လက်နက်ကိုင်ခုခံစစ်နွှဲလိုကြတဲ့ GenZတွေ

ပြည်သူကို အကာအကွယ်ပေးမယ့် စစ်တပ်တစ်ခု ရှိလာဖို့ မျှော်လင့်ကြသူတွေ များလာ

တစ်ရာကျော်လောက် အရေအတွက်ရှိတဲ့လူငယ်လေးတွေ တီရှပ်အင်္ကျီအနက်၊ ထရပ်ဆု ဘောင်းဘီရှည်အနက်တွေဝတ်လို့ ၊ ကင်းဗတ်စ်ဖိနပ် ဒါမှမဟုတ် ဝေါ့ကင်းရှူးတွေစီးလို့ ကွင်းကျယ်တခုကို မနက်ခင်းအစောပိုင်းအချိန်မှာ ပတ်ကာ ပြေးရင်း လေ့ကျင့်ခန်း ယူနေကြ တာ၊ စစ်သင်တန်းတက်နေကြတာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေး တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါ်ထွက်လာပါတယ်။

ဒီဗီဒီယိုဟာ ဧပြီလ အစောပိုင်း ကာလတစ်ခုက ကရင်ပြည်နယ်တွင်းက နေရာ တစ်ခုမှာ ရိုက်ထားတာလို့ သိထားရတဲ့အကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

သူတို့ထဲက အများစုဟာ ဂျန်နရေးရှင်းဇီ GenZ လို့ တင်စားခေါ်ဝေါ်ကြတဲ့ အသက် ၂၀ တဝိုက် လူငယ်တွေပါ။

သူတို့ရဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ မမွန်မွန်က " ကျွန်မတို့ ဒီမှာ ၃ လကြာ စစ်သင်တန်းယူမယ်၊ ကျွန်မတို့အားလုံးရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ တော်လှန်ရေး"လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ သူတို့က ညီညွတ်သော ကာကွယ်ရေးတပ် (United Defense Force) ကိုဖွဲ့စည်းမှာလို့လည်း ဆိုပါတယ်။

ဒီလိုလူငယ်တွေနယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိရာ နေရာကို ထွက်လာပြီး စစ်သင်တန်းယူကြတယ်၊ တချို့က သူတို့မူရင်းလာခဲ့တဲ့ ဒေသတွေဆီကို ပြန်သွားကြတယ်၊ တချို့ကလည်း နယ်စပ်မှာ ရှိနေဆဲပဲ ဆိုတဲ့ သတင်းတွေက လှုပ်ရှား တက်ကြွသူတွေဆီက တဆင့်ကြားနေကြရတာပါ။

ဟိုးမြန်မာပြည်ခေါင်ဖျားကနေ ခြေထောက်ပိုင်းအထိ တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ နယ်စပ်တကြောဆီကိုရောက်လာကာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဆီက စစ်သင်တန်းယူကြတဲ့လူငယ်တွေ၊ ဒါမှမဟုတ် လက်နက် လာရှာကြတဲ့ လူငယ်တွေ အရေအတွက်က "သတင်းတွေ စုံစမ်းရသလောက် ပေါင်းကြည့်ရင် ထောင်နဲ့ချီရှိတယ်" လို့ ဒီ GenZ တွေကို ကူညီချင်လို့ နယ်စပ်ကို ရောက်အောင် သွားခဲ့တဲ့ GenX အရွယ် ပြည်သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုတွေကို လက်နက်နဲ့ပစ်ခတ်နှိမ်နင်းလာရာမှာ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်က စလို့ ပိုပို ပြင်းထန် လာခဲ့ပါတယ်။

မတ်လ ၂၇ ရက် နေ့ တစ်ရက်ထဲတင် မြန်မာနိုင်ငံတလွှားမှာ စစ်ကောင်စီတပ် တွေရဲ့ ပစ်ခတ်မှုကြောင့် လူတွေ သေရတာ တစ်ရာကျော်ခဲ့တယ်လို့ ယုံကြည်သတ်မှတ် ထားကြပါတယ်။

လက်နက်ကိုင်ခုခံစစ်နွှဲလိုကြတဲ့ GenZတွေ
အခု ဧပြီလကုန်ပိုင်းကာလအထိ စစ်အာဏာသိမ်းပြီးနောက် ပစ်ခတ်မှုတွေကြောင့် သေဆုံးရတဲ့ လူပေါင်း ၇၅၀ ကျော်ပြီဆိုတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြတဲ့ လက်နက်မဲ့ပြည်သူတွေကို အညှာအတာမဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ မိမိ နေထိုင်ရာအိမ်တွေထဲမှာတောင် ပစ်ခတ်ခံရတာ၊ ကလေးတွေကိုပါ မရှောင် ပစ်ခတ်တာတွေကိုပါ ကြုံလာရတဲ့နောက် လူအများအပြားဟာ ပြည်သူကို အကာ အကွယ်ပေးမယ့် စစ်တပ် တတပ်ကို လိုချင်လာခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU က တာဝန်ရှိသူတွေက သူတို့ နယ်မြေတွေမှာ စစ်သင်တန်းတွေရှိနေတယ်လို့ မပြောပေမယ့် "လက်နက်ကိုင် တော်လှန်ရေးက မလွဲမသွေလုပ်ဆောင်ကြရမှာ ဖြစ်တဲ့အတွက် ဒီနေ့ ဒီအချိန်အခါမှာတော့ ဘယ်အခန်းကဏ္ဍကပဲ ဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်လူတန်းစားအလွှာကပဲဖြစ်ဖြစ် ဝိုင်းဝန်းလုပ်ဆောင် တိုက်ပွဲဝင်သွားရမှာပဲဖြစ်ပါတယ်"လို့ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းမန်းက ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56931917

လက်နက်ကိုင်ခုခံစစ်နွှဲလိုကြတဲ့ GenZတွေ  လက်နက်ကိုင်ခုခံစစ်နွှဲလိုကြတဲ့ GenZတွေ Reviewed by THITHTOOLWIN on 22:54 Rating: 5

No comments:

Powered by Blogger.