NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဘီဘီစီ အင်တာဗျူး

လူထုအာဏာဖီဆန်မှု CDM လှုပ်ရှားမှုကို လှုံ့ဆော်ပါဝင်ခဲ့ကြသူများလည်း NUG အစိုးရမှာ ပါဝင်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဌာနတွေဆိုင်ရာ ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးကို ဘီဘီစီ မြန်မာပိုင်းက ကိုရင်မောင်က ဧပြီလ ၂၇ ရက်နေ့ ညပိုင်းမှာ ဆက်သွယ်မေးမြန်းချက်ကို အောက်ပါအတိုင်း ကောက်နုတ်တင်ပြထားပါတယ်။

ဘီဘီစီရဲ့ မေးမြန်းမှုက ဝန်ထမ်းတွေ ရုံးမတက်၊ အလုပ်မဆင်းတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)နဲ့ ပတ်သက်တာ၊ ရေတိုနဲ့ ရေရှည်မှာ ကျန်းမာရေး၊ ပညာရေး ကဏ္ဍပိုင်းနဲ့ ပတ်သက်တာ၊ စတာတွေကို အလေးပေးခဲ့ပါတယ်။

၀န်ထမ်းတွေရဲ့ လက်ရှိ CDM အပေါ် NUGရဲ့ အမြင်

ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းလောက်ကတည်းက ရုံးမတက်၊ အလုပ်မဆင်းတဲ့ အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM ကို အစိုးရ ဝန်ထမ်းအများအပြားသာမက၊ ပုဂ္ဂိလက ကဏ္ဍက ဝန်ထမ်း အများအပြားပါ ပါဝင်ကာ စတင်ခဲ့ကြပါတယ်။

အခုအချိန်အထိ ရှိနေတဲ့ CDM လှုပ်ရှားမှုရဲ့ လက်ရှိအခြေအနေအပေါ် သုံးသပ်ထားချက်ကို ဘီဘီစီက မေးရာမှာ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက CDM ဆိုတဲ့နေရာမှာ လူထုတရပ်လုံးက လုပ်တဲ့ CDM ဆိုတာလည်းရှိပြီး အခုမေးတဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင် မဝင်ရေး CDM အပိုင်းကို ပြောရမယ်ဆိုရင်တော့ “ပထမအဆင့်မှာ ဝန်ထမ်းတွေက သူတို့လိုလားတာကို ဆန္ဒပြကြတယ်၊ တောင်းဆိုချက်တွေ မရဘူး၊ ဒီတော့ နောက်အဆင့်အနေနဲ့ အဲဒီ အလုပ်ယန္တရားတွေ ရပ်အောင် လုပ်ကြတယ်၊ ဘဏ်လုပ်ငန်းတွေ၊ ဆက်သွယ်ရေးတွေ စသဖြင့် လုပ်ငန်းတွေ အကုန်ရပ်နေပြီ။ သူတို့က (စစ်ကောင်စီက)အဲဒီအဆင့်မှာလည်း တောင်းဆိုချက်တွေကို မလိုက်လျောဘူး၊ အဲဒီတော့ တတိယ အဆင့်အနေနဲ့ အဲဒီ လုပ်ငန်းတွေလုပ်ကိုင်ဖို့ (တာဝန်)နေရာမှာ ဝင်ယူရ တာပေါ့။ နောက် စတုတ္တအဆင့် ကတော့ ကျွန်တော်တို့ ကိုယ်တိုင် (နိုင်ငံ့)ယန္တရားကို ကိုယ်တိုင် လည်ပတ်တဲ့ အဆင့်ထိ ရောက်မှာပေါ့။ ကျွန်တော်တို့ အဲဒီလို ဗျူဟာချထားတယ်” လို့ စပြီး ပြောပြပါတယ်။

“ဒီ CDM ထိုးနှက်မှုက အရင်က မရှိဖူးတော့ သူတို့ (စစ်ကောင်စီ) ရဲ့ အရှိုက်ကို ထိုးနှက်လိုက် သလို ဖြစ်သွားတယ်၊ ဒါ့ကြောင့် သူတို့က CDM လုပ်သူတွေကို ဖမ်းဆီးတာ၊ ဖိနှိပ်တာတွေ လုပ်တာပေါ့။ ဒါပေမဲ့ ကျွန်တော် ယုံကြည်တာက လူထု၊ လူမျိုးပေါင်းစုံ ပါဝင်တဲ့ လူထုရယ်၊ CDMဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေ၊ ခံယူချက်တွေကို ယုံကြည်တယ်၊ လူထုက ခံယူတာက တရားတာနဲ့ မတရားတာပဲ ရှိတယ်၊ ဘယ်ဟာက တရားတယ်၊ ဘယ်ဟာက မတရားဘူးဆိုတာ သူတို့ သိနေတာပဲ။ ဒီတော့ ကျွန်တော်ထင်တယ်၊ ဘယ်လိုမှ သူတို့ (စစ်ကောင်စီ)အနေနဲ့ CDM ကို နိုင်အောင်လုပ်လို့ မရနိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ ကျရှုံးစရာ အကြောင်းမရှိဘူး။”

မလွှကုန်းမီးရထားဝင်းက CDM ဝန်ထမ်းတွေရဲ့ အိမ်ရာဝင်းထဲကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်ကာ ဖိအားပေးခဲ့


CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာတွေ၊ တရားစွဲခံရတာတွေ၊ ဝန်ထမ်းအိမ်ရာက နှင်ချခံ ရတာတွေ၊ မိသားစုကို ဖိအားပေးတာတွေ စတဲ့ နှိပ်ကွပ်မှုမျိုးစုံရှိနေတာ၊ စားဝတ်နေရေး အရ CDM ဆက်လုပ်ရေး မတတ်နိုင်တော့လို့ လုပ်ငန်းခွင်ပြန်ဝင်သွားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မေးရာမှာတော့ ဒေါက်တာ ဇော်ဝေစိုးက ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ ရာခိုင်နှုန်းအများစုက လုပ်ငန်းခွင်ပြန်သွားကြမှာ မဟုတ်ဘူးလို့ သူမြင်တဲ့ အကြောင်း ပြောသလို၊ စားဝတ်နေရေး ခက်ခဲနေတဲ့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး “CDM ကို ကိုယ့်အိမ်ဘေးက လူတွေကလည်းထောက်ခံတယ်၊ ကိုယ့်ရပ်ကွက်က၊ ကိုယ့် မြို့ကလည်း ထောက်ခံတယ်၊ တပြည်လုံးက လူတွေ၊ နိုင်ငံတကာက ပြည်သူတွေ ကလည်း ထောက်ခံကြတယ်၊ ကူညီကြတယ်၊ (လုပ်ငန်း)ကဏ္ဍအသီးသီး အလိုက်လည်း ကူကြတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ပြီးခဲ့တဲ့လတွေက (ထောက်ပံ့ရေး) စီမံရတာ ခက်ပေမယ့်၊ ကျွန်တော်ထင်တယ်၊ ရှေ့လျှောက် ကျွန်တော်တို့ ပိုလွယ်လာလိမ့်မယ်”လို့ ပြောပါတယ်။

တကယ်လိုအပ်နေသူတွေ၊ အခြေခံဝန်ထမ်းတွေအတွက် ဒေသအလိုက် ထောက်ပံ့မှု ပေးဖို့ အတွက် စီစဉ်ထားပြီးဖြစ်တယ်၊ NUG အနေနဲ့လည်း CDM နဲ့ ပတ်သက်လို့ ဗဟိုအဆင့် ကော်မီတီဖွဲ့ကာ လုပ်ကိုင်နေပြီလို့ ရှင်းပြရင်း “အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ CDM ဝန်ထမ်းတွေကို လခ ပေးဖို့ ကျွန်တော်တို့ စီစဉ်နေတယ်၊ ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” လို့လည်း ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။

နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပါတယ်လို့ ကြေညာချက် မထုတ်ပေမယ့် နိုင်ငံတကာက NUG ကို အသိအမှတ်ပြုတဲ့ နည်းလမ်းတွေ ရှိနေကြောင်းနဲ့ အဲဒီနည်းလမ်းတွေကို ပေါင်းစပ်လိုက်ရင် NUG အနေနဲ့ ဝန်ထမ်းတွေကို လခပေးနိုင်တဲ့ အနေအထား ဖြစ်လာနိုင်ကြောင်း သူက ရှင်းပြပါတယ်။

အခုလက်ရှိအချိန်အထိ သူ အမြဲဆက်သွယ်၊ စည်းဝေးနေတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီး၊ နေရာဒေသအသီးသီးက CDM လုပ်ဆောင်နေသူတွေဟာ နိုင်ငံအတွက် အပြောင်းအလဲလုပ်တဲ့ ဒီအရေးကိစ္စကြီးမှာ အောက်ခြေဝန်ထမ်းတွေက အစ၊ သူတို့ ကိုယ်တိုင် ပါဝင်ချင်တဲ့အတွက် အခုလိုဆက်လက်ပြီး CDM လုပ်နေကြတာဖြစ်ကြောင်းနဲ့ မြန်မာပြည်က ဝန်ထမ်းတွေမှာ အိမ်ရာ ရရှိသူက ၁၆ ရာခိုင်နှုန်းခန့်သာ ရှိနေတဲ့ အနေအထား အောက်မှာတောင် ဝန်ထမ်းတွေဟာ အဲဒီ ခက်ခက်ခဲခဲ ရထားတဲ့ အိမ်ရာတွေကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြတဲ့ စိတ်ဓာတ်ကို သူ လေးစားတဲ့ အကြောင်းပြောပြရင်း “အိမ်ပေါ်က နှင်ချတယ်၊ ရှားရှားပါးပါး ရထားတဲ့ အဲ့ဒီ အိမ်ပေါ်က ဒီနေ့နှင်ချတယ်၊ ဒီနေ့ပဲအိမ်ပေါ်နေ အထုပ်ဆွဲ ဆင်းတဲ့အထိ လုပ်ကိုင်နေတဲ့ သူတို့ရဲ့ စိတ်ဓာတ်တွေကိုစဉ်းစားကြည့်တာနဲ့ ကျွန်တော်တို့ တော်လှန်ရေးက အောင်မြင်နေပြီ” လို့ ဆိုပါတယ်။

CDM ဆရာဝန်တွေကို စေတနာ့ဝန်ထမ်း ဆေးရုံ၊ ဆေးခန်းတွေမှာလည်း လုပ်ခွင့်မပေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်ဆီးနေ


CDM မှာပါဝင်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေဟာ ဥပမာ၊ ဆရာဝန်တွေ၊ သူနာပြုတွေဆိုရင် ပရဟိတဆေးရုံဆေးခန်းတွေ၊ အပြင်ဆေးခန်းတွေမှာ လူနာတွေကို ကုသပေးတာတွေလုပ်ခဲ့ပေမယ့် အခု ပိတ်ပင်ခံနေရတယ်။ ဆရာဝန်တွေထဲက ဘယ်လိုပြောလာလဲဆိုရင် “ဆရာဝန်က လူနာကို ကုသပေးနိုင်ဖို့ အတွက် ဆရာဝန်ရော၊ လူနာပါ လုံခြုံတဲ့ ပတ်ဝန်းကျင်ရှိဖို့လိုလာပြီ”လို့ ပြောလာကြတွေ ထွက်ပေါ်လာပါတယ်။ NUG အနေနဲ့လည်း စစ်ကောင်စီ ဖိနှိပ်မှုတွေ ရှိတဲ့ဒေသ၊ လွတ်မြောက်ဒေသ စတဲ့ ဒေသမျိုးတွေ ခွဲခြားပြီး ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ကဏ္ဍတွေအတွက်လုပ်ဆောင်သွားမယ်ဆိုတဲ့ အပေါ် ရေရှည် ဒီအရေးတွေနဲ့ပတ်သက်လို့ မေးရာမှာတော့ NUG ဝန်ကြီးက သူတို့အနေနဲ့ ကုလသမဂ္ဂက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့အစည်းမျိုးနဲ့ ပေါ်ပေါ်တင်တင် မဆွေးနွေးနိုင် သေးပေမယ့် ရတဲ့နေရာတွေကနေ ဆွေးနွေးနေတာတွေ ရှိကြောင်းနဲ့ “တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်၊ R2P ဆိုတာမျိုးမလာနိုင်ဘူးဆိုရင်တောင် R2P Health Care ဆိုတာမျိုး လာနိုင်တဲ့ အနေအထားရှိမလား၊ ဥပမာ UN က ကြားဝင်ပြီး၊ ကျွန်တော်တို့ လုပ်ပေးနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်ပေးနိုင်အောင်၊ UN ရဲ့ အကာအကွယ်ပေးမှုအောက်မှာ လုပ်ပေးနိုင်အောင်၊ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးတောင်းဆိုနေတယ်။ ……….. ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့အစီအစဉ်တွေကိုလည်း ဆွေးနွေးနေတယ်”လို့ ပြောပါတယ်။

ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုအတွက် သားဖွားဆရာမတွေ၊ လူထုကျန်းမာရေး လုပ်သားတွေကတော့ သူတို့ရွာတွေမှာပဲ ဆက်ရှိနေတဲ့အတွက် အဲဒီစောင့်ရှောက်မှု ပေးနိုင်တာ တွေက မပျက်ယွင်းသွားသေးဘူးလို့လည်း သူက ဆိုပါတယ်။

လွတ်မြောက်နယ်မြေတွေမှာကတော့ ကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေက ပုံမှန်အတိုင်းလည်ပတ်နေပြီး၊ တချို့နေရာတွေမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနိုင်ပြီဆိုတဲ့ သတင်းလည်း ရကြောင်း သူက ပြောပါတယ်။

တော်လှန်ရေးက ဘယ်လောက်ကာလအထိကြာမယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ကြောင်းနဲ့ လချီကြာသည်ဖြစ်စေ၊ နှစ်ချီကြာသည်ဖြစ်စေ ကာလအလိုက် ပြောင်းလဲလုပ်ကိုင်တာ၊ လွတ်မြောက်နယ်မြေရလာတာနဲ့ အမျှ တည်ဆောက်မှုတွေပါ လုပ်ရမယ့်အကြောင်းကိုလည်း ပြောပြပါတယ်။

NUG အနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ဖို့ လက်နက်ကိုင် ခုခံကာကွယ်ရေးကို လည်းလုပ်ဆောင်သွားမှာ ဖြစ်တဲ့ အတွက် လက်နက်ကိုင်တဲ့ နည်းလမ်းကို ထောက်ခံရင် နိုင်ငံတကာက ရလာနိုင်တဲ့ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အကူအညီပေးမှုတွေကို မထိခိုက်လာနိုင်ဘူးလား ဆိုတဲ့ ဘီဘီစီက အမေးကိုတော့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒါကတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အမြင်မှာပဲ မူတည်မယ်လို့ ဆိုရင်း “အဓိကကတော့ ကိုယ့်ပြည်သူတွေ အထိအခိုက်နည်းရေးကိုပဲ ကြည့်တယ်၊ ကျွန်တော်တို့က ဒါ့ကြောင့် ဒါကို (စစ်ပွဲတွေ)မဖြစ်စေချင်ဘူး၊ ဒါပေမဲ့ ၁၉၆၂ ကနေစကြည့်ရင် ၁၉၈၈၊ နောက် အခု ၂၀၂၁ ကျွန်တော်တို့ နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီလဲ၊ နောက် ဘယ်နှနှစ်ကြာဦးမလဲ၊ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီနှစ်တွေအများကြီးအတွင်း လူတွေ ဘယ်လောက်များများ သေခဲ့ရလဲ၊ (Mortality Rate) လူသေဆုံးနှုန်းတွေကြည့်၊ (Life Expectancy) အသက်ဘယ်လောက်ရှည်ကြ သလဲဆိုတာကို ကြည့်၊ ကျွန်တော်တို့ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက ကမ္ဘာမှာ ဒုတိယ အဆင့်အနိမ့်ကျဆုံး ဖြစ်နေတယ်၊ ဒါတွေ ဘာကြောင့်ဖြစ်နေရလဲဆိုတဲ့ အကြောင်းရင်းကို သုံးသပ်လိုက်ရင် ကျွန်တော်တို့ ဒီတော်လှန်ရေးက ပြီးအောင်လုပ်ရမယ်ဆိုတဲ့ အဖြေထွက် နေတယ်။” 


BBC Burmese

https://www.bbc.com/burmese/burma-56921268

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဘီဘီစီ အင်တာဗျူး  NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဘီဘီစီ အင်တာဗျူး Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.