လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်မယ့်သူတွေကို KNU က ကြိုဆိုတယ်လို့ပြော



ကရင်ပြည်နယ်မှာ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးအင်အားစုတွေ ကြီးမားလာနေတာကို အကြီးအကျယ် စိုးရိမ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို မက်လုံးပေးစည်းရုံးနေတယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ရှေ့နေကြီး ဦးကြီးမြင့်က ၁၉၈၈ အရေးတော်ပုံအပြီး ကရင်ပြည်နယ်မှာ ABSDF ကျောင်းသားတပ်မတော် ပေါ်ထွန်းခဲ့သလို အခုလည်း သူတို့ကို လက်နက်ကိုင်တော်လှန်မယ့် လူငယ်တွေရဲ့ ဖယ်ဒရယ်တပ်မတော်ပေါ်ထွန်းလာမှာကို စစ်ကောင်စီက တားဆီးဖြိုခွဲဖို့ ကြိုးစားနေတာပဲလို့ ဝေဖန်ပါတယ်။

“ကျောင်းသားတွေနဲ့ ပြည်သူတွေက အခု ကရင်ပြည်နယ်ကို သွားတဲ့အခါ အထူးသဖြင့် တပ်မဟာ ၅ နယ်မြေဘက်သွားတယ်၊ နောက် တနင်္သာရီတိုင်းဘက်ကိုလဲ သွားတယ်။ အဲဒီလိုသွားတဲ့အခါမှာ အရင်တခါလို ကျောင်းသားအင်အားတွေ ပြည်သူအင်အားတွေ တိုးလာပြီး KNU အနေနဲ့ အင်အားတောင့်တင်းမှာကို စစ်တပ်က စိုးရိမ်တာပေါ့။ အဲဒီတော့ လမ်းစဉ်ဟောင်းအတိုင်း စည်းရုံးတာပေါ့ဗျာ။”

KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့် က သူတို့ဒေသကို ခိုလှုံရောက်ရှိလာတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေကို ကောင်းမွန်စွာနေရာချထားပြီး စောင့်ရှောက်ထားပါတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ သူတို့ပါဝင်လာကြမယ်ဆိုရင်လည်း ကြိုဆိုပါတယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ကတော့ နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးမှာပေါ့နော်။ အခုရောက်ရှိနေတဲ့ စစ်သားနဲ့ရဲ ကတော့ ကျနော်သိထားတာ ၃ဝ - ၄ဝ ဝန်းကျင်ပေ့ါနော်။ လက်ရှိကတော့ ကျနော်တို့ သူတို့ရဲ့ လုံခြုံရေးယူပေးတယ်။ စစ်ကောင်စီက အရာရှိတွေကို ကျနော်တို့ လက်ခံထားတာရှိတယ်၊ ရဲ နဲ့ စစ်သာတွေကို သီးသန့်ထားတယ်။ CDM ဝင်တဲ့သူတွေ အမတ်တွေကိုလည်း သီးသန့်ထားတယ်။ CDM ဝင်တဲ့သူများရင် အစိုးရယန္တယား တခုလုံး မလုပ်နိုင်ရင်တော့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ့နော် ဒီမိုကရေစီပြည်ထောင်စုအထိ မြန်မြန်ဆန်ဆန် ရောက်ရှိလာဖို့ မျှော်မှန်းထားတာပေါ့။ ဒီစစ်ကောင်စီကို ဘယ်သူမှမကြိုက်ဘူး၊ ပြည်သူတွေက သူတို့ကိုလက်မခံသလို ကျနော်တို့ကလဲ ပြည်သူနဲ့ တသားတည်းပါဘဲ ပြည်သူလက်မခံရင် ကျနော်တို့လက်ခံလို့မရဘူး။ ပြည်သူတွေ ဒုက္ခရောက်ရင် ကျနော်တို့လဲ ဒုက္ခရောက်တာပဲ။ ပြည်သူတွေ စိတ်ချမ်းသာလို့ရှိရင် ကျနော်တို့လဲ စိတ်ချမ်းသာတယ်။ ဒါကြောင့် ပြည်သူနဲ့ တသားတည်း ရှိတယ်လို့ ကျနော်တို့ပြောတာပါ။”

မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်က DKBA နဲ့ စစ်ကောင်စီအကြား ပိုမိုပူးပေါင်းမှုတွေ ရှိကောင်းရှိနိုင် ပေမယ့် KNU ဗဟိုအနေနဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်။

“ဒီလက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေထဲက အခု စစ်ကောင်စီတပ်ဖွဲ့တွေကို တက်တက်ကြွကြွ တိုက်ခိုက်လာတာက KIA နဲ့ KNU အင်အားစု နှစ်ရပ်က သိသာထင်ရှားတယ်။ အဲဒါကြောင့်လည်း အခု မြို့ပေါ်က CDM လှုပ်ရှားမှုက လူငယ်တော်တော်များများ KNU နယ်ကိုထွက်သွားပြီးတော့ အဲဒီမှာ စစ်ရေးလေ့ကျင့်နေတဲ့ ဗီဒီယိုတွေ တွေ့ရပါတယ်။ အဲဒီတော့ KNU ဟာ အခု မြို့ပေါ်က CDM လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ Generation Z တွေရဲ့ မှီခိုရာလို ဖြစ်နေပါတယ်။ ဒီအနေအထားကို KNU အနေနဲ့ သေချာထိန်းသိမ်းတာဝန်ယူပြီး တည်ဆောက်ပေးနေတာတွေ့ရတဲ့အတွက် KNU ရဲ့ လက်ခံမှုဟာ ပိုပြီးတော့ ကြံ့ခိုင်တောင့်တင်းလာလိမ့်မယ်လို့ ကျနော်တော့ ယူဆတယ်”

အမှတ် ၉၉ တပ်မဌာနချုပ်ကနေ အာဏာဖီဆန်ပြီး ပြည်သူ့တွေနဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်မှူး ဟိန်းသော်ဦး ကလည်း KNU ဟာ လက်ရှိ ဒီမိုကရေစီတော်လှန်ရေးအတွက် ယုံကြည်အားကိုးရတဲ့ တိုင်းရင်းသား အဖွဲ့တခုဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ စောဘဦးကြီးရဲ့မူတွေ ရှိတာပဲ။ ဒီခေါင်းဆောင်ကောင်းတွေရဲ့ ချမှတ်ပေးခဲ့တဲ့မူတွေအပေါ် သူတို့ ခိုင်ခိုင်မာမာ ရပ်တည်နေတယ်။ ရဲရဲရင့်ရင့် ရပ်တည်ပြီးတော့ ဒီမကောင်းတဲ့စနစ်တွေကို တွန်းလှန်ဖို့ ရှေ့ဆက်သွားမယ်လို့ ယုံကြည်ပါတယ်၊ လက်ရှိလဲ သူတို့တတ်နိုင်တာတွေ အများကြီးလုပ်ပေးနေပါတယ်”

မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ တော်လှန်အင်အားစုတွေကို ဖြိုခွဲရေးအတွက် ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေကို ဆက်လက်စည်းရုံးမယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီအတောအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားရေးအတွက် နယ်ခြားဒေသတွေကို သွားရောက်ပြီး စစ်ရေးသင်တန်းတွေ တက်နေကြတဲ့ လူငယ်တွေရဲ့ တိုက်ပွဲဝင်လှုပ်ရှားမှုတွေကို လာမယ့် မေလအတွင်း မြင်တွေ့ရတော့မယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

RFA Burmese



လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်မယ့်သူတွေကို KNU က ကြိုဆိုတယ်လို့ပြော လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်မယ့်သူတွေကို KNU က ကြိုဆိုတယ်လို့ပြော Reviewed by THITHTOOLWIN on 05:57 Rating: 5

No comments:

Powered by Blogger.