လူမှုကူညီရေးအဖွဲ့တွေ ရပ်တည်ဖို့ခက်ခဲနေ



မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ သုံးလဆိုတဲ့ အချိန်ကို ရောက်လုချိန်မှာ မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော်ကစပြီး ကြီးထွားလာခဲ့တဲ့ လူမှုရေးလုပ်ငန်းတွေ ပရဟိတလုပ်ငန်းတွေ၊ ကယ်ဆယ်ရေးနဲ့ နာရေးကူညီမှုလုပ်ငန်းတွေ အဖြိုခွင်းခံရပြီး ပြန်လည်ပျောက်ကွယ်မယ့် အခြေအနေကို ရောက်လာနေပါတယ်။ အရင်စစ်အစိုးရခေတ်မှာ လူထုရဲ့လိုအပ်ချက်အရ ပေါ်ထွက်လာတဲ့ ဒီအသင်းတွေဟာ လက်ရှိစစ်ကောင်စီ လက်ထက်မှာရပ်တည်ဖို့ ခက်ခဲလာခဲ့တာပါ။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲမှာ ဘဏ်တွေက ငွေထုတ်ယူလို့မရတဲ့ အခက်အခဲကြောင့် အလှူငွေတွေ လျော့နည်းလာတာလည်း ပါပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေ တက်ညီလက်ညီ အရှိန်အဟုန်နဲ့ လမ်းမတွေပေါ် ထွက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ နောက်က အကူအညီပေးဖို့ ပရဟိတအဖွဲ့တွေ၊ လူနာတင်ကားလိုမျိုးတွေနဲ့ စောင့်ရှောက် လိုက်ပါခဲ့ကြတာ တွေ့ရပါတယ်။

ဆန္ဒပြသူတွေကို အာဏာသိမ်း စစ်ကောင်စီက အင်အားသုံး ဖြိုခွင်းတာတွေ လုပ်လာချိန်မှာ ဒဏ်ရာရသူ သေဆုံးသူတွေကို သယ်ယူပေးနေတဲ့ အကူအညီ ပေးနေသူတွေ အပေါ်မှာပါ စစ်ကောင်စီက အညှိုးအတေး ရှိနေတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ရန်ကုန်မြို့က တိုင်းလူမှုကယ်ဆယ်ရေး အဖွဲ့တွေထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌတဦးကတော့ လူမှုကူညီရေးအဖွဲ့တွေဟာ ကိုယ့်အလုပ်ကိုယ် လုပ်ရင်း ကြားညပ်နေရပါတယ်လို့ ပြောပါတယ်။

“နှစ်ဖက်အမြင်မတူကြတဲ့ အထဲမှာ ကျနော်တို့က ကြားညပ်နေရတာပါ။ ငါနဲ့ မတူ ငါရန်သူဆိုတဲ့ အမြင်မျိုးတွေလည်း ရှိနေကြလို့ပေါ့။ အဲဒီတော့ ကျနော်တို့မှာ အလုပ်လုပ်ရတာ တော်တော်လေး ကသိကအောင့် ရှိတယ်ပေါ့”

ရန်ကုန်မြို့မှာ လူနာတင်ကားနဲ့ပို့ဆောင်ရေးလုပ်ပေးတဲ့ အသင်းပေါင်း ၂၀၀ကျော်ရှိပြီး လူနာတင်ကား အစီးပေါင်း ၅၀၀ ကျော်တယ်လို့လည်း ဥက္ကဋ္ဌကပြောပါတယ်။

အလားတူ၊ နာရေးကိစ္စ ဆောင်ရွက်ပေးတဲ့ အသင်းတွေ ရန်ကုန်တိုင်းမှာ ရပ်ကွက်တိုင်းလိုလိုမှာ ရှိပေမယ့် ပြည့်ပြည့်စုံစုံရှိတဲ့ အသင်းကြီးက ၅၀ ကျော် ရှိပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ စောင့်ကြည့်နေတာ လူနာပို့ဆောင်ပေးတဲ့ ကားများဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကားတွေဟာ စစ်ကောင်စီ တပ်ဖွဲ့ကားတွေလာတဲ့ လမ်းတွေကို လမ်းပိတ်ရပ်တယ်။ လက်နက်တွေ သယ်ပေးနေတယ် စသဖြင့် မြဝတီနဲ့ MRTV သတင်းအချို့မှာ ဖော်ပြတာတွေ ရှိလာပါတယ်။ ဒါ့အပြင် မြို့တော်တော်များများမှာ စစ်ကောင်စီက ပရဟိတအဖွဲ့တွေကို ခေါ်ယူပြီး သတိပေးတာမျိုးတွေ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညနေအပိုင်းမှာ မြောက်ဥက္ကလာပမှာ စစ်ကောင်စီတပ်တွေက ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ပြီး အကူအညီပေးနေတဲ့ မွန်မြတ်စိတ်ထား လူမှုကယ်ဆယ်ရေးအသင်းက အဖွဲ့ဝင် လေးဦးနဲ့ We love မြောက်ဥက္ကလာအသင်း က နှစ်ဦးတို့ကို ရဲတပ်ဖွဲ့က ရိုက်ခဲ့သလို ကားတွေကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ သူတို့ကားတွေဟာ လမ်းကိုပိတ်ပြီး ဆန္ဒပြသူတွေကို အကာအကွယ်ပေးတယ်လို့ စွပ်စွဲခဲ့ပေမယ့် သူတို့က ကားကို လမ်းကြားထဲမှာ ရပ်ထားတာ ဖြစ်တယ်လို့ပြောပါတယ်။

အဲ့ဒီနေ့က မြောက်ဥက္ကလာမှာ သေနတ်ပစ်ခံရလို့ သေဆုံးသူ ၁၁ဦးလောက်အထိ ရှိခဲ့ပါတယ်။ အဲ့ဒီမှာ နာရေးကူညီမှုအသင်း ရန်ကုန်က လူနာတင်ကားနဲ့ မီးသတ်ကားတွေလည်း မီးလောင်နေတာကို ငြှိမ်းသတ်ပေးခဲ့ပြီး ဒဏ်ရရသူတွေကို အကူအညီပေးခဲ့ပါတယ်။

အဲ့ဒီမတ်လ ၃ရက်နေ့ည ၁၁နာရီလောက်မှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်းကို စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့ပြီး ရုံးခန်းအတွင်း ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ရုံးဝင်းအတွင်း ရပ်ထားတဲ့ ကားတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ အသင်းဝင်တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အဲ့ဒီညက စစ်ကောင်စီတပ်တွေ ရောက်လာချိန်က ထွက်ပြေးခဲ့သူ ရုံးမှာ ရှိနေတဲ့ ဝန်ထမ်းတဦးပြောပြတာက ....

“ရုံးထဲမှာ လူ ၃၀ လောက်ရှိနေတာ ဝင်ဖမ်းရိုက်နှက်နေတာကြောင့် ကျနော်တို့တော့ ထွက်ပြေးနေရပါတယ်။ ဘယ်သူတွေ ဖမ်းသွားတယ်ဆိုတာတော့ မသိပါဘူး”

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရပြီး ဝန်ထမ်းတွေလည်း ရုံးကိုမလာဘဲ ရုံးမှာ အစောင့်တစ်ဦးသာ ရှိနေပါတယ်။ နာရေးကူညီမှုအသင်း ရန်ကုန်အနေနဲ့ ရေဝေးသုဿန်ရှိ ကျန်ခဲ့တဲ့ ကားတွေနဲ့ပဲ လူထုကို အကူအညီပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရန်ကုန် တမြို့လုံးမှာ အကူအညီပေးနိုင်တဲ့ နာရေးကူညီမှု အဖွဲ့ ၁၀ဖွဲ့လောက်သာ ကျန်တော့တယ်လို့ နာကူအဖွဲ့တခုက တာဝန်ရှိသူတဦးက ပြောပါတယ်။ အရင်ကတော့ အခုရန်ကုန်မှာ အကြီးဆုံး ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့ကြီး မရှိတော့ ကျန်အဖွဲ့တွေလည်း ပိုပြီး တာဝန်ပိလာတယ်လို့ ဆိုပါတယ်။

“အသင်းကြီး ငါးခု အသင်းငယ် ၅ ခုလောက်ပဲ ကျန်တော့တယ်။ ကျနော်တို့ တရက်တရက် ဆယ့်လေးငါးလောင်းလောက် သယ်ပေးရပါတယ်”

အလားတူပဲ လူနာတင်ကားတွေနဲ့ ပတ်သက်ပြီး မုံရွာမြို့မှာ ကန့်သတ်ချက်တွေ ချထားသလို စည်းကမ်းချက် မလိုက်နာရင် ကားတွေကို သေနတ်နဲ့ပစ်မယ်လို့ သတိပေးထားကြောင်း မုံရွာမြို့က ပရဟိတ အသင်းတစ်သင်းက ပြောပါတယ်။ အလားတူ မော်လမြိုင်မြို့၊ မုဒုံမြို့နဲ့ တခြားမြို့တွေမှာ လူနာတင်ကားတွေ နိဗ္ဗာန်ယာဉ်တွေမှာ ကားမှတ်ပုံတင် အရပ်အခေါ် without ကားတွေ ဖြစ်နေရင် ဖမ်းမယ်လို့ပြောနေပါတယ်။ တကယ်က နာကူကားတွေ လူနာတင်ကား အများစုဟာ ကားမှတ်ပုံတင်မရှိတဲ့ withoutကားများ ဖြစ်နေတာပါ။ အလားတူ ပဲခူးမြို့က ပရဟိတအဖွဲ့တွေထဲက တဦးဟာ ဆန္ဒပြပွဲတွေမှာ သေနတ်မှန်သေဆုံးသူတွေအတွက် အာဇာနည်ဂူဗိမန် တည်ဆောက်တဲ့အမူနဲ့ အဖမ်းခံထားရပြီး ကျန် ပရဟိတအဖွဲ့ ၁၇ ဖွဲထဲက အဖွဲ့ဝင်တွေလည်း တိမ်းရှောင်နေတာကြောင့် လုပ်ငန်းတွေ ရပ်တန့်နေပါတယ်။

နောက်တခုကတော့ ပရဟိတအသင်းတွေ ရပ်တည်နိုင်ရေးအတွက် အလှူငွေအရ နည်းလာတာလည်း ပြဿနာတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းက လူမူ ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌတဦး ပြောတာက ....

“ပိုတဲ့လူဆီကမှ လိုတဲ့ လူဆီကိုကျနော်တို့က ပေါင်းကူးပြီး လုပ်ပေးနေတာပါ အခုအချိန်မှာက ငွေထုတ်ရခက်တဲ့ ပြဿနာရှိသလို အလှူရှင်တွေ ပြည့်စုံတဲ့ လူတန်းစားတွေမှာလည်း စီးပွားရေးအခက်အခဲတွေရှိလာတော့ မလှူနိုင်ကြတေ့ာဘူး ကျနော်တို့အသင်းဆိုအရင် ရန်ကုန်နဲ့ မိုင် ၅၀ ပတ်လည်မှာ လိုက်ပို့ရလို့ ရှိရင်အလကားပို့ပေးပေမဲ့ အခုတော့ ဆီဖိုးပြန်တောင်းရတဲ့ အခြေအနေ ဖြစ်နေပါတယ်။”

ဒီအခြေအနေအကြောင်းတွေအရ တပြည်လုံးက ပရဟိတအသင်းတော်တော်များများဟာ ဖုန်းတွေပိတ် ကားတွေကို ဖွက်ပြီး ရုံးခန်းတွေကိုလည်း ပိတ်ထားကြတာ ဖြစ်ပါတယ်။

RFA Burmese



လူမှုကူညီရေးအဖွဲ့တွေ ရပ်တည်ဖို့ခက်ခဲနေ လူမှုကူညီရေးအဖွဲ့တွေ ရပ်တည်ဖို့ခက်ခဲနေ Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.