မြန်မာအရေး စုံစမ်းဖို့ ဖွဲ့ထားတဲ့ ကုလယန္တရားနဲ့ CRPH ရဲ့ ရှေ့နေတွေ ဆွေးနွေးမယ်

ကုလကြား၀င်ဖို့ ဆန္ဒပြသူတွေတောင်းဆို

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ ရှေ့နေအဖွဲ့နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေ အပေါ် စုံစမ်းနေတဲ့ လွတ်လပ်တဲ့ ယန္တရားအဖွဲ့ IIMM တို့ ဒီနေ့ ဧပြီ ၇ ရက်မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖေါ်၀ါရီ ၁ ရက်က စလို့ မြန်မာစစ်တပ် တောက်လျှောက် ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး ရှေ့နေအဖွဲ့ ဗော်တဲရာ ဖီယက်တာ Volterra Fietta နဲ့ IIMM ကို ဦးဆောင်နေသူတို့ကြား ဆွေးနွေးကြမှာ ဖြစ်တယ်လို့ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံတမန် ဒေါက်တာဆာဆာက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ကျုးလွန်မှုတွေအပေါ် ကိုင်တွယ်နိုင်ရေး IIMM နဲ့ကြား ဘယ်လို ပုံစံမျိုးတွေနဲ့ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ကြမလဲ ဆိုတာကို ဆွေးနွေးကြဖို့ ရည်ရွယ်ထားတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

- အာဏာသိမ်းရက်ပေါင်း ၆၀ ကျော်အတွင်း နိုင်ငံတဝန်း ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် သေဆုံးသူ ၅၇၀ ‌ထိရှိလာ

- ၂၀၂၁ စစ်အာဏာသိမ်း - ကလေးတွေပါ ကျည်ထိသေဆုံးနေတဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ

- ဘဝအပျက်ခံပြီးအာဏာဖီဆန်ကြသူများ

ကရင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သားတွေ ထွက်ပြေးရ

CRPH ရရှိထားတဲ့ သက်သေတွေ

အာဏာသိမ်းစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ဖော်ပြနေတဲ့ သက်သေအထောက်အထားပေါင်း တစ်သိန်းရှစ်သောင်းအထိ CRPH ရရှိထားတယ်လို့ ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

မြန်မာစစ်တပ်က လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ဘယ်လောက် ကျယ်ကျယ်ပြန့် ကျုးလွန်နေသလဲ ဆိုတာကို အဲဒီ အထောက်အထားတွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။

CRPH လက်ထဲမှာ ရှိတဲ့ သက်သေအထောက်အထားတွေထဲမှာ စစ်တပ်ရဲ့ ...

၁။ ဥပဒေမဲ့ သတ်ဖြတ်စီရင်ခဲ့မှုပေါင်း ၅၄၀ ကျော်

၂။ နိုင်ငံရေးအကျဥ်းသားတွေ အထိန်းသိမ်းခံရစဥ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပေါင်း ၁၀ မှုကျော်

၃။ အကျဥ်းသားတွေကို နှိပ်စက်ညှင်းပမ်းမှုတွေ

၄။ ငြိမ်းချမ်းစွာဆန္ဒပြကြသူတွေကို သေစေလောက်တဲ့ လက်နက်တွေ၊ အဆမတန် အင်အားနည်းနာတွေ သုံး ဖြိုခွဲတာမျိုး နေရာအနှံ့ လုပ်ဆောင်ခဲ့ပုံတွေ အပါအ၀င် ငြိမ်းချမ်းစွာ စု၀ေးခွင့်အပေါ် ချိုးဖောက်ပုံတွေ

၅။ ဥပဒေနဲ့မညီပဲ ဖမ်းဆီးတာမျိုး ကျယ်ကျယ်ပြန့်ပြန့်လုပ်ပုံတွေ

၆။ စာနယ်ဇင်းသမားတွေ၊ သတင်းဌာနတွေနဲ့ ဓာတ်ပုံဆရာတွေ အပေါ် ပစ်မှတ်ထားပုံတွေ

၇။ အင်တာနက် အသုံးပြုခွင့် အပေါ် ကန့်သတ်မှု အပါအ၀င် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် အပေါ် ထိန်းချုပ်တဲ့ လုပ်ရပ်တွေ စတာတွေကို ဖော်ပြနေတဲ့ သက်သေတွေ CRPH လက်ထဲမှာ ရှိတယ်လို့ CRPH ရဲ့ ရှေ့နေအဖွဲ့နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ပေးတဲ့ IIMM ကြား ဆွေးနွေးပွဲ မတိုင်ခင် ဒေါက်တာဆာဆာက ထုတ်ပြန်ပါတယ်။

နီကိုလပ်စ် ကွမ်ဂျီယန်

IIMM ကို ဦးဆောင်နေသူ နီကိုလပ်စ် ကွမ်ဂျီယန်

မြန်မာအရေး စုံးစမ်းတဲ့ လွတ်လပ်တဲ့ ယန္တရား အဖွဲ့ IIMM

IIMM အဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်း ဆုံးဖြတ်ချက်နဲ့ ၂၀၁၈ စက်တင်ဘာ ၂၀၁၈ မှာ စပြီး ဖော်ဆောင်ထားရှိလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲ ၂၀၁၁ က စပြီး ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရာဇ၀တ်မှုမြောက်တဲ့ ကျုးလွန်မှုတွေ၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ အခိုင်အမာ ရရှိအောင် စုစောင်း၊ ထိန်းသိမ်း၊ စိစစ်ဖို့ တာ၀န်နဲ့ အဲဒီ လွတ်လပ်တဲ့ ယန္တရားတစ်ရပ် ထူထောင် ထားရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျုးလွန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေနဲ့ အညီ ရာဇ၀တ်ကြောင်း ဆိုင်ရာ အရေးယူ တရားစီရင်မှုတွေ ဖြစ်လာခဲ့ရင် သက်ဆိုင်ရာ ရုံးတော်တွေ အတွက် အထောက်အကူ ဖြစ်စေအောင် IIMM က အမှုကိစ္စတွေကို အသင့် ပြင်ဆင်ပေးဖို့ တာ၀န်လည်း ရှိပါတယ်။

IIMM ကို ဦးဆောင်နေသူက နိုင်ငံတကာ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၂၀ အတွေ့အကြုံရှိပြီး ၊ ကိုယ်တိုင် အမှုစွဲရှေ့နေ တစ်ယောက်ဖြစ်တဲ့ အမေရိကန်က နီကိုလပ်စ် ကွမ်ဂျီယန် Nicholas Koumjian ဖြစ်ပါတယ်။

IIMM ရဲ့ လက်ထောက်အကြီးအကဲကတော့ ဂျပန်နိုင်ငံက မစ္စ ကာအိုရူး အိုကူအီဇုမိ Kaoru Okuizumi ဖြစ်ပါတယ်။ သူကတော့ ဥပဒေစိုးမိုးရေးနဲ့ ပဋိပက္ခတွေအတွင်း ပေါ်ပေါက်တဲ့ လိင်ပိုင်း အကြမ်းဖက်မှုတွေ အပေါ် ကိုင်တွယ်တဲ့ ကုလသမဂ္ဂ အဖွဲ့ကို ဦးဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ဂျနီဗာ

ဂျနီဗာ လူ့အခွင့်အရေးကောင်စီ

IIMM ကနေ ၂၀၁၉ နဲ့ ၂၀၂၀ တို့အတွက် နှစ်လည်အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပြီး ဂျနီဗာ လူ့အခွင့်အရေးကောင်စီနဲ့ နယူးယောက် အထွေထွေညီလာခံတွေမှာ တင်သွင်းထားသလို၊ မြန်မာအမှုကို ကြားနာနေတဲ့ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ မှာလည်း IIMM ရဲ့ အစီရင်ခံစာကို ကိုးကားအသုံးပြုတာ တွေ့ရပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ကျုးလွန်သူတွေ၊ တာ၀န်ရှိသူတွေ အပေါ် အပြစ်ပေး အရေးယူနိုင်ဖို့ နည်း အမျိုးမျိုးသုံး လုပ်ဆောင်သွားမယ်လို့ CRPH က ပြောထားပါတယ်။

ဒါ့ကြောင့် သူတို့ရဲ့ ဥပဒေ အကြံပေး နိုင်ငံတကာ ရှေ့နေအဖွဲ့ ဗော်တဲရာ ဖီယက်တာ က ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ အသီးသီးနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

CRPH က လုပ်ဆောင်မယ်လို့ ပြောထားတာထဲမှာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှာ မြန်မာစစ်တပ်က တာ၀န်ရှိသူတွေကို တရားစွဲနိုင်ဖို့ ကိစ္စလည်း ပါ၀င်ပါတယ်။

မြန်မာဟာ ICC ရဲ့ အဖွဲ့၀င် နိုင်ငံမဟုတ်ပေမယ့် မြန်မာအရေး စုံစမ်း အရေးယူပေးဖို့ မြန်မာဘက်က လျှောက်ထားနိုင်တဲ့ နည်းလမ်း အပါအ၀င် ဥပဒေကြောင်းအရ ချည်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ CRPH ဘက်က ထုတ်ဖော် ပြောဆိုထားပါတယ်။

တခါ၊ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ကလည်း ၂၀၁၉ နို၀င်ဘာ လလယ်ကတည်းက ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ထဲက အခြေအနေတွေကို စုံစမ်းဖို့ ရုံးတော်ရဲ့ အမှုစွဲရှေ့နေကို ခွင့်ပြုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56658245

မြန်မာအရေး စုံစမ်းဖို့ ဖွဲ့ထားတဲ့ ကုလယန္တရားနဲ့ CRPH ရဲ့ ရှေ့နေတွေ ဆွေးနွေးမယ်  မြန်မာအရေး စုံစမ်းဖို့ ဖွဲ့ထားတဲ့ ကုလယန္တရားနဲ့ CRPH ရဲ့ ရှေ့နေတွေ ဆွေးနွေးမယ် Reviewed by THITHTOOLWIN on 09:34 Rating: 5

No comments:

Powered by Blogger.