အင်တာနက် ဖြတ်တောက်တာကြောင့် ကဏ္ဍပေါင်းစုံ ထိခိုက်



မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှုကို စစ်ကောင်စီက အကြီးအကျယ် ကန့်သတ်နေပြီး အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် သတင်းစီးဆင်းမှုအပါအဝင် ကဏ္ဍပေါင်းစုံမှာ ထိခိုက်နေပါတယ်။

Wireless Broadband Data Service အင်တာနက်လိုင်းတွေကို ဧပြီလ ၁ ရက်နေ့ညကစပြီး ပိတ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက်မှာပဲ အင်တာနက် လိုင်းအချို့ ထပ်မံဖြတ်တောက်ခဲ့ပါတယ်။

ဆူပူအကြမ်းဖက်မှုတွေကို အင်တာနက်စာမျက်နှာ လူမှုကွန်ရက်ပေါ်ကနေ အဓိက လှုံ့ဆော်နေကြတယ်လို့ အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အင်တာနက်တွေနဲ့ ပြင်ပဝိုင်ဖိုင်လိုင်းတွေကို လုံးဝဖြတ်တောက်ထားတာကြောင့် ပြည်တွင်းက သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲနေတယ်လို့ ပြည်တွင်း သတင်းသမားတစ်ဦးဖြစ်တဲ့ Myanmar Press Photo Agency က ကိုဂျေပိုင်က ပြောပါတယ်။

“ဒီလိုဖြတ်တာက သူတို့က အဓိကတော့ သတင်းတွေကို ပြည်သူတွေဆီ မရောက်စေချင်တာ၊ ပြည်သူတွေ ဆီက သတင်းတွေကို သတင်းမီဒီယာတွေဆီကို မရောက်ချင်တာ၊ အဲဒီရည်ရွယ်ချက် လုံးဝပါတယ်လို့ ယုံကြည်တယ်။ နောက်တစ်ခုက မြေပြင်မှာလုပ်ကိုင်နေတဲ့ သတင်းသမားတွေကို သတင်းအချက်အလက် တွေ မရအောင် လုပ်တာလို့ ပြောလို့ရတယ်။ တော်တော်များများအတွက် သတင်းတင်ဆက်မှုတွေမှာ အထူးသဖြင့် သတင်းဌာန အငယ်လေးတွေမှာ အရမ်းကို ဒုက္ခရောက်တယ်။ မြေပြင်က သတင်းတွေကို တင်ပေးဖို့ရှိနေတဲ့ အင်တာနက်တွေ ပျက်သွားချိန်မှာ ဖိုင်ဘာအင်တာနက်ရှိတဲ့နေရာမျိုးကို သွားပြီးတော့ သုံးရတာမျိုး ကသိကအောက် ဖြစ်နေတယ်။ ဒါပျက်သွားရင်ရော ဘာလုပ်မလဲဆိုတဲ့ ဖြေရှင်းချက်က မရှိသေးဘူး“

အိမ်သုံးအင်တာနက်လိုင်းတွေ အားလုံးကိုတော့ ညဘက် တစ်နာရီကနေ မနက်ပိုင်းကိုးနာရီအထိ ပိတ်ထားတာကြောင့် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်တွေ ဆုံးရှုံးနေတာပါ။

စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို သတင်းသမားတွေအပြင် Citizen Journalist တွေက အချိန်နဲ့တပြေးညီ ဗီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံအထောက်အထားတွေကို နိုင်ငံတကာ မီဒီယာတွေဆီကို ပို့ပေးနေကြချိန်မှာ အင်တာနက်သုံးစွဲမှုကို စစ်ကောင်စီက ထပ်မံတင်းကျပ်လိုက်တာပါ။

စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ သက်သေအထောက်အထားတွေကို နိုင်ငံတကာ မီဒီယာတွေနဲ့ ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေထံ ပေးပို့နိုင်ခြင်း မရှိအောင် ရည်ရွယ်ချက်ရှိရှိ အင်တာနက်ဖြတ်တောက်ရခြင်း ဖြစ်တယ်လို့ Fortify Right လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက သုံးသပ်ပါတယ်။

“ဒီလိုမျိုး အင်တာနက်ဖြတ်တောက်တာတွေ လုပ်လာပြီဆိုကတည်းက သူတို့က အခုလက်ရှိ ကျူးလွန် ထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေအပြင် ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်ဆင်တဲ့ ခြေလှမ်းတစ်ရပ်လို့မြင်တယ်။ ဒါကြောင့် ဒီလိုအင်တာနက် ဖြတ်တောက်တွေ မလုပ်ဖို့ ကျွန်တော်တို့ ရှုတ်ချတယ်။ အင်တာနက်ဖြတ်တောက်ခြင်းအားဖြင့် နောက် ထပ်ကျူးလွန်မှုတွေကို လက်ရဲဇက်ရဲနဲ့ ပိုပြီးလုပ်ဖို့ အခွင့်အလမ်းတွေ ပိုများလာတယ်။ အင်တာနက် သတင်း စီးဆင်းမှုတွေကို ဖြတ်တောက်ခြင်းအားဖြင့် သူတို့ကျူးလွန်တဲ့ ကျူးလွန်မှုတွေမှာ သက်သေ အထောက်အထား မကျန်အောင် သက်သေအထောက်အထားတွေ ဖျောက်ဖျက်လို့ရမယ်။ ပြီးရင် သက်သေအထောက်အထားတွေကို ရှာနေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ သက်သေအထောက်အထားတွေ ပေးပို့ဖို့အတွက် ကြန့်ကြာမှုတွေဖြစ်ပြီး သက်သေအထောက်အထားတွေ စီးဆင်းမှုမရှိရင် သူတို့ကျူးလွန်တဲ့ ကျူးလွန်မှုတွေကို ဖော်ထုတ်ဖို့ ခဲယဉ်းမယ်။ အခုအချိန်မှာ သူတို့က ကျူးလွန်မှုတွေကို ကျူးလွန်နေတယ်။ အဲဒီကျူးလွန်မှု အထောက်အထားတွေကို ဖုံးဖိဖို့ ကြိုးစားနေတယ်“

စစ်ကောင်စီဟာ အကြမ်းဖက်ကျူးလွန်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ကျူးလွန်နေတာမျိုး တွေ့ရတယ်လို့ ကိုနစ်ကီဒိုင်းမွန်းက ဆိုပါတယ်။

နှစ်လကျော်ကြာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးတာတွေကြောင့် ပြည်သူ ၅၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီ မတရားဖမ်ဆီးခံထားရပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အိမ်မှာနေရတာတောင် လုံခြုံမှု မရှိတော့ဘူးလို့ နေ့စဉ် ပစ်ခတ်မှုတွေရှိနေပြီး စစ်အုပ်ချုပ်ရေးအောက်မှာရှိတဲ့ တောင်ဒဂုံမြို့နယ်နေသူ တစ်ဦးက ဆိုပါတယ်။

“စိုးရိမ်တာကတော့ သူတို့စပြီး အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက နေရတာ အဆင် မပြေဘူး။ စပြီးသိမ်းလိုက်ပြီဆိုကတည်းက သူတို့ သတင်းအမှောင်ချလိုက်တယ်။ အင်တာနက်တွေ ဖြတ်လိုက်တယ်။ အော်ပရေတာတွေလည်း ဖြတ်လိုက်တယ်။ အခုဆိုရင် ဝိုင်ဖိုင်တွေလည်း ဖြတ် လိုက်တယ်ပေါ့။ သတင်းတွေကလည်း တော်ရုံမတက်တော့ဘူး။ ဘယ်တွေမှာ ဘာတွေဖြစ်နေပြီလဲဆိုတာ အတိအကျ မသိရဘူးဆိုတော့ နေရတာ အဆင်မပြေဘူး။ မလုံခြုံတော့ဘူး။ အခုကတော့ အိမ်မှာနေ တာတောင် မလုံခြုံတော့ဘူး“

အင်တာနက် ဖြတ်တောက်လိုက်တာကြောင့် အသေးစား ငွေပို့ငွေလွှဲလုပ်ကိုင်နေကြတဲ့ Wave money၊ K pay လုပ်ငန်းအချို့လည်း အခက်အခဲတွေရှိနေပါတယ်။

စီးပွားရေးလုပ်ငန်းတွေကတော့ အင်တာနက်ဖြတ်ခြင်း မဖြတ်ခြင်းအပေါ် မူတည်ခြင်းမရှိဘဲ လက်ရှိမှာ စီးပွားရေးက တုံ့နှေးနေပြီး မလည်ပတ်နိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

“အင်တာနက်ကတော့ ရှိတာကတော့ ကျွန်တော်တို့အတွက် အလုပ်လုပ်ရတာပဲဖြစ်ဖြစ်၊ လူမှုရေး၊ စီးပွားရေးအတွက်က ကောင်းတာပေါ့။ ရှိတာကတော့ ပိုအဆင်ပြေတာပေ့ါ။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်း အများစုကတော့ ဖိုင်ဘာဆိုတာကို သုံးကြတာများတဲ့အတွက် ဒါကြောင့်လည်း သူတို့က ဖိုင်ဘာကို ချန်ထားခဲ့တာပေါ့။ လက်ရှိအနေအထားမှာက နဂိုကတည်းက စီးပွားရေးက တုံ့နှေးနေတယ်။ လုပ်ငန်းအားလုံးက လည်ပတ်လို့မရတဲ့ အနေအထားဆိုတော့လည်း အများကြီးတော့ ပြောင်းလဲမှု မရှိပါဘူး“

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေ့စဉ် မနက် ၁ နာရီကနေ မနက် ၉ နာရီအထိကို အင်တာနက်ဖြတ်တောက်ထားရာကနေ နောက်ထပ်ညွှန်ကြားချက် မရမချင်း အင်တာနက် ပြန်ဖွင့်မှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

စစ်အာဏာစသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက အချိန်အပိုင်းအခြားအလိုက် ဖြတ်တောက်ခဲ့တာဖြစ်ပြီး မတ်လ ၁၅ ရက်နေ့ကစပြီးတော့ တစ်နိုင်ငံလုံးကို မိုဘိုင်းဖုန်းအင်တာနက်တွေ ဖြတ်တောက်ခဲ့ပြီးနောက် Wi-Fi အင်တာနက် အားလုံးကိုလည်း ဖြတ်တောက်ခဲ့တာပါ။ အင်တာနက်လိုင်းဖြတ်တောက်ခဲ့တဲ့အတွက် အော်ရီဒူးဝါယာလက်၊ အနန္တဝါယာလက် အင်တာနက်လိုင်းတွေကတော့ ပြတ်တောက်သွားပြီဖြစ်ပြီး အိမ်သုံးဖိုင်ဘာလိုင်းတွေကတော့ ရရှိနေပါ သေးတယ်။

RFA Burmese




အင်တာနက် ဖြတ်တောက်တာကြောင့် ကဏ္ဍပေါင်းစုံ ထိခိုက် အင်တာနက် ဖြတ်တောက်တာကြောင့် ကဏ္ဍပေါင်းစုံ ထိခိုက် Reviewed by THITHTOOLWIN on 23:28 Rating: 5

No comments:

Powered by Blogger.