မြန်မာစစ်ခေါင်းဆောင်တွအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ နောက်ထပ် တစ်နှစ်အထိ အီးယူ သက်တမ်းတိုး

 စစ်ကောင်စီအဖွဲ့၀င် အရပ်သားတွေကိုပါ အီးယူပစ်မှတ်ထား

မြန်မာနိုင်ငံထဲက လက်ရှိ အခြေအနေတွေကြောင့် ချမှတ်ထားလက်စ ကန့်သတ်ချက်တွေကို ၃၀ရက် ဧပြီ ၂၀၂၂ အထိ တစ်နှစ်တာ တိုးမြှင့် ချမှတ်လိုက်တယ်လို့ ဥရောပကောင်စီက ကြာသပတေးနေ့ (၂၉ ဧပြီ ၂၀၂၁) ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။


မြန်မာပြည် စစ်အာဏာသိမ်းမှုမှာ တိုက်ရိုက်ပါ၀င် ပတ်သက်နေသူတွေ အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို သက်တမ်းတိုးတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

အဲဒီသူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေမှာ တာ၀န်ရှိတဲ့သူတွေ၊ ရိုဟင်ဂျာတွေ အပါအ၀င် တခြားလူမျိုးစုတွေ အပေါ် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အီးယူက ပစ်မှတ်ထားတဲ့သူတွေထဲ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာ၀န်ရှိသူတွေအပြင် အာဏာသိမ်း စစ်တပ်က ဖွဲ့စည်းတဲ့ အုပ်ချုပ်ရေးကောင်စီထဲက အရပ်သား အဖွဲ့၀င်တွေနဲ့ အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥက္ကဌလည်း ပါ၀င်ပါတယ်။

လူပုဂ္ဂိုလ်တွေ အပြင် စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဦးပိုင် MEHL နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC တို့ အပေါ်လည်း အီးယူက ပိတ်ဆို့မှုတွေ ချမှတ်ထားတာ ဖြစ်ပြီး၊ အခု သက်တမ်းတိုးတဲ့ အထဲ အဲဒီ အရေးယူဆောင်ရွက်ထားမှုတွေလည်း အကြုံး၀င်ပါတယ်။

မြန်မာပြည်ကို လက်နက်မရောင်းရ အပါအ၀င် ပြည်တွင်း ဖိနှိပ်မှုတွေမှာ ဆွဲယူအသုံးချနိုင်တဲ့ ဆက်သွယ်ရေး၊ ထောက်လှမ်းရေးတို့လို ပစ္စည်းကိရိယာတွေ မတင်ပို့ရေး၊ စစ်သင်တန်းပေးတာ၊ စစ်ရေးပူးတွဲလေ့ကျင့်တာမျိုး စစ်ရေးအရ ပူးပေါင်းမှု လုံး၀ မရှိစေရေး ဆိုတဲ့ ကန့်သတ်ချက်တွေကိုပါ သက်တမ်းတိုးတာ ဖြစ်ပါတယ်။

ဥရောပအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး၊ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့တွေကိုတော့ ဆက်လက် ကူညီသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မြန်မာစစ်ခေါင်းဆောင်တွအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ နောက်ထပ် တစ်နှစ်အထိ အီးယူ သက်တမ်းတိုး  မြန်မာစစ်ခေါင်းဆောင်တွအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ နောက်ထပ် တစ်နှစ်အထိ အီးယူ သက်တမ်းတိုး Reviewed by THITHTOOLWIN on 01:33 Rating: 5

No comments:

Powered by Blogger.