မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို အိန္ဒိယ ရှုတ်ချ



(၂-၄-၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ပြင်းထန်စွာရှုတ်ချပြီး ဒီမိုကရေစီပြန်လည်တည်ဆောက်ရေးအတွက် ဆောင်ရွက်မှုကို ထောက်ခံသွားမှာဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ဒီနေ့ (သောကြာနေ့) ပြောဆိုပါတယ်။

စစ်အာဏာသိမ်းမှု ၂ လကြာပြီးချိန်မှာ အိန္ဒိယ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Arindam Bagchi က သတင်းစာရှင်းပွဲအတွင်း အဲဒီလိုပြောသွားတာပါ။

“အကြမ်းဖက်နည်း အသုံးပြုမှုအပေါ် ကျနော်တို့ ကန့်ကွက်ရှုတ်ချပါတယ်။ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကျနော်တို့ ရပ်တည်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်ပေးရေး၊ လက်ရှိတင်းမာမှုတွေလျော့ကျရေးအတွက် ကျနော်တို့ တိုက်တွန်းပါတယ်” လို့ Arindam Bagchi ကပြောပါတယ်။

လက်ရှိတင်းမာနေမှုကို အဖြေရှာဖို့နိုင်ငံတကာဖက်က ကြိုးစားတဲ့လုပ်ငန်းစဉ်တွေထဲမှာ အိမ်နီးချင်း အာဆီယံအဖွဲ့က ဆောင်ရွက်နေတာရော၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆောင်ရွက်နေတာရော ထောက်ခံပါတယ်လို့လည်း အိန္ဒိယဖက်က ပြောပါတယ်။

ဒါ့အပြင် မြန်မာအပါဝင် အိမ်နီးချင်းနိုင်ငံတွေဆီ အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး လှူဒဏ်းခဲ့တာ၊ နိုင်ငံပေါင်း ၈၀ ကျော်ကို ကာကွယ်ဆေး သန်း ၆၀ ကျော် တင်ပို့ခဲ့တာအပါဝင် ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်နေပုံတွေကိုလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ရှင်းပြသွားပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၂ လပြည့်တဲ့အချိန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေရပ်တန့်ရပမယ်လို့ သတိပေးချက်ထွက် လာပြီးချိန်မှာ အိန္ဒိယက မြန်မာပြည်အခြေအနေအပေါ် သဘောထားရပ်တည်ချက် ထုတ်ပြောလာတာဖြစ်ပါတယ်။

အစောပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆိုရင်တော့ မြန်မာစစ်တပ်က လိုက်ဖမ်းလို့ ထွက်ပြေးလာသူတွေကို နယ်စပ်မှာ လက်မခံရ၊ ရိက္ခာမပေးရဆိုတဲ့ အမိန့်ကို အိန္ဒိယ ဖက်က ပြန်ရုတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ရဲအရာရှိတွေအပါဝင် အိန္ဒိယ နယ်စပ်ဖက်ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည် တထောင်ကျော်ရှိနေပြီလို့ သိထားရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို အိန္ဒိယ ရှုတ်ချ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို အိန္ဒိယ ရှုတ်ချ Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.