CRPH နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ ဆက်သွယ်ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Atul Keshap ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဗျူရိုက ယာယီ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Busby။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ အရေးကြီးတယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Atul Keshap ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဗျူရိုက ယာယီ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Busby တို့ကြား သဘောတူခဲ့ကြတယ်လို့ အမေရိကန်၊ အာရှ-ပစိဖိတ်မီဒီယာဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို လိုလားတောင့်တနေတဲ့ မြန်မာလူထုကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ထောက်ခံတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ ဒါဟာဖြင့် အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ CRPH အကြား ဆက်သွယ်ဆွေးနွေးမှုကို ပထမဆုံး လူသိရှင်ကြား တရားဝင်ထုတ်ပြန်တာပဲဖြစ်ပါတယ်။

ဒီဆွေးနွေးမှုနဲ့ပတ်သက်ပြီး CRPH က ဒီကနေ့ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ဗွီအိုအေကို အခုလို ဖြေကြားခဲ့ပါတယ်။

"မနေ့ကတော့ ကျနော်တို့ရဲ့ ဆွေးနွေးမှုက ကျနော်တို့ CRPH နဲ့ အာရှဗြူရိုဘက်နဲ့ နံပါတ် ၁ ကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ ကျနော်တို့ဆွေးနွေးတာဖြစ်ပါတယ်။ စစ်အာဏာရှင်အစိုးရရဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေအကြောင်း ကျနော်တို့ ဆွေးနွေးတယ်။ ပြီးတဲ့အခါမှာတော့ ကျနော်တို့ ဒီမိုကရေစီရရှိရေးအတွက် ဘယ်လိုနည်းလမ်းတွေ ကျနော်တို့ CRPH ဘက်က ပူးပေါင်းဆောင်ရွက်ထားရှိသလဲ ဆိုတာကို ကျနော်တို့ အကြမ်းဖျင်းဆွေးနွေးခဲ့ပြီးတော့ အာရှ-ပစိဖိတ် ဗြူရို ဘက်ကလည်း သူတို့အနေနဲ့ သဘောတူတာတွေရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန (State Department) ကို တင်ပြပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ ဆွေးနွေးချက်ကိုတော့ ကျနော်တို့ ပြောလို့ရပါတယ်။ "

အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ပထမဆုံးအကြိမ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးလွင်ကိုလတ်က အဲဒီလိုဖြေကြားသွားတာပါ။

ရန်ကုန်မြို့၊ အမေရိကန်သံရုံးကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ လိုလားတောင့်တသူအားလုံးအတွက် အမေရိကန်စင်တာမှာ ခရေပင်တစ်ပင် ဒီကနေ့ စိုက်ပျိုးခဲ့တဲ့အကြောင်း သံရုံးဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/us-state-department-on-crph-myanmar/5855541.html

CRPH နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ ဆက်သွယ်ဆွေးနွေး CRPH နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ ဆက်သွယ်ဆွေးနွေး Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.