CNN သတင်းထောက်ချုပ်ရဲ့ မြန်မာပြည်တွင်းကနေ ပထမဦးဆုံးအကြိမ် တိုက်ရိုက်သတင်းပေးပို့ချက်

မြန်မာနိုင်ငံမှာ သတင်းယူဖို့ ရောက်ရှိနေတဲ့ CNN နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward က လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းကနေ ပထမဦးဆုံးအကြိမ် တိုက်ရိုက် သတင်းပေးပို့ချက်ကို ဧပြီလ ၅ ရက်နေ့က CNN ရုပ်သံသတင်းကနေ နိုင်ငံတကာကို ထုတ်လွှင့်ခဲ့ပါတယ်။

ဒီသတင်းပေးပို့မှုမှာ Clarissa Ward က လွန်ခဲ့တဲ့ ၂ လ က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ကြောင်း၊ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း စစ်တပ်ကို ပြည်သူတွေက မထောက်ခံဘဲ နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ရှိခဲ့ကြောင်း၊ ဒီဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ ကလေးငယ်တွေ အပါအဝင် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း၊  နိုင်ငံတကာ သတင်းထောက်တွေ ပြည်ဝင်ခွင့် မရတဲ့အချိန်မှာ CNN အနေနဲ့ စစ်တပ်ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး အကြမ်းဖက် ဖြိုခွင်းမှုတွေအတွက် တာဝန်ရှိသူတွေနဲ့ ရင်ဆိုင်ပြီး လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို တင်ပြမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

CNN သတင်းတင်ဆက်သူက ကိုင်တွယ်ရခက်တဲ့ အခြေအနေမျိုးမှာ ရောက်နေတဲ့ Clarissa Ward အနေနဲ့ လွတ်လပ်စွာ သတင်းယူခွင့် ရခဲ့ပါသလားလို့ မေးမြန်းရာမှာတော့ .... မြန်မာနိုင်ငံကို လာရောက်စဉ်မှာ လွတ်လွတ်လပ်လပ် သွားလာသတင်းယူနိုင်ဖို့နဲ့ ဟိုတယ်တခုမှာ တည်းခိုနိုင်ဖို့ ပြောဆိုခဲ့ပေမယ့် တကယ်တမ်းမှာ စစ်တပ်ဝင်းထဲမှာသာ နေထိုင်ရတာကြောင့် သွားလာသတင်းယူဖို့ မလွတ်မလပ် ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။ ပထမဆုံး အပြင်ထွက်တဲ့နေ့မှာတင်ပဲ စစ်သားအပြည့်အပါတဲ့ စစ်ကားခြောက်စီး လိုက်ပါခဲ့ကြောင်း၊ စစ်သားတွေနဲ့ အရပ်ဝတ်တွေက မျက်စိဒေါက်ထောက် ကြည့်ပြီး သတင်းပို့နေတဲ့အပြင် တယ်လီဖုန်းတွေနဲ့ အချိန်ပြည့် ဗီဒီယိုမှတ်တမ်းယူနေပြီး CNN နဲ့ စကားပြောဆိုသူ မှန်သမျှကိုလည်း မှတ်သားထားကြောင်း ဆိုပါတယ်။ 

CNN ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေအကြောင်း မေးမြန်းရာမှာတော့ .... လူစည်ကားတဲ့ ဈေးတခုကို သွားရောက် သတင်းယူဖို့ စစ်ကောင်စီက ခွင့်ပြုပေးခဲ့ချိန်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့ကြောင်း၊ CNN အနေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို မေးမြန်းပြောဆိုရင် အန္တရာယ်ရှိနိုင်တာကို နားလည်တဲ့အတွက် တက်ကြွလှုပ်ရှားသူတွေကို မေးခွင့်မရခဲ့ကြောင်း ပြောပါတယ်။ ဒီဈေးကို သူတို့အဖွဲ့ ရောက်ခဲ့ချိန်မှာတော့  မြန်မာပြည်သူတွေဟာ သူတို့အဖွဲ့ရှိရာကို လက်သုံးချောင်းထောင် လာရောက်ခဲ့ကြပြီး သူတို့ကြောက်ရွံ့နေကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း မနေရကြောင်း လာရောက် ပြောဆိုခဲ့ကြတာကြောင့် CNN အနေနဲ့ ပြည်သူတွေအမြင်ကို သိရအောင် ပြောဆိုစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုပြောကြားခဲ့ပြီး မကြာခင်မှာပဲ ဖြေကြားသူတွေကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးခဲ့ပြီး အမျိုးသမီးတယောက်ဆိုရင် Clarissa Ward ရဲ့အနောက်ကို တုန်တုန်ယင်ယင်နဲ့ပြေးလိုက်လာပြီး CNN နဲ့ စကားပြောလို့ သုံးယောက် အဖမ်းခံသွားရကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပြီး CNN ကို ဖြေကြားခဲ့တာကြောင့် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီလူတွေကို ပြစ်မှုကျူးလွန်လို့ ဖမ်းဆီးတာမဟုတ်ဘဲ ဒီလူတွေက ဈေးထဲမှာ ဆန္ဒပြရင် အများပြည်သူ အနှောင့်အယှက်ဖြစ်သွားမှာကို စိုးရိမ်လို့ ထိန်းသိမ်းတာသာ ဖြစ်ကြောင်း၊ မကြာခင် ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ Clarissa Ward က ဖမ်းဆီးခံရသူတွေ လွတ်မြောက်လာတဲ့အတွက် စိတ်သက်သာရာ ရခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ လက်ရှိ  မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတာတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတာပဲ ဖြစ်ကြောင်း ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီ လိုလားကြောင်း၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို လိုချင်ကြောင်း ကင်မရာရှေ့မှာ ထွက်ပြီး ပြောရင်တောင် ဖမ်းဆီးခံရမှာကို ထိတ်လန့် ကြောက်ရွံ့နေကြရအောင် ဖိနှိပ်ထားကြောင်း ပြောပါတယ်။

CNN သတင်းဌာနကို ဖြေကြားရင်တောင် ဖမ်းဆီးနေတဲ့ စစ်ကောင်စီက Clarissa Ward ကို  မြန်မာပြည် ဝင်ခွင့်ပေးတာ ဘာကြောင့်များလဲလို့ သတင်းတင်ဆက်သူက မေးမြန်းခဲ့ရာမှာ ..."စစ်တပ်က သတင်းထဲမှာ သူတို့ဘက်က အမြင်ကိုပါ ထည့်သွင်းဖော်ပြစေချင်ပြီး CNN ကလည်း စစ်တပ်ဘက်ကို ဒီအခွင့်အရေး ပေးပြီး ပြောဆိုစေခဲ့ကြောင်း" Clarissa Ward က ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အန္တရာယ်များတဲ့ အကြမ်းဖက်မှုတွေ အဖြစ် ရှုမြင်ပြောဆိုပြီး ဒီဆန္ဒပြပွဲတွေကြောင့် မြန်မာပြည်ရဲ့ စီးပွားရေး ထိခိုက်ကျဆင်းလာကြောင်းနဲ့ ဒီဆန္ဒပြပွဲတွေသာ မရှိတော့ရင် စစ်တပ်ဘက်က လာမယ့် နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေးမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

Clarissa Ward က တွေ့ဆုံမေးမြန်းရာမှာလည်း ဆန္ဒပြသူတွေရဲ့ ခြိမ်းခြောက် အကြမ်းဖက်တာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောဆိုသူတွေကိုသာ တွေ့ဆုံဖြေကြားစေပြီး ဆန္ဒပြသူတွေက ဖျက်ဆီးခဲ့တယ်ဆိုတဲ့ အဆောက်အဦးတွေကို စစ်ကောင်စီဘက်က လိုက်လံပြသခဲ့တယ်လို့လည်း ဆိုပါတယ်။

လာမယ့် နှစ်နှစ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကိုလည်း ယုံကြည်သူ မရှိသလောက်ဖြစ်နေပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အများအပြားရှိခဲ့ပြီး ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း မဲမသမာမှု ကြီးကြီးမားမားရှိတယ်ဆိုတဲ့ မှတ်ချက်တွေလည်း မရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းခဲ့ကြောင်း ပြောပါတယ်။ 

စစ်တပ်ရဲ့ ဖိနှိပ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရတာကြောင့် မြန်မာပြည်သူတွေက စစ်ကောင်စီကို အယုံအကြည်မရှိကြောင်း၊ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတဲ့ ဒီမိုကရေစီကို ပြန်လည်ရရှိရေးအတွက်  ပြည်သူတွေဘက်က လက်လျှော့မှာ မဟုတ်ကြောင်း၊ လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ကြောင်း Clarissa Ward က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Clarissa Ward က လက်ရှိ တွေ့မြင်ရသလောက် စစ်ကောင်စီမှာ လက်နက်ကိုင်စစ်တပ်က လွဲလို့ ဘာမှမရှိကြောင်း ပြည်သူတွေရဲ့ ထောက်ခံမှုလည်း မရကြောင်း၊ ဒါပေမယ့် စစ်တပ်က လက်နက်အင်အား၊ ငွေကြေးအင်အား တောင့်တင်းတာကြောင့် UN အပါအဝင် အားလုံးက မြန်မာနိုင်ငံမှာ သွေးချောင်းစီးမယ့်အရေး စိုးရိမ်နေကြောင်းနဲ့ ပြည်တွင်းစစ် ဖြစ်လာမယ့်အရေးကိုလည်း ဘယ်သူကမှ တွေ့မြင်လိုကြမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 


RFA Burmese

https://www.facebook.com/rfaburmese

CNN သတင်းထောက်ချုပ်ရဲ့ မြန်မာပြည်တွင်းကနေ ပထမဦးဆုံးအကြိမ် တိုက်ရိုက်သတင်းပေးပို့ချက် CNN သတင်းထောက်ချုပ်ရဲ့ မြန်မာပြည်တွင်းကနေ ပထမဦးဆုံးအကြိမ် တိုက်ရိုက်သတင်းပေးပို့ချက် Reviewed by THITHTOOLWIN on 06:06 Rating: 5

No comments:

Powered by Blogger.