အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦး၊ MEHL နဲ့ MEC တို့ပေါ် EU အရေးယူမယ်

FILE - European Union flags flutter outside EU Commission headquarters in Brussels, Belgium, Oct. 28, 2015.

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၁၀ ဦးကို အီးယူ ဥရောပသမဂ္ဂက ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်လိုက်ပြီး စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကိုလည်း အီးယူက ပထမဆုံးအကြိမ်အဖြစ် အရေးယူမှုတွေ ပြုလုပ်တော့မယ်လို့ သံတမန် ၂ ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

ရှေ့သီတင်းပတ်အတွင်း စတင် အသက်ဝင်မယ့် ဒီ ဒဏ်ခတ် အရေးယူမှုက စစ်တပ်ပိုင် စီးပွားလုပ်ငန်း ၂ ခုကို ပစ်မှတ်ထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။ အခုလို အရေးယူနိုင်ရေး အီးယူအနေနဲ့ စဉ်းစားနေကြောင်း မတ်လ ၈ ရက်နေ့ကတည်းက ရိုက်တာမှာ ဖော်ပြထားပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် စစ်လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်ကန့်သတ်တာနဲ့ စစ်အရာရှိ ၁၁ ဦးတို့အပေါ် ဒဏ်ခတ် အရေးယူမှုတွေကို ပြီးခဲ့တဲ့လအတွင်း အီးယူက ချမှတ်ခဲ့ပြီးဖြစ်ပေမယ့် စစ်တပ်ပိုင်ကုမ္ပဏီ ၂ ခုကို အရေးယူမယ့် ဒီ ဒဏ်ခတ်မှုအသစ်ဟာ မြန်မာနိုင်ငံမှာ နိုဘဲငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီးတဲ့အနောက် အီးယူရဲ့ ဒဏ်ခတ် အရေးယူမှုတွေထဲ သိသာ အထင်ရှားဆုံးလည်း ဖြစ်ပါတယ်။

“ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုတော့မှာပါ။ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ ကုမ္ပဏီ ၂ ခုဆိုတာတော့ သဘောတူထားကြပြီး ဖြစ်ပါတယ်။ စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ဘယ်ကုမ္ပဏီတွေကို ထပ်ဖြည့်သွင်းမလဲဆိုတဲ့ကိစ္စကို ဆွေးနွေးနေကြတာပါ၊ ၂ ခုကိုတော့ သဘောတူထားပြီး ဖြစ်ပါတယ်” - လို့ ဥရောပ သံတမန်တွေပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီ ဒဏ်ခတ်အရေးယူမှုအတွက် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးက သဘောတူထားပြီးဖြစ်ပြီး အီးယူနိုင်ငံတွေက ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့မှာ စီးပွားလုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒီ ဒဏ်ခတ် အရေးယူမှုအသစ်ဟာ အမေရိကန်နဲ့ ဗြိတိန်တို့က မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်အပြီး လိုက်လံ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ထိပ်တန်း စစ်ဘက်အရာရှိ ၁၀ ဦးတို့အပေါ် အီးယူက မတ်လ ၂၂ ရက်နေ့မှာ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/eu-agrees-to-sanction-two-companies-close-to-myanmar-diplomats/5854343.html

အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦး၊ MEHL နဲ့ MEC တို့ပေါ် EU အရေးယူမယ် အာဏာသိမ်းစစ်ခေါင်းဆောင် ၁၀ ဦး၊ MEHL နဲ့ MEC တို့ပေါ် EU အရေးယူမယ် Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.