ဖာပွန်ခရိုင် KNU နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာဆဲ

KNU တပ်ဖွဲ့ဝင်များ

စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကရင်အမျိုးအသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ထားတဲ့နေရာတွေအပေါ် စစ်လေယာဉ်တွေ ပျံဝဲခဲ့လို့ ဒေသခံတွေ ဗုံးကြဲမှာ စိုးရိမ်ပြီး ထွက်ပြေးနေကြပါတယ်။ ဖာပွန်ခရိုင်က မမောင်းမြို့နယ်ထဲမှာလည်း လက်နက်ကြီးတွေနဲ့ နှစ်ဖက်ပစ်ခတ်မူတွေရှိနေပါတယ်။ ကရင်ပြည်နယ်ဘက်မှာ ခုလိုဖြစ်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

KNU တပ်မဟာ ၅ ထိန်းချုပ်တဲ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း မတ်လကုန်ပိုင်းကစလို့ စစ်တပ်နဲ့ KNU တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်က ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်ခဲ့ပါတယ်။ အခုရက်ပိုင်းမှာလည်း ၂ ဖက် စစ်ရေးတင်းမာနေပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ

ကေအန်ယူ ထိန်းချုပ်ရာနယ်မြေထဲကို စစ်လေယာဉ်တွေ ပျံဝဲနေတာတွေ စစ်တပ်ဖက်က လုပ်နေတယ်လို့ ကေအန်ယူတပ်မဟာ(၅)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောကလယ်ဒိုက အခုလိုပြောပြပါတယ်။

“လောလောဆယ် ဒီလိုပဲ စုံစမ်းထောက်လှမ်း တာလားမသိဘူး။ မနေ့ကလည်းလာတယ် ၊ ဒီနေ့ လည်းလာတယ်။ မနက် ၈နာရီလောက်က တခေါက်လာတယ် ၊ နေ့လည် ၁၁နာရီလောက်မှာ တခေါက်လာတယ်။ ဒီလိုပဲ နေတိုင်းလေယာဉ် ပျံလာဝဲနေတယ်။ ပစ်မှတ်လာရှာတာလားတော့ မသိဘူး။”

ခုလို စစ်တပ်က ဝေဟင်ကနေ လေယာဉ်တွေ ပျံသန်းခဲ့တာကြောင့် ဗုံးကြဲမှာ စိုးရိမ်တဲ့ အတွက် ဒေးပူးနိုကျေးရွာဘက်က ရွာသား ၄ ထောင်လောက်ဟာ ဘေးလွတ်ရာကို ထပ်မံ ရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။

ဖာပွန်မြို့မှာတော့ အခုရက်ပိုင်းအတွင်း စစ်တပ်ဖက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သလို၊ KNU ဖက်ကလည်း မြို့ပြင်မှာရှိတဲ့ စစ်တပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖာပွန်မြို့ခံတဦးကပြောပြပါတယ်။

“ဖာပွန်မြို့နယ်ကနေ ကမမောင်းမြို့နယ် ဘက်သွားတဲ့လမ်းမှာ ခလရ ၁၉ ၊ ခမရ ၃၄၀ ၃၄၁ ၄၃၄ အဲဒီကြားမှာလည်း ဗျူဟာကုန်းဆိုတာလည်း သပ်သပ်ရှိတယ်။ အဲဒီထဲကိုပစ်ထည့်နေတာ။ မနေ့က နေ့လည် ၂နာရီခွဲလောက်ကနေ ပစ်နေတာ ညနေ ၅ နာရီလောက်ထိပစ်နေတာ။”

ခုလို ၂ ဖက် ပစ်ခတ်မှု တွေကြောင့် အရပ်သား ၄ ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ဖာပွန်မြို့ထဲမှာလည်း အိမ်ပြင်သိပ်မထွက်ရဲကြပါဘူး။ နေ့ရော ညပါ လုံခြုံမှု မရှိဘူးလို့ ဒေသခံလူထုတွေ ခံစားနေကြပြီး စိုးရိမ်စိတ်နဲ့ နေနေကြရတယ်လို့ ပြောပါတယ်။

ဖာပွန်မြို့နယ်နဲ့ ကမမောင်းမြို့နယ်ထဲက ပြည်သူတွေဟာ ဘေးကင်းနိုင်မယ့်နေရာတွေကို ပြောင်းရွှေ့နေတာ၊ ဗုံးခိုကျင်းတူးပြီး ခိုလှုံနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်ထဲက သာ့မူ့စူ လို ကျေးရွာကိုလည်း ဒီနေ့ ဧပြီ ၁၃ရက်နေ့ နေ့လည်း ၂ နာရီလောက်မှာ စစ်တပ်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရတယ်လို့ ကရင်သတင်းစဉ်မှာ ဖော်ပြခဲ့ပါတယ်။ 


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/knu-myanmar-army-tension/5851917.html

ဖာပွန်ခရိုင် KNU နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာဆဲ ဖာပွန်ခရိုင် KNU နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာဆဲ Reviewed by THITHTOOLWIN on 05:47 Rating: 5

No comments:

Powered by Blogger.