ဘဏ်တွေနဲ့ ATM ကနေ ငွေသွင်း၊ ငွေထုတ် ပြုလုပ်သူ စာရင်းတွေ ပေးပို့ဖို့ ဗဟိုဘဏ် ညွှန်ကြား




ဓာတ်ပုံ - အင်တာနက် စာမျက်နှာများ

နေပြည်တော်၊ မေ ၁၂၊ ၂၀၂၁

ဘဏ်တွေနဲ့ ATM စက်တွေကနေ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲပြောင်း ပြုလုပ်သူ စာရင်းများ ပေးပို့ဖို့ ဗဟိုဘဏ်က ဘဏ်တွေကို ညွှန်ကြားချက် ထုတ်ပြန်လိုက်တာ တွေ့ရှိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလ ၇ ရက်နေ့အထိ ဘဏ်ခွဲတွေနဲ့ ATM စက်တွေကနေ ငွေသား ထုတ်ယူ၊ ပေးသွင်းမှု ပြုလုပ်တဲ့ လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများရဲ့ စာရင်းတွေကို လျှို့ဝှက်အဆင့် သတ်မှတ်ပြီး မေလ ၁၄ ရက်နေ့ (၁၄ - ၅ - ၂၀၂၁) အရောက် Soft Copy CD ကို လူကိုယ်တိုင် လာရောက်ပေးပို့ဖို့ အကြောင်းကြားတယ်လို့လည်း အင်တာနက် အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူပုဂ္ဂိုလ် ၁ ဦးချင်းစီရဲ့ ငွေသား ထုတ်ယူမှုနဲ့ ပေးသွင်းမှု စာရင်း၊ ကုမ္ပဏီ ၁ ခုချင်းစီရဲ့ ငွေသား ထုတ်ယူမှုနဲ့ ပေးသွင်းမှု စာရင်း၊ အဖွဲ့အစည်း ၁ ခုချင်းစီရဲ့ ငွေသား ထုတ်ယူမှုနဲ့ ပေးသွင်းမှု စာရင်းများနဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ စာရင်းပြောင်း (Transfer)၊ စာရင်းရှင်း (Clearing) ဆောင်ရွက်ချက် စာရင်းများကို ပူးတွဲပေးပို့ဖို့လည်း ဖော်ပြထား ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို ဗဟိုဘဏ် တာဝန်ရှိသူ ၁ ဦး ဖြစ်တဲ့ ဦးရဲအောင်က မေလ ၁၁ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုး ထားတာ တွေ့ရပါတယ်။

ဦးရဲအောင်ဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဘဏ်များ ကြီးကြပ်ရေး ဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဖြစ်ကြောင်း သတင်းတွေ အရလည်း သိရှိရပါတယ်။

မေလ ၇ ရက်နေ့ကလည်း ဘဏ်တွေက မြန်မာ ကျပ်ငွေနဲ့ထားရှိရမယ့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက် (Minimum Reserve Requirement) ကို ၃ ရာခိုင်နှုန်းထားရှိဖို့ ပြင်ဆင် လျှော့ချတဲ့ သတ်မှတ်ချက်ကိုလည်း ဗဟိုဘဏ်က ထုတ်ပြန် ထား ပါတယ်။

လက်ရှိ ဘဏ်များရဲ့ ငွေကြေးလိုအပ်မှု အခြေအနေအရ ဗဟိုဘဏ် အနေနဲ့ ဘဏ်များရဲ့ ငွေကြေး လွယ်ကူမှုကို ပိုမို အထောက်အကူ ဖြစ်စေဖို့ အတွက် ဘဏ်များက မြန်မာ ကျပ်ငွေနဲ့ ထားရှိရမယ့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်ကို ဘဏ်နဲ့ ဆက်သွယ်သူများ (Customers) အပ်ငွေ စုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်း ထားရှိဖို့ ထပ်မံ ပြင်ဆင် လျှော့ချ သတ်မှတ် ရခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဗဟိုဘဏ် အနေနဲ့ COVID-19 ရောဂါနဲ့ ဆက်စပ် ဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဘဏ်များက မြန်မာ ကျပ်ငွေနဲ့ ထားရှိ ရမယ့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်ကို ဘဏ်နဲ့ ဆက်သွယ်သူများ (Customers) အပ်ငွေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း ထားရှိရာမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်ပေးခဲ့ကြောင်း၊ အခု ထပ်မံပြီး ၃ ရာခိုင်နှုန်းသို့ လျှော့ချ သတ်လိုက် ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်က အာဏာ လွှဲပြောင်းရယူပြီးနောက် နိုင်ငံတဝန်းရှိ ဘဏ်တွေမှာ ငွေထုတ်သူတွေ များပြားလာရာ နောက်ပိုင်း ငွေထုတ်ယူမှုတွေကို ဗဟိုဘဏ်က ကန့်သတ်မှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီလို ကန့်သတ်လိုက်တဲ့ အတွက် အခက်အခဲတွေ ကြုံတွေ့နေကြရတယ်လို့ ဘဏ်အပ်ငွေ ပြန်ထုတ်ယူလိုသူများက ပြောဆိုကြပါတယ်။ 

ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဝင်းသော်ကတော့ ပြည်သူများအနေနဲ့ ဘဏ်တွေမှာ အပ်နှံထားတဲ့ငွေများ ဆုံးရှုံးဖို့ မရှိကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။

မေလ ၇ ရက် မွန်းလွဲပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) သတင်း ထုတ်ပြန်ရေး အဖွဲ့ရဲ့ Zoom Meeting နဲ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘဏ်လုပ်ငန်းများ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းရာမှာ ဦးဝင်းသော်က ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ 


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဘဏ်တွေနဲ့ ATM ကနေ ငွေသွင်း၊ ငွေထုတ် ပြုလုပ်သူ စာရင်းတွေ ပေးပို့ဖို့ ဗဟိုဘဏ် ညွှန်ကြား ဘဏ်တွေနဲ့ ATM ကနေ ငွေသွင်း၊ ငွေထုတ် ပြုလုပ်သူ စာရင်းတွေ ပေးပို့ဖို့ ဗဟိုဘဏ် ညွှန်ကြား Reviewed by THITHTOOLWIN on 20:03 Rating: 5

No comments:

Powered by Blogger.