ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ PSI စလောင်းတွေဖြုတ်ဖို့ ကြေညာနေ


ရန်ကုန်တိုင်းထဲက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြောက်ဒဂုံနဲ့လှိုင်သာယာမြို့နယ်တွေအပြင် တွံတေးမှာလည်း မြန်မာပြည်တွင်းလူသုံးများတဲ့ ဂြိုလ်တုကနေ ဖမ်းယူနိုင်တဲ့ PSI တံဆိပ် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်တွေကိုဖြုတ်ဖို့ စစ်ကောင်စီက လိုက်လံကြေညာတာတွေရှိနေတယ်လို့ နယ်ခံတွေက အတည်ပြုပါတယ်။

အဲဒီရုပ်သံဖမ်းစက်စလောင်းငယ်တွေကို ဖြုတ်ဖို့၊ မဖြုတ်ထားတာတွေ့ရင် သိမ်းဆည်းမယ်ဆိုတာမျိုးကြေညာသွားတာလို့ ဆိုပါတယ်။

မြောက်ဒဂုံမှာဆိုရင် ၃၅ ရပ်ကွက်နား ပင်လုံလမ်းမကြီးပေါ်မှာ မြေသယ်ယာဉ်တစ်စီးပေါ် အသံချဲ့စက်တင်ပြီး ရဲကား ၂ စီး၊ စစ်ကား ၂ စီးနဲ့ ကြေညာသွားတာလို့ အနီးနားမှာရှိသူတွေက ပြောပါတယ်။

လှိုင်သာယာမှာဆိုရင်လည်း PSI စလောင်းတွေ ပိတ်ဖို့ကို ရပ်ကွက်ရုံးကနေ ကြေညာတာ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေကြား တဆင့်စကားကနေ ကြားတာမျိုးရှိတယ်လို့ လှိုင်သာယာနယ်ခံတွေက အတည်ပြုပါတယ်။

တွံတေးမြို့ပေါ်မှာတော့ ဒီညနေ ၃ နာရီလောက်မှာ စစ်တပ်က အဲဒီ PSI စလောင်းတွေကို လိုက်ဖြုတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့တုန်းကတော့ ဧရာဝတီတိုင်းထဲက မအူပင်မြို့အပါအဝင် မြို့နယ်တချို့နဲ့ မွန်ပြည်နယ်က မြို့နယ်တချို့မှာ PSI စလောင်းတွေကို ဖြုတ်တာ သိမ်းဆည်းတာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီက ပြည်တွင်းမှာ ရုပ်သံထုတ်လွှင့်ခွင့်ပိတ်ထားတဲ့ မဇ္ဈိမ၊ ဒီဗီဘီ သတင်းရုပ်သံလိုင်းတွေ အဲဒီစလောင်းငယ်တွေကနေတဆင့် ဖမ်းယူကြည့်ရှုခွင့်ရနေဆဲဖြစ်လို့ သတင်းစီးဆင်းမှုလျော့အောင်လုပ်ဖို့ စစ်ကောင်စီရဲ့ကြိုးပမ်းမှုလို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရပါတယ်။

ဒီတံဆိပ်ပိုင်ရှင်ဖြစ်တဲ့ ထိုင်းကုမ္ပဏီ PSI ကတော့ ပြည်သူတွေလုံခြုံရေးအတွက် မဇ္ဈိမနဲ့ ဒီဗီဘီလိုင်းတွေကို ယာယီပိတ်ထားတယ်ဆိုပြီး မနေ့ ဧပြီလ ၈ ရက်ညပိုင်းမှာကြေညာထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ PSI စလောင်းတွေဖြုတ်ဖို့ ကြေညာနေ  ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ PSI စလောင်းတွေဖြုတ်ဖို့ ကြေညာနေ Reviewed by THITHTOOLWIN on 07:17 Rating: 5

No comments:

Powered by Blogger.