ပြည်သူကို မထိခိုက်စေတဲ့နည်းနဲ့ မြန်မာနိုင်ငံကို အရေးယူသင့် - ကုလကိုယ်စားလှယ် Tom Andrews



Share/Bookmark
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက အရေးယူနိုင်ဖို့ အခက်အခဲရှိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကိုပြောပါတယ်။ အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ရင်လဲ မြန်မာပြည်သူတွေကို မထိခိုက်စေဖို့ လိုတယ် လို့လည်းသူကပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခု လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးနေကြပါတယ်။ ဒီဆွေးနွေးပွဲရလာဒ်နဲ့ ပတ်သက်လို့ အခု Tom Andrews ကိုဆက်သွယ်မေးမြန်းချိန်အထိ မသိရသေးပေမယ့် ဒီဆွေးနွေးပွဲအပေါ်မှာ ဘယ်လောက်ထိမျှော်လင့်ထားသလဲရှင့်။

Tom Andrews။ ။ အခု လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို အစီရင်ခံတင်ပြဆွေးနွေးတာလောက်ပဲ လုပ်တာမဟုတ်ဘူးလို့ ကျနော်မျှော်လင့်ပါတယ်။ အထူးသဖြင့် နောက်ဆုံးအကြိမ် လုံခြုံရေးကောင်စီမှာ ဆွေးနွေးပြီးကတည်းကနိုင်ငံတွင်းဘာတွေဖြစ်နေလဲဆိုတဲ့ သတင်း အချက်အလက်တွေကိုကြည့်ရင် တကယ့်ကို ကြောက်မက်ဖွယ်၊ကြေကွဲဖွယ်ရာ ပြောမပြနိုင်လောက်အောင်းကိုဖြစ်ရပါတယ်။ ဒါကြောင့် ဒီသီတင်းတွေကို သူတို့အစည်းအဝေးမှာ တင်ပြပြီး လုံခြုံရေးကောင်စီအနေနဲ့ အရေးယူဖို့ ဆွေးနွေးကြမယ်လို့ မျှော်လင့်ပါတယ်။ ကျနော့်မျှော်လင့်တာကတော့ ဒီကနေ့ ဆွေးနွေးပွဲမှာတော့ အရေးယူဆောင်ရွက်တာမျိုး လုပ်ဖို့ရှိမှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် အဲဒီလို အရေးယူဖို့ဆိုရင် လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံး သိသိသာသာ စည်းလုံးမှုတွေရှိရပါလိမ့်မယ်။ အဲဒီလိုမျိုးဖြစ်ဖို့ဆိုတာကလည်း အလွန်ခက်ခဲပါတယ်။

ဒါပေမဲ့လည်း အရေးယူဖို့ လိုအပ်နေတာပါ။ ကုလသမဂ္ဂအနေနဲ့ အခြေခံအားဖြင့် တာဝန်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ် အရေးယူဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ တောင်းဆိုနေကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောထားပါတယ်။အဲဒီအတိုင်း ဆောင်ရွက်ဖို့ ဆိုရင် အသေချာဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ လုံခြုံရေးကောင်စီမှာပဲရှိနေတာပါ။ ဒါကြောင့် လက်တွေ့အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီး လုံခြုံရေးကောင်စီအနေနဲ့လုပ်ဆောင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

အင်ကြင်းနိုင်။။ တဖက်မှာတော့ မြန်မာနိုင်ငံမှာ လက်နက်မဲ့ပြည်သူတွေကို စစ်ကောင်စီက အပြင်းအထန်ဖိနှိပ်နေတဲ့အခြေအနေကို ရပ်တန့်ဖို့ ကုလသမဂ္ဂအနေနဲ့ R2P နည်းလမ်းနဲ့ ဝင်လာဖို့ မြန်မာပြည်သူတွေ တောင်းဆိုနေတာတွေ့ရပါတယ်။ မျှော်လင့်ချက်တွေလည်းရှိနေတယ်။ ဒီနည်းလမ်းက ဘယ်လောက်ဖြစ်နိုင်ခြေရှိပါသလဲ။

Tom Andrews။ ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကာကွယ်ဖို့ တာဝန်ရှိတယ်ဆိုတာကတော့ ရှင်းပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးအနေနဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ထားတဲ့အထဲမှာ တာဝန်ရှိနေတယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။ R2P ပြဌာန်းချက်ရဲ့အောက်မှာ နိုင်ငံတနိုင်ငံဟာ မိမိရဲ့ ပြည်သူတွေကို အကာအကွယ်မပေးနိုင်ပါက၊ ဒါမှမဟုတ် ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်မှုတွေကနေ ကာကွယ်မပေးနိုင်ပါက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ဝင်ရောက် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ဒီတော့ ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတယ်ဆိုတာ ရှင်းပါတယ်။

ဒါပေမဲ့ မေးစရာမေးခွန်းက ဘယ်လိုလုပ်မှာလဲ။ ကျနော်ယုံကြည်တာကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုအပေါ်မှာ အကြီးမားဆုံး အထိရောက်ဆုံးရှိစေမယ့် နည်းလမ်းနဲ့ရှင်းရှင်းလင်းလင်းပြတ်ပြတ်သာသား အရေးယူဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရပ်တန့်ဖို့ဖြစ်ပါတယ်။ အခြားတဖက်မှာတော့ ဒီလိုအရေးယူဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေကို မထိခိုက်ဖို့လိုပါတယ်။

ဒါကြောင့် စစ်အုပ်စုကို အပြင်းထန်ဆုံးထိရောက်မှုရှိစေပြီး မြန်မာပြည်သူတွေအပေါ် အနည်းဆုံးသက်ရောက်မှုရှိစေတဲ့ နည်းလမ်းဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီရည်မှန်းချက်နှစ်ခုလုံးကိုရနိုင်မယ့် အဆိုပြုချက်တွေ၊ ရွေးချယ်စရာနည်းလမ်းတွေကို ကျနော်တို့ စဉ်းစားသင့်ပါတယ်။ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ကျနော်တို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ရှိပြီး အခြေခံကျတဲ့ တာဝန်တခုအနေနဲ့ ဆောင်ရွက်ဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။


အင်ကြင်းနိုင်/ VOA Burmese

https://burmese.voanews.com/a/tom-andrews-voa-interview-/5836425.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ