NUG အစိုးရသစ်ကို နိုင်ငံတကာ အသိအမှတ်ပြုအောင်လုပ်မည်



မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ပြည်တွင်းမှာ လူထုထောက်ခံမှု ရအောင် လုပ်ဆောင်မှာဖြစ်သလို၊ ပြည်ပမှာလည်း ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အစိုးရတွေရဲ့ ထောက်ခံမှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ NUG အစိုးရသစ်ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် က ပြောပါတယ်။

NUG ဟာ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ သိအောင် အဆက်မပြတ်ကြိုးစားနေသလို၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေအပြင် အာရပ်နိုင်ငံအချို့နဲ့ပါ ဆွေးနွေးညှိုနှိုင်းနေတယ်လို့ ဧပြီလ ၁၆ ရက်နေ့ကလုပ်တဲ့ အစိုးရသစ်ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းပွဲမှာ ဦးလွင်ကိုလတ် က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ NUG အစိုးရသစ်ကို အနောက်နိုင်ငံတွေသာမက၊ နွေဦးတော်လှန်ရေးအတွေ့အကြုံရှိတဲ့ အာရပ်နိုင်ငံကြီးတစ်ခုကပါ ထောက်ခံထားတယ်လို့ သူက ဆိုပါတယ်။ ဘယ်နိုင်ငံလဲဆိုတာကိုတော့ အခုချိန်မှာ အတိအကျ မပြောနိုင်သေးဘူးလို့ ဦးလွင်ကိုလတ် က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရသစ်ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကလည်း “စစ်ကောင်စီဟာ လူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထဲကနေ အာဏာကို လုယူထားတာဖြစ်တဲ့အတွက်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG ဟာ Legitimacy လို့ခေါ်တဲ့ တရားဝင် အသိအမှတ်ပြုမှုကို  ပြည်တွင်းမှာရော ပြည်ပမှာပါ ရရှိထားတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေဟာ ဘယ်လောက်ပဲ အန္တရာယ်ရှိရှိ၊ ဘယ်လောက်ပဲ အခက် အခဲရှိရှိ ပြည်သူတွေအတွက် လက်တွေ့ကျတဲ့၊ ထိရောက်တဲ့လုပ်ဆောင်မှုတွေကို ကြိုးစားလုပ်ဆောင်သွားမယ် လို့လည်း ဦးရည်မွန်က ဆိုပါတယ်။

တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်ဆွေဦး ကတော့ “တပ်မတော်ကသာ ၂၀၀၈ ဖွဲ့စည်းပုံအရ တရားဝင် အုပ်ချုပ်ရေးကောင်စီ ဖြစ်တဲ့အတွက် NUG ရဲ့ လုပ်ဆောင်မှုတွေဟာ စိတ်ကူးယဥ်သက်သက်ပဲ ဖြစ်လိမ့်မယ်” လို့ ထောက်ပြ ဝေဖန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ကုလသမဂ္ဂကဖြစ်စေ အနောက်နိုင်ငံတွေကဖြစ်စေ ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့အတွက်  Right to Protection လို့ ခေါ်တဲ့ R2P လို ကိစ္စမျိုးကလည်း ဖြစ်နိုင်ခြေနည်းတယ်လို့ ဒေါက်တာ နိုင်ဆွေဦး က ပြောပါတယ်။

တရားဝင် အုပ်ချုပ်နေတဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်မှာတောင်  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရအောင် အပြည့်အဝ မလုပ်နိုင်တဲ့အတွက်၊ ကေအိုင်အေ၊ ကေအဲန်ယူ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက  နယ်မြေတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ဖို့ဆိုတဲ့ ပြောဆိုချက်ကလည်း လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ ဒေါက်တာ နိုင်ဆွေဦး က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်က တော့ “အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ” NUCC ကို စဖွဲ့ကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ရမယ်ဆိုတဲ့အခြေခံမူရှိတာကြောင့် တစ်ပတ်လောက်အတွင်းမှာ အားလုံး ပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

ပြည်‌ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဟာ ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကိုမဖွဲ့ခင်၊ မတ်လ ၃၁ ရက်နေ့ကတည်းက “အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ “National Unity Consultation Council- NUCC” ကို ဖွဲ့စည်းခဲ့ပြီး အဓိက အစိတ်အပိုင်းနှစ်ခုကို  ထည့်သွင်းဖေါ်ပြထားပါတယ်။

ပထမတစ်ပိုင်းက အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူတွေဖြစ်ပြီး၊ ဒုတိယပိုင်းမှာတော့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးကို တစ်ပြိုင်တည်း လုပ်ဆောင်သွားမယ်လို့ ဖေါ်ပြထားပါတယ်။

ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရသစ် NUG မှာ သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဒူဝါလရှီလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဖက်ဒရယ်ပြည်ထောင်စု‌ရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အပါအဝင် ဝန်ကြီးဌာန ၁၁ ခုအတွက် ဝန်ကြီးသစ် ၁၁ ဦး ပါဝင်ပါတယ်။

နိုင်ငံရေးလေ့လာသူတွေနဲ့ ပြည်တွင်းအင်အားစုတချို့ကတော့ CRPH ဟာ စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး၊ ကိုယ်တိုင် အစိုးရသစ်ဖွဲ့စည်းလိုက်ချိန်မှာ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတရာထူးတာဝန် မပေးသလဲဆိုတဲ့အပေါ် မေးခွန်းထုတ်ပြောဆိုနေကြပါတယ်။

RFA Burmese



NUG အစိုးရသစ်ကို နိုင်ငံတကာ အသိအမှတ်ပြုအောင်လုပ်မည် NUG အစိုးရသစ်ကို နိုင်ငံတကာ အသိအမှတ်ပြုအောင်လုပ်မည် Reviewed by THITHTOOLWIN on 00:28 Rating: 5

No comments:

Powered by Blogger.