CDM ဆရာဝန်ကြီးတွေကို ဝရမ်းထုတ်၊ ကုသခွင့်ပေးတဲ့ ဆေးရုံဆေးခန်းတွေကို လိုင်စင်ပိတ်မယ်လို့ ကြေညာ

ဒီနေ့ ဧပြီ ၁၄ရက်မှာ ကျန်းမာရေးမိသားစုအဖွဲ့နဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သွေးမတိတ်သပိတ် စစ်ကြောင်းပူးပေါင်းပြီး ပြုလုပ်တဲ့ ဆန္ဒပြပွဲ

အာဏာသိမ်း စစ်ကောင်စီကနေ ဆရာဝန် ၁၉ ဦး ကို ပုဒ်မ ၅၀၅ (က)နဲ့ ဝရမ်း ထုတ်တာကို စစ်ကောင်စီပိုင် မီဒီယာတွေကနေ ကြေညာလာတဲ့နောက် ဒီလုပ်ရပ်ဟာ သူတို့ကို “ကြောက်ရွံ့သွားအောင် ခြိမ်းခြောက်လိုက်တာပဲ”လို့ CDM ဆရာဝန်တွေက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်လုပ်တယ်၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပျက်ပြားအောင်လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက ၀ရမ်း ထုတ်တဲ့ စာရင်းမှာ ပါဝင်တဲ့ ဆရာဝန်တွေက ပါမောက္ခ ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေ၊ ဆေးရုံအုပ်တွေ စတဲ့ ဆရာဝန်ကြီးတွေပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုပြီး ခိုင်ခိုင်မာမာ အထောက်အထား မပြနိုင်ဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ရက်ပိုင်းအတွင်းမှာပဲ ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းအပါအဝင် အစိုးရ ဝန်ထမ်းတွေရဲ့ လူထုအာခံမှု CDMကို ကြုံတွေ့ခဲ့ရပါတယ်။

CDMလုပ်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေဟာ သက်ဆိုင်ရာ အစိုးရဆေးရုံတွေမှာ အလုပ်ဆင်းဖို့ ငြင်းဆန်ခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံ တလွှားက အစိုးရ ဆေးရုံတွေမှာ လည်ပတ်အလုပ်လုပ်နိုင်တဲ့ ဆေးရုံက မရှိသလောက် ဖြစ်နေတာပါ။

“အများစုကတော့ ဒီလို ခြိမ်းခြောက်လည်း အလုပ်ပြန်ဆင်းကြမှာ မဟုတ်ဘူး”လို့ CDM လုပ်ထားတဲ့ အထူးကု ဆရာဝန် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဆရာဝန်တွေက စေတနာ့ဝန်ထမ်းဆေးခန်းတွေမှာ၊ အပြင်ဆေးခန်းတွေမှာ လူနာတွေကို ကုသပေးတဲ့အခါမှာလည်း အဲဒီ့ ဆေးခန်းတွေကို စစ်ကောင်စီ တပ်ဖွဲ့တွေက ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာ၊ ပုဂ္ဂလိကဆေးခန်းနဲ့ ဆေးရုံ ပိုင်ရှင်တွေကို CDM ဆရာဝန်တွေကို လက်မခံဖို့ ညွှန်ကြားထားတာ စတဲ့ အရေးတွေကိုလည်း ကြုံနေကြရပါတယ်။ အဲဒီဆေးရုံ၊ဆေးခန်းတွေကို လိုင်စင်ပိတ်သိမ်းမယ်လို့လည်း ကြေညာလိုက်ပါတယ်။

ဆရာဝန်တွေအနေနဲ့ လူနာကို ကုသပေးချင်တဲ့ အရင်းခံ ဆရာဝန်စိတ်နဲ့ ရက်စက်ဖိနှိပ်တဲ့ စစ်ကောင်စီကို မလိုလား၊ မခံရပ်နိုင်တဲ့စိတ်တွေကြား CDM လှုပ်ရှားမှု ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ နဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ထားကြတယ်လို့ လည်း သူတို့က ဆိုကြပါတယ်။

သူတို့အနေနဲ့ သူတို့တင်မြှောက်ထားတဲ့ တရားဝင်အစိုးရကိုယ်စား ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ “CRPH က ပြောမယ့် ညွှန်ကြားမှုတွေကို နားစွင့်နေတယ်”လို့ CDM ဆရာဝန်တွေက ဘီဘီစီ ကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

CDM ဆရာဝန်ကြီးတွေကို ဝရမ်းထုတ်၊ ကုသခွင့်ပေးတဲ့ ဆေးရုံဆေးခန်းတွေကို လိုင်စင်ပိတ်မယ်လို့ ကြေညာ CDM ဆရာဝန်ကြီးတွေကို ဝရမ်းထုတ်၊ ကုသခွင့်ပေးတဲ့ ဆေးရုံဆေးခန်းတွေကို လိုင်စင်ပိတ်မယ်လို့ ကြေညာ Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.