တရုတ်ထုတ်ကုန်တွေ သပိတ်မှောက်ဖို့ လှုံ့ဆော်မှု အရှိန်မြင့်လာ

ရန်ကုန်တွင် တရုတ်နိုင်ငံအလံကို မီးရှို့ကန့်ကွက်ဆန္ဒပြ (ဧပြီ ၉ ၊ ၂ဝ၂၁) ဓါတ်ပုံ AFP

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နည်းမျိုးစုံနဲ့ ဆက်လုပ်နေကြတာမှာ ဒီနေ့တော့ တရုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြအောင် စည်းရုံးလှုပ်ရှားကြပါတယ်။ အာဏာသိမ်းအစိုးရကို အားပေးနေတယ်လို့ ဆန္ဒပြသူတွေကယူဆထားတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်တွေကို မသုံးကြဖို့ နှိုးဆော်သလို တရုတ်အလံတွေကို မီးရှို့ဆန္ဒပြကြတာနဲ့ နောက်ဆုံး အဖမ်းအဆီးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကိုမစုမြတ်မွန်က ဆက်ပြောပြပါမယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ အာဏာသိမ်းအုပ်ချုပ်မှုကို လက်မခံကြောင်းပြတဲ့ ဆန္ဒပြပွဲတွေ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။ ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ဧပရယ် ၉၊ ပုန်ကန်မိုးဆိုတဲ့ ပြောက်ကျားသပိတ် လှုပ်ရှားမှုမှာ ပါဝင်တဲ့လူငယ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်အပါအဝင်၊ စစ်ဗိုလ်ချုပ်တွေနဲ့ တရုတ်သမ္မတပုံတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အာဏာရှင်စနစ်ကို ကန့်ကွက်ခဲ့ကြပါတယ်။

လုံးဝအုပ်ချုပ်၍ မရစေရ Red Movement အပြင်၊ လူမဲ့သပိတ်၊ ရေပေါ်သပိတ်တွေနဲ့အတူ အာဏာရှင်ကို ဆန့်ကျင်နေကြသလို၊ လိုရင်ယူ ပိုရင်လှူဆိုတဲ့ ပြည်သူအချင်းချင်း ပြန်လည်ကူညီတဲ့ လှုပ်ရှားမှုတွေလည်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြတာပါ။

တိုင်းရင်းသားစုပေါင်း သပိတ်ကို လူငယ်တွေက ဦးဆောင်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မနက်ပိုင်းမှာ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကို တပ်ဖွဲ့ဝင်တွေက ဖြိုခွဲဖို့ရောက်လာတာကြောင့် လူငယ်တွေလူစုခွဲပြီး ထွက်ပြေးခဲ့ရပါတယ်။

တပ်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမယ့်ရန်ကနေ လွတ်နိုင်ဖို့အတွက် လူမဲ့သပိတ်ပုံစံကိုလည်း တချို့မြို့နယ်တွေမှာ ဆင်နွှဲတာတွေရှိပါတယ်။ ဆန္ဒပြသူတွေ တောင်းဆိုချင်တဲ့ စာသားတွေကို ဆိုင်းပုဒ်တွေပေါ်ရေးပြီး လူမဲ့သပိတ်တွေ လုပ်ကြတာပါ။ တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်း ပီသအောင်ကျင့်ကြံဖို့ တောင်းဆိုချက်တွေကိုလည်း ရေးသားတောင်းဆိုကြပါတယ်။

အာဏာသိမ်းထားတဲ့ နစက စစ်ကောင်စီကို ထောက်ခံ ကာကွယ်ပေးနေတဲ့အတွက် တရုတ်နိုင်ငံကို အဓိကထားပြီး သပိတ်မှောက်လာကြတဲ့အထဲ တရုတ်ထုတ်ကုန်တွေကို လုံးဝမသုံးကြဖို့ လူမှုကွန်ယက်တွေကနေတဆင့်လည်း ဆော်သြ လှုပ်ရှားနေကြပါတယ်။ စားသောက်ကုန်အပါအဝင်၊ အိမ်သုံးပစ္စည်းနဲ့ အဝတ်အထည်ကအစ တရုတ်ထုတ်ကုန်မှန်သမျှ ရှောင်ကြဖို့အတွက် အွန်လိုင်းကနေတဆင့် လက်ဆင့်ကမ်းမျှဝေနေတဲ့ ရန်ကုန်မြို့ခံ လူငယ်တဦးကလည်း သူ့ရဲ့လှုပ်ရှားမှုတွေကို VOA ကိုပြောပါတယ်။

"လူကြီးတွေကို လူငယ်တွေနဲ့အတူတူ တရုတ်ပစ္စည်းတွေကို နိုင်သလောက် သပိတ်မှောက်ဖို့ ဆိုပြီးတော့ ရှင်းပြဖြစ်တယ်ပေါ့နော်။ ဥပမာဆိုရင် ထမင်းပေါင်းအိုးတွေဆိုရင် မလွှင့်ပစ်နိုင်သေးရင်တောင်မှ ဒီတော်လှန်ရေးကာလကနေ စပြီးတော့ နောက်ထပ် တရုတ်နဲ့ပတ်သက်တဲ့ တရုတ်ကနေတင်သွင်းတဲ့ ပစ္စည်းတွေကို လုံးဝသပိတ်မှောက်ပြီး ရှောင်ကြဉ်တာမျိုး...။ မိန်းကလေးတွေဆိုရင် အဝတ်အစားတွေ၊ ဖိနပ်တွေ၊ လူသုံးကုန်ပစ္စည်းတွေက ဥရောပဘက်က တင်သွင်းတာတို့၊ ကိုရီးယားဘက်က လာတဲ့ဟာတွေထက် တရုတ်ကလာတဲ့ဟာတွေက ပိုပြီးတော့ စျေးကသက်သာတော့ အခြေခံရော၊ အလယ်အလတ်တန်းက လူတွေကရော ပိုပြီးတော့ ဝယ်သုံးကြတယ်ပေါ့နော်။ အဲလိုမျိုး ဝယ်မသုံးကြဖို့ ကိုယ့်အချင်းချင်းကြားထဲမှာရော၊ လူကြီးတွေပါသိအောင် ပြောပေးတာမျိုး ရှိတယ်။

"ဒါကတော့ လက်ရှိသွားနေတဲ့ သပိတ်လှုပ်ရှားမှုတွေလိုမျိုး ဒီနေ့က ဘာလှုပ်ရှားမှု၊ ညာလှုပ်ရှားမှု... အဲလိုမျိုး မဟုတ်ဘဲနဲ့ ဒါကတော့ တောက်လျှောက်ပေါ့နော်။ တော်လှန်ရေးပြီးသွားရင်တောင်မှ ဒီတရုတ်ပစ္စည်းတွေ လုံးဝကင်းစင်သွားတဲ့အထိကို လုပ်နိုင်အောင်လို့ ညီမတို့ ကြိုးစားနေပါတယ်ရှင်။"

တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ထဲမှာ လှည့်လည်နေတဲ့ တာမွေသပိတ်စစ်ကြောင်းက ဆန္ဒပြလူငယ်တွေကိုလည်း ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေဘက်က အင်အားသုံးအကြမ်းဖက်တာတွေရှိခဲ့ပြီး ဆန္ဒပြလူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူတဦးက VOA ကိုပြောပါတယ်။

"ကျနော်တို့ ဒီ တာမွေ၊ ကျောက်မြောင်းကို ပိုဖိလာတယ်ပေါ့နော်။ ဒီနေ့ဆိုရင် အင်အားတွေများတယ်။ အခုပြောရင်းဆိုရင်းပဲ မီးသတ်ကားအသံကြားတယ်၊ ဘယ်မှာလောင်နေလဲတော့ မသိဘူး။ အရင်ဆိုရင် တာမွေ၊ ကျောက်မြောင်းမှာ ပတ်နေတဲ့ကားက ၁၀ စီးဝန်းကျင်၊ ၁၀ စီးအောက်မှာပဲ ရှိတယ်။ အခုဆိုရင် ကားကပတ်နေတာ အစီး ၂၀ နီးပါးလောက် ရှိတယ်ပေါ့နော်။ ပြီးတော့ မမြင်ဘူးတဲ့ စစ်ကား Double cap တွေပေါ့နော်... အဲဒါတွေ ဝင်လာပါတယ်ဗျ။ ဒါ ဒီနေ့ ထူးထူးဆန်းဆန်းတွေ့ရတဲ့ အနေအထားတွေပါဗျ။

"အရင်ဆိုရင်တော့ ကျနော်တို့ သံပုံးတီးချိန်မှာတော့ လွတ်လွတ်လပ်လပ် တီးခဲ့တယ်ပေါ့နော်။ အခုဆိုရင် သူတို့က သံပုံးတီးချိန်တောင်မှ သိပ်ပြီးတော့ ခွင့်မလွှတ်ချင်တဲ့ ပုံစံမျိုး၊ ပေးမတီးချင်တဲ့ ပုံစံမျိုးပေါ့။ အဲဒီဝန်းကျင်အချိန် ၇နာရီခွဲ ၈နာရီ ဝန်းကျင်ဆိုတာနဲ့ သူတို့ကားတွေထွက်ပြီးတော့ လမ်းတွေမှာပိတ်ဆို့တာတို့၊ အခန့်မသင့်ရင် အရမ်းဆူတဲ့ လမ်းတွေဘာတွေဆို သူတို့ထိပ်မှာ ပိတ်ရပ်ပြီးတော့ ဆဲဆိုတာတို့၊ အော်ဟစ်နေတာတို့ ရှိပါတယ်ဗျ။"

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေ အကြမ်းမဖက် CDM လှုပ်ရှားနေသူတွေကို တပ်မတော်အကြည်ညိုပျက်အောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးဖို့ ဝရမ်းတွေ ထုတ်ထားသလို လိုက်လံဖမ်းဆီးတာတွေလည်း လုပ်နေပါတယ်။ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားသူတွေထဲက ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် အိန္ဒာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ ဒီနေ့ နေ့လည်ပိုင်းက အဖမ်းခံရတဲ့အကြောင်း မိသားစုဝင်တွေဆီက သိရပါတယ်။


စုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/5847060.html

တရုတ်ထုတ်ကုန်တွေ သပိတ်မှောက်ဖို့ လှုံ့ဆော်မှု အရှိန်မြင့်လာ တရုတ်ထုတ်ကုန်တွေ သပိတ်မှောက်ဖို့ လှုံ့ဆော်မှု အရှိန်မြင့်လာ Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.