အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းမှု KNU တပ်မဟာ ၅ ထောက်ခံ

KNU တပ်ဖွဲ့ဝင်များ

မြန်မာပြည်မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ တပ်မဟာ(၅)က ကြိုဆိုလိုက်ပြီး၊ ဖယ်ဒရပ်တပ် ဖွဲ့စည်းမှု ရှိလာခဲ့ရင် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်လိမ့်မယ်လို့ တိုင်းရင်းသားပြည်သူ လူထုတွေက မျှော်လင့် အားထား နေကြသလို၊ မြန်မာစစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်နေတဲ့ ကေအန်ယူ တပ်မဟာ(၅)ကလည်း NUG ကိုကြိုဆိုကြောင်း တပ်မဟာ(၅)ရဲ့ ဒုတိယဗိုလ်မူးကြီး စောကလယ်ဒိုက ပြောပါတယ်။

" အစိုးရ ဖွဲ့စည်းတာကို ကြိုဆိုပါတယ်။ တပ်မဟာ(၅) မူတြော်ခရိုင် (ဖာပွန်ခရိုင်)ကတော့ လက်ခံတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ အစိုးရက အမျိုးသားညီညွတ်ရေး အစိုးရဆိုပြီးတိုင်းရင်းသား အကုန်လုံးပါဝင်တဲ့ အစိုးရ တရပ်ကို ဖွဲ့စည်းမယ်၊ နောက်ပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်မယ်လို့ ပြောတော့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ လိုလားချက်နဲ့ ကိုက်ညီတဲ့သဘော ရှိတာပေါ့။"

နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ကို ခံနေရတဲ့ တိုင်းရင်းသားလူထုတွေဟာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာရေးအတွက် မျှော်လင့်နေကြတာပါ။ အခုအခါမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ ကရင်တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်အားထား နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

" အစိုးရအသစ်ဖွဲ့စည်းလိုက်တော့ ပြည်သူလူထုက တအား ယုံကြည်အားကိုးတာပေါ့နော်။ တချိန်မှာ တိုင်းရင်းသားတွေ လိုချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို သူတို့ဖော်ဆောင်မယ် ဆိုတာကို အဲဒီလိုပဲ ယုံကြည်ကြတာပေါ့။ "

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဖယ်ဒရယ်တပ် ဖွဲ့စည်းတဲ့အခါမှာလည်း ကေအန်ယူ တပ်မဟာ(၅)ကတော့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဒုတိယဗိုလ်မူးကြီး စောကလယ်ဒိုက ပြောပါတယ်။

" အဲဒီလို လက်ခံပြီဆိုတော့ တကယ်ဖြစ်လာမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိမယ်။"

ကေအန်ယူ တပ်မဟာ(၅)နဲ့ မြန်မာစစ်ကောင်စီတပ်တွေဟာ မကြာခန တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက် တင်းမာမူတွေ ရှိနေတာပါ။ မြန်မာစစ်ကောင်စီ တပ်တွေဟာလည်း ဖာပွန်ခရိုင်ထဲက ကေအန်ယူ တပ်မဟာ(၅) ထိမ်းချုပ်ရာ နယ်မြေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မူတွေ ရှိခဲ့တဲ့အတွက် ဒေသခံ ကျေးရွာသားတွေ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ ဒေသခံတွေဟာ အခုချိန်ထိ နေရပ်မပြန်နိုင်သေးပဲ တောတောင်တွေထဲ ပုန်းအောင်းနေထိုင်နေရဆဲ ဖြစ်ပါတယ်ရှင်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/kun-welcome-nug-new-government/5857104.html

အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းမှု KNU တပ်မဟာ ၅ ထောက်ခံ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းမှု KNU တပ်မဟာ ၅ ထောက်ခံ Reviewed by THITHTOOLWIN on 21:41 Rating: 5

No comments:

Powered by Blogger.