အာဆီယံအနေနဲ့ NUG ကိုသာ အသိအမှတ်ပြုဖို့ ဝန်ကြီးတစ်ဦးတိုက်တွန်း

NUG ဝန်ကြီး နော်ဆူဇန်နာလှလှစိုး (ဓါတ်ပုံ း Naw Susanna Hla Hla Soe -Facebook)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ်ကို အသိအမှတ်မပြုဖို့နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဦးဆောင်ပြီး မကြာခင်က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အသိအမှတ်ပြုဖို့ NUG ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ဒီကနေ့ တိုက်တွန်း ပြောဆိုပါတယ်။

"အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုပါနဲ့။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေး၊ ညီညွတ်ရေးနဲ့ သာယာဝပြောရေးကို လိုလား တောင့်တနေကြတဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုကို နားထောင်ပေးပါ။ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံ အသိအမှတ်ပြုခြင်းအားဖြင့် ပြည်သူတွေရဲ့အသံကို အသိအမှတ်ပြုပါ" ဆိုပြီး အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောသွားတာပါ။

မြန်မာ့အရေး ဆွွေးနွေးဖို့ရှိနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေဖြစ်တဲ့ AltSEAN နဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ တို့က ပူးပေါင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ခုလို ပြောသွားတာပါ။

အရင်အစိုးရလက်ထက်မှာ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို အထူးတလည် မဆောင်ရွက်နိုင်ခဲ့သလို ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားဒေသတွေက လူတွေရဲ့အသံတွေကို ဥပေက္ခာပြုခဲ့တာကို ဝန်ခံလိုတဲ့အကြောင်းနဲ့ အဲ့ဒီအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောသွားပါတယ်။

အတိတ်က အမှားတွေ ရှိခဲ့ပေမဲ့ အနာဂတ်စာမျက်နှာသစ် ဖွင့်လှစ်လိုပါတယ်လို့လည်း ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောဆိုသွားခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/mp-naw-susanna-hlahla-soe-urges-asean-to-recognize-crph-and-nug/5863035.html

အာဆီယံအနေနဲ့ NUG ကိုသာ အသိအမှတ်ပြုဖို့ ဝန်ကြီးတစ်ဦးတိုက်တွန်း အာဆီယံအနေနဲ့ NUG ကိုသာ အသိအမှတ်ပြုဖို့ ဝန်ကြီးတစ်ဦးတိုက်တွန်း Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.