စီမံကိန်းရပ်ဆိုင်းလျှင် အလုပ်သမားများကို ထိခိုက်နိုင်ဟု Total ကုမ္ပဏီတုန့်ပြန်




(၄-၄-၂၀၂၁) 

သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရပ်ဆိုင်းလိုက်ရင် ဒေသခံအလုပ်သမားတွေကိုထိခိုက်နိုင်တဲ့အပြင် မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတဲ့ စွမ်းအင်လိုအပ်ချက် ပိုကြီးမားသွားနိုင်တယ်လို့ ပြင်သစ်ပိုင် Total ကုမ္ပဏီကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအတွက် ဝင်ငွေလမ်းကြောင်းဖြစ်စေတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို ပြန်သုံးသပ်ဖို့ အမေရိကန်အစိုးရကတိုက်တွန်းနေပြီး ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH ကတော့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွေ အကုန်ရပ်တန့်ဖို့တောင်းဆိုမှု ပြင်းထန်လာပြီးနောက် Total ဖက်က အခုလို တုန့်ပြန်ပြောဆိုလာတာပါ။

ပြင်သစ်သတင်းစာ Journal du Dimanche ရဲ့ ဖေါ်ပြချက်အရ ဒီစီမံကိန်းကိုရပ်ဆိုင်းလိုက်ရင် ဒေသခံအလုပ်သမားတွေဟာ ဝင်ငွေမရတော့တဲ့အပြင် စစ်တပ်ရဲ့ လုပ်အားပေး ခိုင်းစေမှုကိုခံလာရနိုင်တယ်လို့ Total ညွှန်ကြားရေးမှူး Patrick Pouyanne က ပြော တယ်လို့သိရပါတယ်။

“ဓာတ်ငွေစွမ်းအင်ထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်ရင် လျှပ်စစ်လိုအပ်နေတဲ့ ရန်ကုန်က လူတွေကို ထပ်ပြီး ဒုက္ခပေးသလိုဖြစ်သွားနိုင်မလား”လို့ သူက မေးခွန်းထုတ်ပါတယ်။ ပြီးတော့ ဒီစီမံကိန်းမှာ အဓိက ရှယ်ယာပါနေတဲ့ ထိုင်းဖက်ကလည်း ဒီစွမ်းအင်ထုတ်လုပ်မှုဟာ အရေးကြီးတယ်လို့ ပြောထားကြောင်း  Pouyanne ကပြောပါတယ်။

မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အကြီးမားဆုံးနဲ့အစောဆုံး စာရင်းထဲမှာ ပါတဲ့ ပြင်သစ် Total၊ ထိုင်း PTTEP နဲ့ မြန်မာ့စွမ်းအင်ဌာန (MOGE) တို့ရဲ့ ရတနာ သဘာ၀ ဓတ်ငွေ့စီမံကိန်းဟာ ထားဝယ်ခရိုင် ကံပေါက်ဒေသမှာအခြေစိုက်ပြီး ၁၉၉၇ လောက် ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ငွေ့အများစုကို ထိုင်းနိုင်ငံဆီ အဓိကတင်ပို့တာဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ကိုလည်း အတိုင်းအတာတခုအထိ ဖြည့်ဆည်းပေးနေတယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကနေ လစဉ် အမေရိကန်ဒေါ်လာ ၄ သန်း မြန်မာအစိုးရကိုပေးဆောင်နေရတာဖြစ်တဲ့အတွက် ဒါကို စစ်တပ်လက်ထဲမရောက်အောင် Total က ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဆန္ဒပြသူတွေကတောင်းဆိုနေပါတယ်။

Total ဖက်ကတော့ သူတို့အနေနဲ့ စစ်တပ်ကိုထောက်ခံနေတာမဟုတ်ပဲ ဒါဟာ မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်အရဖြစ်နေတာလို့ တုန့်ပြန်ပါတယ်။ 

လုပ်ငန်းအဟောင်းကို ရပ်ဆိုင်းဖို့အခက်အခဲရှိနေပေမယ့်လည်း စီမံကိန်းအသစ်တွေကိုတော့ အာဏာသိမ်းမှုဖြစ်အပြီး အရပ်သားတွေ စတင်အသတ်ခံရကတည်းက ရပ်ဆိုင်းထားလိုက်ပြီဖြစ်တယ်လို့ Total အရာရှိ Pouyanne ကပြောပါတယ်။ 

ဒ့ါအပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိအောင် ဆောင်ရွက်နေတဲ့အဖွဲ့တွေကိုလည်း တိုတယ်က ကူညီပေးမှာဖြစ်တယ်လို့ Pouyanne ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ မနေ့ကအထိ အာဏာသိမ်းအကြမ်းဖက်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ အရပ်သားဦးရေဟာ ၅၅၇ ဦးရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူကတော့ ၂,၆၅၈ ဦး ရှိနေပြီလို့ သိရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

စီမံကိန်းရပ်ဆိုင်းလျှင် အလုပ်သမားများကို ထိခိုက်နိုင်ဟု Total ကုမ္ပဏီတုန့်ပြန် စီမံကိန်းရပ်ဆိုင်းလျှင် အလုပ်သမားများကို ထိခိုက်နိုင်ဟု Total ကုမ္ပဏီတုန့်ပြန် Reviewed by THITHTOOLWIN on 19:26 Rating: 5

No comments:

Powered by Blogger.