းနေတယ်။ အဲလိုမျိုးပဲ တွေ့တယ် ကျနော်တို့ကလည်း ဖြစ်ဖြစ်ချင်းရောက်သွား တာမျိုးမဟုတ်တော့ ၊ ကိုယ်ကိုယ်တိုင် အရင်ရောက်သွားတာ မဟုတ်တော့ ဘယ်ကနေ ဘယ်လိုဖြစ်လဲဆိုတာတော့ ကျနော်တို့ သုံးသပ်လို့ မရဘူး အကိုရေ။ အဖြေတော့ ကျနော်တို့ မပေးရဲဘူး။ ပေးလည်းမပေးတတ်ဘူး။ နောက်တခုက ကျနော်တို့ ကားပေါ်မှာ ပါလာတဲ့ တယောက်ကတော့ အသက်ရှင်လျက်တော့ ပြည်ဆေးရုံကြီးမှာ ရှိနေတယ်။ ၂ ယောက် ကယ်တာ၊ နောက်တယောက်ကတော့ ၁၅-၂၀ မိနစ်အတွင်းမှာ dead body ဖြစ်သွားတာပေါ့။ တယောက်ကတော့ အသက်ရှင်လျက်ရှိတယ်။

မေး ။ ။ ဆိုတော့ အဲဒီအသက်ရှင်နေတဲ့ တယောက်ကိုရော ပေါက်ကွဲမှုဖြစ်စဉ်၊ ဘယ်လိုဖြစ်ရသလဲ ဘယ်သူ့လက်ချက်လဲ ဆိုတာမျိုး မေးဖြစ်သေးလားခင်ဗျ။

ဖြေ။ ။ ကားပေါ်မှာတော့ မေးလို့မရဘူးအကို သူက ရေ အရမ်းသောက်ချင်တယ်ပဲ ပြောတာ။ ကျန်တာလည်း ကျနော်တို့ မမေးဘူးလေ။ ရေသောက်ချင်တယ်.. ရေသောက်ချင်တယ်ပဲ ပြောနေတာ။ ဒါပေမယ့် ကျနော်တို့ကလည်း အရေးပေါ်ဖြစ်နေတော့ ရေအရမ်းမတိုက်ရဲဘူး။ သူ ဖြစ်တဲ့ဟာတွေ အကုန်လုံးပေ့ါအကိုရော ဆေးထည့်လိုက် သွေးတိတ်အောင်လုပ်လိုက် အဲလိုမျိုးပဲ ကျနော်တို့ လုပ်ရတာ။ သူကလည်း ရေပဲ တောက်လျောက်ပြောတာ၊ ကျန်တဲ့စကားတော့မပြောဘူး အဲဒီဆေးရုံ ရောက်တော့ သူ့ biography ကိုတော့ OPT က ဆရာမတွေက မေးတယ်။ ဘယ်နေရာမှာ နေတာလဲ၊ ဘယ်ရပ်ကွက်ကလဲပေ့ါ။ ဟိုလူကလည်း အသိစိတ်က ကပ်လိုက် မကပ်လိုက်နဲ့ အဲဒီအချိန်မှာ သူ့နေရပ်လိပ်စာတွေ ပြောတဲ့အသံတွေတော့ ကြားရတယ်။

မေး ။ ။ ဟုတ်ကဲ့ အခင်းဖြစ်ချိန်မှာရော လူဘယ်နှစ်ယောက်ရှိတယ်လို့ သိရသလဲခင်ဗျ။ တချို့ကတော့ CDM လုပ်တဲ့ ရဲဝန်ထမ်းတွေလည်း အဲဒီအထဲမှာ ပါနေတယ်လို့ ပြောကြတာရှိတယ်လေ။ ဆိုတော့ အဲဒီအပိုင်းကိုရော ဘာ ထပ်သိရသေးသလဲ။

ဖြေ။ ။ ၆ ယောက်ပေ့ါ အခင်းဖြစ်တဲ့နေရာမှာ။ CDM ရဲ ၃ ယောက်လို့ ပြောတယ်။ အခင်းဖြစ်တဲ့နေရာမှာ အားလုံးပေါင်း ၆ ယောက်၊ ဆေးရုံရောက်တဲ့သူကလည်း CDM ရဲ ၂ ယောက်ဆိုရင်တော့ ဒါသေချာတယ် CDM ရဲ ပဲနေမှာ တယောက်က။ အခင်းဖြစ်တဲ့နေရာမှာ CDM ရဲ ၂ ယောက်ရယ်၊ ကိုသက်ဝင်းလှိုင်ရယ်၊ ခြံပိုင်ရှင်ရယ် သေသွားတယ်လို့ပြောတယ်။ ဒါပေမယ့် ဆေးရုံရောက်ပြီးမှ နာရီဝက်အတွင်း ထပ်သေသွားတာက CDM သမား တယောက် ထပ်သေသွားတယ်။

မေး ။ ။ အဲဒီတော့ စစ်ကောင်စီက သတင်းထုတ်ပြန်တာကတော့ ပြည်မြို့နယ်က ဖြစ်စဉ်ဟာ ပေါက်ကွဲမှု ပစ္စည်းတွေကို စမ်းသပ်ရင်းနဲ့ ပေါက်ကွဲသေဆုံးတယ်လို့ ပြောတာပေါ့လေ၊ တချို့ကလည်း ဒီ ပါဆယ်ဗုံးကြောင့် ဒါမျိုး ပေါက်ကွဲတာလို့ ပြောနေတယ်။ ဆိုတော့ အခင်းဖြစ်တဲ့နေရာကို ရောက်သွားတဲ့ သူတယောက်အနေနဲ့ ဒီပေါက်ကွဲမှု ဖြစ်စဉ်အပေါ်မှာ ဘယ်လိုသုံးသပ်မိသလဲခင်ဗျ။

ဖြေ။ ။ နောက်ဆုံးကျန်တဲ့တယောက်ကတော့ အသိဆုံးဖြစ်မယ်။ ကျနော်ကလည်း မေးချင်တာ ကျနော့်မှာလည်း အခွင့်အရေးမရတော့ လုံခြုံရေးက တန်းရောက်လာတာ၊ ကျနော်တို့ ဆေးရုံပို့တဲ့ အချိန်မှာလည်း ရှေ့ပွိုင့်တွေ ပါတယ်။ နောက်ပြီးတော့ ကျနော်တို့က သူတို့ရဲ့အသက်ကို ကယ်ဖို့ပဲ ၊ သူတို့ အသက်ရှင်ဖို့ပဲ လုပ်နေရတဲ့အချိန်မှာ ကျနော်တို့လည်း ဒေါင်ချာစိုင်းနေတယ်။ အကုန်လုံးပြီးစီးလို့ မေးမယ်လုပ်တော့ အဲဒီအချိန်မှာ လုံခြံုရေးက တအား တင်းကြပ်သွားပြီ။ အဲဒီတယောက်တော့ အကြောင်းစုံကိုသိမယ် အကိုရေ။ သူကတော့ ပြည်ဆေးရုံမှာ ရှိတယ်။ လောလောဆည်တော့ အစောင့်တွေဘာတွေတော့ ရှိတာပေါ့ ဟုတ်ကဲ့။”

ပြည်မြို့နယ်က ပေါက်ကွဲမှု ဖြစ်စဉ်မှာ စစ်ကောင်စီက ဖမ်းဆီးမှာကို ရှောင်တိမ်းနေတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ပြည်မြို့နယ် မဲဆန္ဒအမှတ်(၁) NLD ပါတီ ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင် အပါအဝင် (၅)ဦး သေဆုံးခဲ့ရပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/myanmar-pyay-bomb-blast-case-/5878698.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ