ပဲခူးမှာ စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်တာကြောင့် လေးဦး သေဆုံး


ပဲခူးမြို့ ဥဿသီရိရပ်ကွက်မှာ ဧပြီလ ၉ ရက် ဒီနေ့ မနက်အစော ၃ နာရီလောက် အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေ ရက်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်တာကြောင့် နေ့လယ်ပိုင်းရရှိတဲ့စာရင်းအရ လေးယောက် သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရှိထားပါတယ်။

ဥဿသီရိရပ်ကွက်ထဲက ဆံတော်တွင်းလမ်းမနဲ့ မဂ္ဂတစ်လမ်းမကြီးနှစ်ခုမှာရှိတဲ့ အတားအဆီးတွေကို လာရောက်ဖယ်ရှားချိန် ရပ်ကွက်နေပြည်သူတွေက ဆန္ဒပြကန့်ကွက်ကြရင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

နေ့လယ် ၁၂ နာရီခန့်အထိ ပစ်ခတ်နေတုန်းပဲလို့ အဲဒီအနားမှာရှိတဲ့ လုံခြုံရေးအရ အမည်မဖေါ်လိုသူ ဒေသခံက RFA ကိုပြောပါတယ်။

လက်ရှိအချိန်အထိ လမ်းပေါ်သွားလာနေသူတွေကို ပစ်ခတ်နေတာကြာင့် လမ်းတွေပေါ်မှာ လူအသွားအလာ မရှိသလောက်ဖြစ်နေတယ်လို့ ပြောပါတယ်။

ကျည်အစစ်တွေနဲ့ ပစ်ခတ်တာအပြင် စစ်မြေပြင်မှာ သေနတ်ပြောင်းထိပ်တပ်ပစ်ရတဲ့ အီနာဂါဗုံးသီးနဲ့ မော်တာဗုံးသီးလို လောင်ချာတွေနဲ့ပါ ပစ်ခဲ့တာဖြစ်ပြီး အဖမ်းခံထားရသူတွေလည်းရှိတယ်လို့ ပြောကြပါတယ်။

ပဲခူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ မရှိတာ နှစ်ရက်လောက်ရှိပြီဖြစ်ပြီး ပဲခူးမြို့ထဲက အထက(၇) စာသင်ကျောင်းမှာ စစ်ကောင်စီရဲ့ တပ်တွေက တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့ထဲကိုဝင်လာတဲ့ စစ်ကောင်စီရဲ့တပ်တွေကို မြို့ထဲအဝင်မခံဘဲ တူမီးသေနတ်တွေနဲ့ ခုခံရင်း မနေ့ကမနက်ပိုင်းအထိ တစ်ညလုံးတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံရွာသား ခြောက်ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရှိထားပါတယ်။

ဧပြီလ ၉ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ တပ်တွေက စစ်ကား ငါးစီး၊ ရဲကား တစ်စီး၊ မြေကော် ဘူဒိုဇာကား တစ်စီးအပါအဝင် အင်အား တစ်ရာကျော်လောက်နဲ့ တန့်ဆည်မြို့ထဲကို ထပ်မံရောက်လာပြီး အတားအဆီးတွေကို ဖျက်ဆီးခဲ့တဲ့အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားရ သူတွေရဲ့ အိမ်တွေကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ဧပြီလ ၈ ရက် မနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ ကို ဆန့်ကျင်ဆန္ဒပြတယ်ဆိုတဲ့ ဦးတင်မိုးကို လာဖမ်းရာမှာ ပတ်ခတ်ခဲ့တာကြောင့် ခါးကိုကျည်ဆံထိမှန် သေဆုံးသွားပါတယ်။

အသက် ၅၀ နှစ်အရွယ် ဦးတင်မိုးဟာ စစ်ကောင်စီတပ်တွေလာဖမ်းချိန်မှာ ထွက်ပြေးရင်း သေနတ်နဲ့ အပစ်ခံ ခဲ့ရတာဖြစ်ပြီး အလောင်းကိုတော့ စစ်ကောင်စီတပ်တွေကပဲ သယ်သွားပြီး တစ်ခါတည်း သင်္ဂြိုဟ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျတဲ့ဆန္ဒပြပွဲတွေ နေ့စဉ်မပြတ်ရှိနေပြီး ပြောက်ကျားပုံစံနဲ့ ဆန္ဒပြနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် စံပါရီကျေးရွာမှာ မနေ့ညက စစ်ကောင်စီရဲ့တပ်တွေက ပစ်ခတ်ခဲ့တာ ကြောင့် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ယောက် ဦးခေါင်းကို သေနတ်ကျည်ဆံထိမှန်ပြီး အသက် အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

အဲဒီအမျိုးသားဟာ ရွာထဲ ဈေးဆိုင်တစ်ဆိုင်မှာ ဈေးဝယ်ပြီးအိမ်ကိုအပြန် စစ်တပ်ကလမ်းမှာရပ်ခိုင်းပြီး စစ်ဆေးရာမှာ ကြောက်လန့်တာကြောင့်မရပ်ဘဲ လမ်းကြားထဲဝင်ပြေးလို့ဆိုပြီး ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

စံပါရီကျေးရွာဟာ တနိုင်း- မိုးကောင်း အဝေးပြေးလမ်းမကြီးပေါ်မှာရှိပြီး အဲဒီနေ့ရာမှာ စစ်တပ်က မနေ့ည ကတည်းက ခရီးသွားတွေကို တားဆီးစစ်ဆေးတာတွေလုပ်နေတဲ့အပြင် ပစ်ခတ်မှုတွေလည်းရှိတာကြောင့် အနီးအနားပတ်ဝန်ကျင်က အိမ်တွေ မှန်ပြတင်းပေါက်တွေပါ ထိမှန်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ်၊ ပင်စောက်ရွာနဲ့ ပဟောက်ရွာထဲကို ဧပြီလ ၈ ရက် မနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေ ဝင်ရောက်စစ်ဆေးခဲ့ပြီး လေသေနတ်တွေ့တဲ့နေအိမ်က အမျိုးသမီးလေးယောက်ကို ဖမ်းဆီးသွားပါတယ်။

အဲဒီအိမ်မှာ အမျိုးသားမတွေ့တာကြောင့် ရှိနေတဲ့ အမျိုးသမီးတွေကို ဖမ်းသွားတာလို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

ဧပြီလ ၅ ရက်နေ့ကလည်း ဆန္ဒပြသူတွေထဲက ဒေသခံ နှစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးတာ ဒေသခံပြည်သူတွေက ပြန်ပေးဖို့တောင်းပန်ပေမယ့် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံရွာသား သုံးယောက် သေဆုံးခဲ့ပြီး လေးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မီးလောင်မှုလည်း နှစ်နေရာဖြစ်ပွားခဲ့ပါတယ်၊ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ဧပြီ ၉ ရက် ဒီမနက် ၃ နာရီဝန်းကျင်အချိန်မှာ မီးလောင်ကျွမ်းခဲ့သလို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ သံတံတား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလည်း မနက် ၂ နာရီလောက် မီးလောင်ကျွမ်းခဲ့ပါတယ်။

တစ်နိုင်ငံလုံးက မြို့နယ်တွေတော်တော်များများမှာတော့ ဧပြီလ ၉ ရက် ဒီနေ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြပွဲတွေကို နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာဆိုရင် စစ်ကောင်စီက အတင်းအဓမ္မ ဧည့်စာရင်းတိုင်ကြားခိုင်းတာကို ကန့်ကွက် တဲ့ဆန္ဒပြတာအပြင် တရုတ်နိုင်ငံထုတ်ပစ္စည်းတွေ မသုံးစွဲရေးအတွက်လည်း ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့မှာလည်း သပိတ်စစ်ကြောင်းတွေဟာ ပုံမှန်တိုင်းဆက်လက်ချီတက်ဆန္ဒပြနေကြပြီး စစ်ကိုင်းတိုင်း စစ်ကိုးမြို့၊ ကန့်ဘလူမြို့နယ်၊ ဆားလင်းကြီး၊ ပဲခူးတိုင်း ရွှေတောင်၊ ဒိုက်ဦးမြို့၊ တောင်ငူမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကချင်ပြည်နယ် ဖားကန့်၊ တနင်္သာရီးတိုင်းမြို့ကမြို့နယ်တွေ တော်တော်များများမှာ အရင် ရက်တွေအတိုင်းပဲ ချီဆက်ဆန္ဒပြတာတွေ၊ ပြောက်ကျားဆန္ဒပြတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။

RFA Burmese



ပဲခူးမှာ စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်တာကြောင့် လေးဦး သေဆုံး ပဲခူးမှာ စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်တာကြောင့် လေးဦး သေဆုံး Reviewed by THITHTOOLWIN on 20:24 Rating: 5

No comments:

Powered by Blogger.