အမျိုးသားညီညွတ်ရေးအစိုးရကို တအာန်းအဖွဲ့ TNLA ကြိုဆို

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေထဲ CDM ကို ထောက်ခံကြောင်း TNLA ကအစောဆုံးထုတ်ဖော်ပြသခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကြိုဆိုကြောင်းနဲ့ လိုအပ်တဲ့ အခန်းကဏ္ဍတွေမှာ လိုအပ်သလိုပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ကြိုးစားမယ်လို့ တအာန်းအဖွဲ့ TNLA က ဗိုလ်မှူးချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဘယ်လိုစဉ်းစားချက်အခြေခံနဲ့ စုဖွဲ့ခြင်းဖြစ်ပါစေ ဖက်ဆစ်စစ်အာဏာရှင်ကို ဘယ်လိုနည်းနဲ့ မြန်မြန်ဖြုတ်ချနိုင်မလဲ ၊ ပြည်တွင်းစစ်ကို ဘယ်လိုအဆုံးသတ်အောင် လုပ်မလဲ၊ အဖက်ဖက်က ကျဆုံးနေတဲ့တိုင်းပြည်ကို ဘယ်လိုဦးဆောင် ထူထောင်မလဲ ဆိုတဲ့ အလုပ်တွေကို တကယ်လက်တွေ့ ဦးဆောင် လုပ်ဖို့လိုအပ်ကြောင်းလည်း သူက တိုက်တွန်းထားပါတယ်။

အခြေအနေအမျိုးမျိုးကြောင့် အစိုးရစုဖွဲ့မှုမှာ တိုက်ရိုက်မပါဝင်ပေမယ့် လိုအပ်တဲ့အခန်းကဏ္ဍမှာ လိုအပ်သလို ပူးပေါင်းလုပ်ဆောင်နိုင်အောင် ပြင်ဆင်ကြိုးစားနေပါမယ်လို့လည်း ဗိုလ်မှူးချုပ်တာဘုန်းကျော်က ရေးသားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဧပြီ ၁၆ ရက် ဒီကနေ့မှာကြေညာလိုက်ပြီး ထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က ဦးဆောင်လာပါတယ်။

ဒုသမ္မတကတော့ ကချင်တိုင်းရင်းသား ဒူဝါလရှီးလဖြစ်ပြီး သမ္မတ တာဝန်တွေကိုဆောင်ရွက်ရမယ်လို့ ဦးမင်းကိုနိုင်က ကြေညာပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အရ အခုဖွဲ့စည်းလိုက်တဲ့ အစိုးရရဲ့ အဓိကအကျဆုံးဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရာထူးကိုတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်းက တာဝန်ယူမှာဖြစ်ပါတယ်။

ဝန်ကြီးဌာန ၁၁ ခုကို ဝန်ကြီး ၁၀ ဦးကိုင်တွယ်မှာဖြစ်ပြီး ဒေါက်တာဇော်ဝေစိုးက ကျန်းမာရေးနဲ့ ပညာရေးကို ပူးတွဲတာဝန်ယူမှာပါ။ အရေးပါတဲ့ ဝန်ကြီးဌာနအသစ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနကိုတော့ လူသိများတဲ့ချင်းတိုင်းရင်းသား ဒေါက်တာ လျန်မှုန်းဆာခေါင်းကို ခန့်အပ်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

အမျိုးသားညီညွတ်ရေးအစိုးရကို တအာန်းအဖွဲ့ TNLA ကြိုဆို  အမျိုးသားညီညွတ်ရေးအစိုးရကို တအာန်းအဖွဲ့ TNLA ကြိုဆို Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.