မြန်မာလုံခြုံရေးတပ်ဖွဲ့ သတ်ဖြတ်မှု ထိတ်လန့်တုန်လှုပ်ဖွယ် (ကုလ ပြောခွင့်ရ Dujarric)


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသူ အနည်းဆုံး ၇၀၇ ယောက် ရှိနေကြောင်း စိတ်ချ ယုံကြည်ရတဲ့ အစီရင်ခံချက်တွေမှာ ဖော်ပြထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တနလာင်္နေ့မှာ ပြောဆိုပါတယ်။ အကြမ်းဖက်မှုတွေ အားလုံး ရပ်ဖို့လည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက တောင်းဆိုထားပါတယ်။

"စိတ်ချယုံကြည်ရတဲ့ အစီရင်ခံချက်တွေ အရ မြန်မာ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း သတ်ဖြတ်ခံရသူ အနည်းဆုံး ၇၀၇ ဦး ရှိနေပြီး ဒီထက် ပိုပြီး များနိုင်တယ်လို့ ယုံကြည်ရကြောင်း၊ ဒဏ်ရာရသူက ထောင်ချီ ရှိပြီး တချို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားကြောင်း" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujarric က တနလာင်္နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ် နှိမ်နင်းနေတာမှာ ပြီးခဲ့တဲ့ သောကြာနေ့နောက်ပိုင်း ဆန္ဒပြသူ ၉၃ ဦး သေဆုံးရကြောင်း သတင်းတွေက ဖော်ပြပြီး ဒီထဲက အများစုက ပဲခူးမြို့က ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို လက်နက်ကြီးတွေ အသုံးပြု ဖြိုခွဲနေတယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ အထူးဘဲ စိုးရိမ်ကြောင်းလည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ် နှိမ်နင်းမှုကြောင့် အရပ်သား ရာချီ သေဆုံးရတဲ့ အထဲမှာ အနည်ဆုံး ကလေးငယ် ၄၄ ဦး ပါဝင်ကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-armed-forces-killed-more-than-700-civilians-/5850397.html

မြန်မာလုံခြုံရေးတပ်ဖွဲ့ သတ်ဖြတ်မှု ထိတ်လန့်တုန်လှုပ်ဖွယ် (ကုလ ပြောခွင့်ရ Dujarric) မြန်မာလုံခြုံရေးတပ်ဖွဲ့ သတ်ဖြတ်မှု ထိတ်လန့်တုန်လှုပ်ဖွယ် (ကုလ ပြောခွင့်ရ Dujarric) Reviewed by THITHTOOLWIN on 05:54 Rating: 5

No comments:

Powered by Blogger.