ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရန်ကုန်အမှုရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရန်ကုန်အမှုရုံးချိန်း ဆန္ဒပြပွဲတစ်ခုမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံ / Photo- Reuters

အာဏာသိမ်းစစ်ကောင်စီက ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် ဒီကနေ့ ရုံးထုတ်ခဲ့တယ်လို့ အမှုလိုက်ရှေ့နေ ဒေါ်ဆန်းမာလာညွန့်က RFA ကိုပြောပါတယ်။

ဒါပေမဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာ မရသေးတာကြောင့် အမှုနဲ့ ပတ်သက်ပြီး ဘာမှမသိခဲ့ရဘူးလို့ ဒေါ်ဆန်းမာလာညွန့်က ပြောပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ဖို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းနဲ့ ဒေါ်ဆန်းမာလာညွန့်တို့ သုံးဦးက မတ်လ ၂၃ ရက်နေ့ကတည်းက ရှေ့နေလွှဲစာ တောင်းထားပေမယ့် အခုထိ မရသေးဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ (၃) နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲထားတာလို့ အမှုလိုက်ရှေ့နေ ခေါင်းဆောင်ဦးခင်မောင်ဇော်က RFA ကို ပြောထားပါတယ်။

ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ငါးဦးကို တရားစွဲထားတာပါ။ အဲ့ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး သြစတေးလျနိုင်ငံသား မစ္စတာ Sean Turnell လည်းပါပါတယ်။ နောက်ထပ် သုံးဦးက ဘယ်သူတွေလဲဆိုတာ မသိရသေးပါဘူး။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ လေးခုနဲ့ စွဲဆိုထားတာဖြစ်ပြီး ရန်ကုန်မှာ တစ်မှု စုစုပေါင်း ၅ မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

နေပြည်တော် လေးမှုအတွက် ရုံးချိန်းကို လာမယ့် ဧပြီလ ၁၂ ရက်နေ့ ချိန်းဆိုထားပြီး၊ ရန်ကုန်က အမှုအတွက် ဧပြီလ ၂၂ ရက်နေ့ကို ထပ်မံ ချိန်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေကတော့ … လိုင်စင်မဲ့ Walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက် ဖြစ်အောင်ကြံရွယ်မှုနဲ့ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ… စုစုပေါင်းငါးမှု ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/aung-san-suu-kyi-yangon-trial-myanmar-military-coup-04082021090312.html

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရန်ကုန်အမှုရုံးချိန်း  ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရန်ကုန်အမှုရုံးချိန်း Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.