မြစ်ငယ်မှာ ပစ်ခတ်ဖြိုခွဲမှု ၆ ဦးထက်မနည်း သေဆုံး

CDM လုပ်ဆောင်ကြဖို့ ဆန္ဒပြကြစဉ် (ဖေဖော်ဝါရီ ၂၂၊ ၂ဝ၂၁)

မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့မှာ CDM ပြုလုပ်တဲ့ မီးရထားဌာနက အင်ဂျင်နီယာကို စစ်တပ်နဲ့ ရဲက လာရောက်ဖမ်းဆီးတာကြောင့် ပြန်လွှတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုတာကို စစ်တပ်နဲ့ရဲကပစ်ခတ်တာကြောင့် ၆ ဦးထက် မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ဒီအကြောင်း မန္တလေးကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

၀န်ထမ်းအများစုရှိတဲ့ မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့မှာ CDM လှုပ်ရှားမှုထဲပါတဲ့ မီးရထားက အင်ဂျင်နီယာကို ဧပြီ ၁၃ ရက်နေ့ညပိုင်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ပြန်လွှတ်ပေးဖို့ မြို့ခံတွေက သွားရောက် တောင်းဆိုချိန် စစ်တပ်နဲ့ရဲက ပစ်ခတ်တာကြောင့် သေဆုံးရတဲ့အခြေအနေကို မြစ်ငယ် မြို့ခံ တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

“ကျနော်တို့ လက်ထောက်အင်ဂျင်နီယာ ကိုဌေးလုံးကို လာဖမ်းခေါ်သွားတာ။ ဖမ်းခေါ်သွားပြီး သူတို့က မြစ်ငယ် ရဲစခန်းထဲကို ဝင်သွားတယ်။ ဖမ်းခေါ်သွားတော့ ကျွန်တော်တို့က ပြန်လွှတ်ပေးဖို့အတွက် လူတွေ စုပြီးတော့မှ သွားတယ်။ သွားတာကို လမ်းတဝက်လောက်ပဲရှိသေးတယ် သူတို့က စခန်းထဲကနေ မြင်နေတာ ဖြစ်တာအတွက်ကြောင့် ကျနော်တို့ကို တောက်လျှောက် တရစပ်ပစ်ခတ်တယ်။ ပစ်တော့ ကျွန်တော်တို့က ဘယ်လိုမှ အနားလည်း ကပ်လို့မရဘူး။ ရာဘာကျည်နဲ့မဟုတ်ဘူး။ တကယ့်ကျည်အစစ်တွေနဲ့ကို ပစ်တာ။ ၆ ယောက်ကျတယ်။ ဥယျာဉ်တော်မှာတယောက် ဒနုံးရယ် အောင်မင်္ဂလာရယ် အဲ့မှာရှိတဲ့ ကလေးတွေပေါ့။ ကလေးတွေဆိုတာ လူလတ်ပိုင်းလေးတွေပေါ့။ ဖမ်းဆီးခေါ်ဆောင်သွားတာ ကျွန်တော်တို့မျက်မြင် ၃၀ ကျော်ကျော်လောက် ပါသွားတယ်။ ကျည်ဆံမှန်ထားတာ ခန့်မှန်းချေပြောရရင်တော့ ၁၅ ယောက်လောက်ရှိတယ်။”

အခုလို ဧပြီ ၁၃ ရက်နေ့ ညပိုင်း ပစ်ခတ်မှုတွေ ပြုလုပ်ပြီး အခြေအနေ တည်ငြိမ်သွားပေမယ့် ဒီကနေ့ ဧပြီ ၁၄ ရက် နေ့လည်ပိုင်းမှာ ပစ်ခတ်မှုတွေ ထပ်မံပြုလုပ်တဲ့အတွက် ၂ ဦး ကျည်ဆံထိမှန်ထားတာရှိတယ်လို့ မြို့ခံက ပြောပါတယ်။

“သူတို့က ၂ နာရီလောက်မှာ ဝင်လာတာခင်ဗျ။ ပစ်ခတ်မှုတွေက ဘယ်လိုလဲဆိုတော့ ကျနော်တို့ ကာထားတာတွေရှိတယ်။ အစောကြီးကတည်းက ကာထားတာ၊ သဲအိတ်တွေ ကာထားတာရှိတယ်။ ရှိတော့ ဘူဒိုဇာတွေကော ခေါ်လာပြီးတော့မှ လာဖြိုဖျက်ပြီး သူတို့က ဖျက်တဲ့အပြင် ရိုးရိုးတန်းတန်း လမ်းဖျက်တာ မဟုတ်ဘူးဗျာ၊ ပစ်ရင်းနဲ့ အဲ့လိုဖြိုသွားတာ၊ အဲ့မှာ အကုန်လုံးက ရုတ်ရုတ်တွေ ဖြစ်ကုန်တာ ထိတာတော့ ၂ ယောက်ထိထားတာ သေချာတယ်။”

ကျည်ဆံထိမှန်သူထဲမှာ သေဆုံးသူရှိတယ်လို့ သတင်းရရှိပေမယ့် သီခြားအတည်ပြုချက်တော့မရပါဘူး။ မြစ်ငယ်မြို့ဟာ မီးရထားဝန်ထမ်းတွေ အများစုရှိပြီး လက်ရှိအချိန်မှာ CDM လုပ်နေတဲ့ ဝန်ထမ်း ၁,၆၀၀ ကျော်ရှိပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့တဲ့ ပဲခူးမြို့မှာတော့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပြီး ပစ်ခတ်မှုတွေမရှိတော့ပေမယ့် ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကို ဖမ်းဆီးတာတွေ ရှိနေပြိး လမ်းမတွေမှာ အသွားအလာ ခြောက်ကပ်နေတယ်လို့ မြို့ခံ တဦးကပြောပါတယ်။

“ပဲခူးအနောက်ဖက်ခြမ်းမှာတော့ ဆန္ဒပြပွဲလေးတွေ လုပ်တာတော့ရှိတယ်။ ပစ်ခတ်မှုတွေတော့ မရှိတော့ဘူး။ ဖမ်းဆီးမှုတွေတော့ရှိတယ်။ ပထမရက်က ဆန္ဒပြပွဲမှာ ပါတဲ့သူတွေကို လိုက်ပြီးတော့ ဖမ်းတာတွေတော့ရှိတယ်။ နာမည်နဲ့။ မြို့ပေါ်မှာ လုံခြုံရေးအခြေအနေက ရှိတယ် ဖုန်းတွေစစ်တာတွေရှိတယ်။ ပထမရက်ကထက်စာရင် လုံခြံုရေးအင်အား နည်းနည်းတော့ နည်းသွားတယ်။ ဒါပေမယ့် ရှိနေတုန်းပဲ။ မြို့ပေါ်မှာတော့ သင်္ကြန်အတွင်း လမ်းပေါ်မှာ လူကတော့ လုံးဝမရှိဘူးပေါ့ဗျာ။ မနက်ပိုင်းမှာတော့ သပိတ်လေးတွေတော့ ထွက်ကြတယ်။ လုပ်ကြတယ်။”

စစ်တပ်နဲ့ရဲက ပစ်ခတ်တာဖြိုခွဲပေမယ့်လည်း မြန်မာနိုင်ငံတဝန်းမှာ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြတာတွေရှိနေဆဲပါပဲ။ နိုင်ငံတဝန်းမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးသူ ၇၂၀ ကျော်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူပေါင်းက ၃,၀၅၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။


ကျော်ကျော်သိန်း/ VOA Burmese

https://burmese.voanews.com/a/railway-service-police-army-myit-ngal/5852688.html

မြစ်ငယ်မှာ ပစ်ခတ်ဖြိုခွဲမှု ၆ ဦးထက်မနည်း သေဆုံး မြစ်ငယ်မှာ ပစ်ခတ်ဖြိုခွဲမှု ၆ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.