ကျယ်ဂေါင်မှာ ကိုဗစ်ပိုးတွေ့သူများလာတယ်လို့ ဒေသခံပြော

ကျယ်ဂေါင်မှာ ကိုဗစ်ပိုးတွေ့သူများလာတယ်လို့ ဒေသခံပြော တရုတ်-မြန်မာနယ်စပ်မြို့ ကျယ်ဂေါင်မှာ ရပ်ထားတဲ့ကုန်တင်ကားတွေကို တွေ့ရစဉ် / Photo: RFA

မြန်မာ-တရုတ်နယ်စပ်က ကျယ်ဂေါင်နဲ့ ရွှေလီမှာ ကိုဗစ်ရောဂါတွေ့သူ လေးဆယ်ကျော်ရှိလာနေပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေတယ်လို့ နယ်စပ်မှာနေထိုင်တဲ့ ကုန်သည်နဲ့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၂ ရက်နေ့အထိ လူပေါင်းလေ ဆယ်ကျော်မှာ ပိုးတွေ့တယ်လို့ တရုတ်ဘက်က ထုတ်ပြန်ထားပြီး ဆက်လက် စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်ကားကြီးကွင်း လေးလမ်းထိပ်မှာ ပြီးခဲ့တဲ့မတ်လ ၃၀ရက်နေ့ နေ့လယ်ပိုင်း က ကိုယ်အပူချိန်မြင့်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရှိတာကြောင့်တရုတ်ကျန်းမာရေးဝန်ထမ်းတွေက စမ်းသပ်စစ်ဆေးခဲ့တာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာလို့ အဲဒီအနီးနားမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားကုန်သည်တစ်ဦး က RFA ကို ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ တရုတ်နိုင်ငံသူဖြစ်ပြီး ကျယ်ဂေါင်မှာနေထိုင်တာ တစ်နှစ်လောက်ရှိနေပြီဖြစ်တယ်လို့ ပြောပါတယ်။ သူမဟာ ကျောက်ဝိုင်းတွေကို သွားလာလေ့ရှိသူဖြစ်တာကြောင့် ကျောက်ဝိုင်းနဲ့ ကျယ်ဂေါင်လေး လမ်းက ဈေးဆိုင်တွေကို တရုတ်အာဏာပိုင်တွေက ပိတ်ခိုင်းခဲ့ပါတယ်။ ညပိုင်းမှာ ကျယ်ဂေါင်တစ်မြို့လုံးကို ကျန်းမာရေးစစ်ဆေးတာတွေလုပ်ဆောင်ခဲ့ပြီး နောက်ရက်မနက်ပိုင်းမှာတော့ ကျယ်ဂေါင်ရွှေလီသွားတဲ့ တံတားဂိတ်တွေကို ပိတ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။

ရွှေလီမြို့မှာလည်း စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာမှာ ၃၀ ရက်နေ့မှာ တစ်ဦး၊ ၃၁ရက်နေ့မှာ ရွှေလီနဲ့ ကျယ်ဂေါင်မှာ ပိုးတွေ့လူနာ ကိုးဦးနဲ့ ဧပြီလ ၂ရက်နေ့ ဒီကနေ့လယ်ပိုင်းအထိ ကျန်းမာရေးစစ်ဆေးမှုမှာ အတည်ပြုလူနာပေါင်း လေးဆယ်ငါးယောက်ရှိတယ်လို့ ထုတ်ပြန်ထားပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ဆယ်ယောက် ကျော်ပါဝင်တယ်လို့ ကျယ်ဂေါင်က ဆေးစစ်မှုခံယူနေတဲ့နေရာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံ သား ကိုထွန်းကျော်က RFA ကိုပြောပါတယ်။

ရောဂါပိုးတွေ့တယ်လို့ သတင်းထွက်ပြီးထဲက တရုတ်နယ်စပ် အဓိကကုန်သွယ်ပေါက်ဖြစ်တဲ့ မူဆယ်နယ်စပ် က မန်ဝိန်းကုန်တင်ဂိတ်ပေါက်ကို ပိတ်ထားလိုက်တာကြောင့် ကုန်သည်တွေ ကုန်ပစ္စည်းဖလှယ်လို့မရဘဲ ဖြစ်နေတာပါ။ နယ်စပ်ကုန်သွယ်ရေးဂိတ်အပါအဝင် မူဆယ် ကွတ်ခိုင်လမ်းတစ်လျှောက် တရုတ်ကိုတင်ပို့မယ့် ကားတွေ တန်းစီပြီး စောင့်ဆိုင်းနေရပါတယ်။

တာရှည်မခံတဲ့ပို့ကုန်တွေနဲ့ သစ်သီးတင်တဲ့ကားတွေကတော့ ကျင်စန်းကျော့ ပန်ဆိုင်းဂိတ်ပေါက်တွေကနေ ပုံမှန်သွားနေတယ်လို့ဆိုပါတယ်။ နယ်စပ်မြို့ဖြစ်တဲ့ မြန်မာဘက်အခြမ်း မူဆယ်မှာတော့ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြမှုကို ရဲနဲ့တပ်က ပစ်ခတ်ဖြိုခွင်းတာကြောင့် ဆယ့်ခြောက်နှစ်အရွယ်အမျိုးသား ကလေးတစ်ဦး အပါ အဝင် နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဆယ်ဝန်းကျင်လောက် အဖမ်းခံထားရပါတယ်။ တရုတ်ဘက်မှာ ကိုဗစ်ဖြစ်နေတဲ့ အပေါ် လူအများစုက အာရုံမပြုနိုင်ကြဘူးလို့ မူဆယ်ဒေသခံ ကုန်သည်တစ်ဦးက ပြောပါတယ်။

မူဆယ်နယ်စပ်ခရိုင် ဆေးရုံမှာတော့ ဝန်ထမ်းအများစု CDM မှာ ပါဝင်နေပြီး ဆေးရုံကိုပိတ်ထားတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။ရှမ်းပြည်နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦး မေးမြန်းတာ မှာတော့ တရုတ်ဘက်က အခြေအနေတွေကို တိတိကျကျမသိရသေးတဲ့အတွက် ဖြေကြားလို့မရသေး ကြောင်းသာ ပြောပါတယ်။တရုတ်အာဏာပိုင်တွေကတော့ နယ်စပ်ဝင်ပေါက်နဲ့ ခိုးဝင်ပေါက်နေရာတွေ ရွှေလီမြစ်ကြောင်းတစ်လျှောက် ကင်းလှည့်တာတွေ ဆောင်ရွက်နေတယ်လို့လည်း မူဆယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-china-border-covid-19-04022021082901.html

ကျယ်ဂေါင်မှာ ကိုဗစ်ပိုးတွေ့သူများလာတယ်လို့ ဒေသခံပြော ကျယ်ဂေါင်မှာ ကိုဗစ်ပိုးတွေ့သူများလာတယ်လို့ ဒေသခံပြော Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.