မန္တလေးနဲ့ သီပေါမှာ ဗုံးကွဲ၊ ရွှေဘိုနယ်မှာ စစ်ကောင်စီ ထောက်ခံသူနဲ့ ဆန့်ကျင်သူတွေကြား ရန်ပွဲဖြစ်



Share/Bookmark

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနားက သီးလုံးကျေးရွာမှာ ဧပြီ ၂၈ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပြီး သတင်းပေးဒလံလုပ်ပေးနေတဲ့ ရွာသားတွေနဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ရွာသားတွေ အချင်းချင်း စကားများ တုတ်တွေ၊ ဓါးတွေ၊ ဂျင်ကလိတွေနဲ့ ပစ်ခတ်ပြီးရန်ဖြစ်ကြတာကြောင့် စစ်ကောင်စီကို ထောက် ခံတဲ့ဘက်က လူလေးယောက်သေဆုံးပြီး ခုနှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

တစ်အိမ်ထဲမှာတင် သားအဖနှစ်ယောက် သေဆုံးတာရှိခဲ့ပြီး သူတို့ကို မနေ့ကညနေပိုင်းမှာ ရွှေဘိုသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးလုပ်ဆောင်ပေးသူ တစ်ယောက်က RFA ကို ဒီကနေ့ပြောပါတယ်။

ဧပြီ ၂၈ ရက်ညက ဖြစ်ခဲ့တာဖြစ်ပေမယ့် စစ်ကောင်စီက အင်တာနက်လိုင်းတွေ ပိတ်ထားတာကြောင့် ဒီနေ့ မနက်ပိုင်းမှာမှ သတင်းတွေသိကြရတာလို့သူက ဆက်ပြောပါတယ်။

သီးလုံးရွားဟာ ရွှေဘိုမြို့ကနေ ဆိုင်ကယ်နဲ့ မိနစ်နှစ်ဆယ်ခန့်သာသွားရတဲ့ အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး၊ ရွာသားတွေဟာ အရင်ကတည်းက ထောက်ခံတဲ့ပါတီတွေမတူဘဲ တောင်ဘက်အခြမ်းနဲ့ ခြောက်ဘက်အခြမ်းဆိုပြီး ကွဲနေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဧပြီလ ၂၉ ရက် မနေ့ညနေပိုင်းမှာတော့ သေဆုံးတဲ့လေးယောက်ကို ရွှေဘိုသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး၊ ဒဏ်ရာရသူတွေကတော့ ရွှေဘိုဆေးရုံနဲ့ မုံရွာစစ်ဆေးရုံမှာ ဆေးကုသနေကြတယ်လို့ လူမှုကူညီရေး လုပ်ဆောင်ပေးနေသူက ပြောပါတယ်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဧပြီလ ၂၉ ရက် မနေ့ည ၇ နာရီလောက် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်သားတွေရဲ့ ကားနဲ့တိုက်လိုက်တာကြောင့် ဆိုင်ကယ်မောင်း နှင်လာတဲ့ ပြည်သူနှစ်ယောက် နေရာမှာတင် သေဆုံးသွားပါတယ်။

အသေးစိတ်ကိုသိရဖို့ RFA အနေနဲ့ ကြိုးစားဆက်သွယ်နေဆဲဖြစ်ပြီး မွန်ပြည်နယ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလင်းတင်ဌေးကလည်း သူရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ နှစ်ယောက်သေ ဆုံးသွားတာမှန်ကြောင်း သတင်းတင်ထားပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်မှာရှိတဲ့ ခရိုင်တရားရုံးဘေးက တရားရေးရိပ်သာမှာ ဧပြီလ ၃၀ ရက်ဒီနေ့ မနက် ၁၀ နာရီခန့် လောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ တရားရုံးအနီးနေထိုင်သူတွေက ပြောပါတယ်။ အသံအကျယ်ကြီး ကြားလိုက်ရပြီးနောက် အရပ်ဝတ်တွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ ရောက်လာကြတယ်လို့ ကိုယ်တိုင်တွေ့ခဲ့သူတစ်ယောက်က RFA ကို ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် လူထိခိုက်တာတော့ မကြားမိဘူးလို့ အဲဒီဒေသခံက ဆိုပါတယ်။ မန္တလေးမြို့မှာ ဒီရက်ပိုင်း နေရာတော်တော်များများမှာ ဗုံးပေါက်ကွဲတာတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့ရက်ပိုင်းတွေကလည်း မြို့တော်ဝန်အိမ်၊ ဒုမြို့တော်ဝန်အိမ်၊ စည်ပင်လိုင်းခန်းနဲ့ ကြံ့ခိုင်ရေးပါတီရုံးချုပ် တွေမှာလည်း အလားတူပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ ဧပြီလ ၂၉ ရက် မနေ့ည ၁၁ နာရီလောက်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းသားလှိုင်ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ သီပေါမြို့ခံ တစ်ယောက်က RFA ကို ပြောပါတယ်။

ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း သီပေါမြို့ မြို့နယ်ပညာရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်တာတော့ မရှိခဲ့သလို စံဖိတ်ကျေးရွာထဲမှာလည်း ပေါက်ကွဲမှုရှိခဲ့တယ်လို့ သီပေါဒေသခံက ပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းကတော့ သီပေါ- လားရှိုးလမ်းပိုင်း စံလောင်းရွာအကျော်မှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသားတစ်ယောက် လဲနေတာကိုတွေ့ရတာကြောင့် ပရဟတိအဖွဲ့တွေက သီပေါဆေးရုံကို ပို့ပေးခဲ့ရ တယ်လို့ သွားရောက် ကူညီခဲ့တဲ့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးသူဟာ သီပေါ ပန်းတိန်တောင်ရပ်ကွက်က အသက်ငါးဆယ်အရွယ် စိုင်းလှဝင်းဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

စံလောင်းနဲ့ ကုံမုံရွာအနီးတဝိုက်ဟာ မူးယစ်ဆေးသုံးစွဲသူတွေ ကျင်လည်တဲ့နေရာဖြစ်ပြီး အရင်နှစ်တွေက လည်း သေနတ်ပစ်ခတ်လို့ သေဆုံးခဲ့ရသူ ဆယ်ယောက်ထက်မနည်း ရှိခဲ့ပါတယ်။

စိုင်းလှဝင်း သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။

မန္တလေးမြို့က ၁၀၇ လမ်းနဲ့ ၆၄ လမ်းနားမှာ ဧပြီလ ၂၉ ရက်နေ့ မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကပြန်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေ အိမ်စီးကားနဲ့ လိုက်တိုက်ပြီး ဖမ်းဆီးခဲ့ပါတယ်။

ကိုနိုင်မင်းထွန်း၊ ကိုရဲထွဋ်နိုင်နဲ့ ကိုပိုင်စွမ်းထက်တို့ လူငယ်ကျောင်းသားသုံးယောက် အဖမ်းခံခဲ့ရပါတယ်။

ကားနဲ့ လိုက်တိုက်ဖမ်းတာခံရပြီး အဖမ်းခံရသူတွေနဲ့အတူ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေကိုပါ သိမ်းသွားကြောင်းနဲ့ လက်ရှိ အိုးဘိုထောင်ကို ပို့လိုက်တာသိရတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်က ဘယ်လိုပဲဖမ်းနေပါစေ ဆက်လုပ်စရာရှိတာတွေကို ဆက်လုပ်နေမှာပဲလို့ သူကဆက် ပြောပါတယ်။ မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို စစ်ကောင်စီက ဖမ်းဆီး၊ ပစ်ခတ်တာတွေနေ့စဉ် လုပ်နေပေမယ့် ပြည်သူတွေကလည်း နေ့စဉ်မပြတ် ဆက်လက်ဆန္ဒပြနေကြပါတယ်။

ဧပြီ ၃၀ ရက် ဒီနေ့မှာလည်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့က မြို့နယ်တွေ၊ မော်လမြိုင်၊ စစ်ကိုင်းတိုင်း အပါအဝင် ရှမ်းပြည်နယ်က သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင် စတဲ့နေရာတွေနဲ့ မြို့နယ်တော်တော်များများမှာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်စစ် ကြောင်းတွေနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မြို့မှာဆိုရင် မိုးတွေရွာနေတဲ့ကြားကပဲ လူငယ်တွေရာနဲ့ချီပြီး ဒီနေ့ နေ့လယ်ပိုင်း မြို့ထဲက ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းတွေကနေ ဆူးလေအထိချီတက် ဆန္ဒပြတာတွေကို ပြောက်ကျားပုံစံနဲ့ ပြုလုပ်ခဲ့ပါတယ်။


RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ရ၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ဒီနေ့အအချိန်ထိ အဖမ်းခံထားရတဲ့သူ သုံးထောင့်လေးရာကျော်နေပြီး ဖမ်းဝရမ်းအထုတ်ခံထားရသူ တစ်ထောင့်နှစ်ရာကျော် ရှိနေပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mandalay-and-hsipaw-bomb-explode-04302021072322.html





Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ