ရန်ကုန်အဝင်အထွက်နဲ့ အဝေးပြေးလမ်းပေါ် တားဆီးစစ်ဆေးမှုတိုး

ရန်ကုန်မြို့ လမ်းတခုပေါ်မှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၁၉၊ ၂၀၂၁)

ရန်ကုန်မြို့ အဝင်အထွက် အဝေးပြေး အမြန်လမ်းပေါ်မှာ စစ်ဆေးရှာဖွေမှုတွေကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဘက်က တိုးလုပ်နေပါတယ်။ ခရီးသွားသူတွေထဲက မသင်္ကာသူ လူငယ်ပိုင်း တချို့ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန် က တင်ပြပါမယ်။

ပျောက်ကြားပုံစံ ဆန္ဒပြပွဲတွေ၊ အသေးစားပေါက်ကွဲမှုတွေ ရန်ကုန်မြို့ဖြစ်နေချိန်မှာပဲ မြို့အဝင် အထွက် အဝေးပြေးလမ်းပေါ် သွားလာနေတဲ့ ကားတွေကို တပ်တွေက စစ်ဆေးရှာဖွေမှုတွေ အခုနောက်ပိုင်း တိုးလုပ်နေပါတယ်။ မသင်္ကာတဲ့ ကားတွေဆိုရင် အဝတ်အစားသေတ္တာတွေထဲက အဝတ်တွေကအစ တထည်ချင်း စစ်ဆေးတယ်လို့ ကိုယ်တိုင် ကြုံခဲ့သူက ပြောပြပါတယ်။ စစ်ဆေးခံရတဲ့ထဲက မသင်္ကာသူ လူငယ်တချို့ကိုလည်း ဖမ်းဆီးခံရတာတွေရှိနေပါတယ်။ သင်္ကြန်တွင်းမွေးရပ်ကို ခဏပြန်သွားပြီး ရန်ကုန်ပြန်လာသူတယောက်က လမ်းတလျှောက် သူကြံုခဲ့ရတာမှာ အိမ်စီးကားတွေကို ပိုပြီးပစ်မှတ်ထားစစ်ဆေးတာ တွေ့ရတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။

"တချို့အိမ်စီးကားနဲ့ လာသူတွေတော့ နည်းနည်းအခက်အခဲရှိတယ်။ သူတို့တွေက မေးမြန်းတယ်... ဘယ်ကလာလဲ၊ ဘယ်ကိုသွားမလဲ မေးတယ်။ တချို့ကားတွေကတော့ မှန်တွေ၊ နောက်ဖုံးတွေကို အပြည့်ဖွင့်ခိုင်းတယ်။ တချို့ကားတွေကိုကျတော့ မှန်ပဲဖွင့်ခိုင်းပြီးတော့ လူအခြေအနေပဲ ကြည့်ခိုင်းတယ်။ အဆင်ပြေတဲ့ ကားဆိုပေးသွားတယ်။ အဆင်မပြေရင် စစ်တယ်၊ မေးမြန်းတယ်။ လူအခြေအနေကြည့်တယ်။ ပစ္စည်းအခြေအနေကြည့်တယ်။ ဒါတွေကို ကြည့်တယ်လို့ထင်တယ်။"

မော်လမြိုင်ဘက်ကနေ ရန်ကုန်ကို အခုရက်ပိုင်း ပြန်လာခဲ့သူတဦးကလည်း ရန်ကုန်အမြန် လမ်းတလျှောက်စစ်ဆေးမှုတွေနဲ့ ပတ်သတ်လို့ ဗွီအိုအေကို ခုလိုပြောပြလာပါတယ်။

"ကျနော် ၁၂ ရက်နေ့က ပြန်လာတယ်။ အဝေးပြေးကားကနေပြီးတော့ ထွက်တော့ ပဲခူးမှာ တခါစစ်တယ်။ မှတ်ပုံတင်ကို စစ်တယ်...ပဲခူး၊ ဘောနက်ကြီးမှာ။ ပဲခူးကနေထွက်လာပြီးတော့ စစ်တောင်းကို ရောက်ရော။ စစ်တောင်းတံတားမှာ တခါ စစ်တယ်။ စစ်တောင်းတံတားမှာ စစ်တာကျတော့ လမ်းဆင်းလျှောက်ခိုင်းတယ်။ မသင်္ကာတဲ့ လူကို ကြည့်တယ်။ ဘာလုပ်ဖို့လဲ... နည်းနည်းတော့ မေးတာပေါ့။ အဲဒီကနေပြီးတော့ ကျိုက်ထိုအထွက်မှာပဲ ထပ်စစ်တယ်။ သထုံမှာပေါ့နော်။ အဲဒါကကျတော့ ကားပေါ်တက်ပြီး မသင်္ကာတဲ့ သူတွေရဲ့မှတ်ပုံတင်တွေကို ယူတယ်။ လူတိုင်း မှတ်ပုံတင် မစစ်တော့ဘူး။ သူတို့ကားပေါ်တက်လာပြီးတော့ လူတွေကို ကြည့်လိုက်တယ်။ ဒီလူက မသင်္ကာစရာကောင်းတယ်ဆိုရင် အဲဒီလူရဲ့ မှတ်ပုံတင်ယူတယ်၊ အဲဒီလူရဲ့ အိတ်ကို စစ်တယ်။ အဲဒီလိုမျိုးစစ်တိုင်း၊ စစ်တိုင်း ကားသမားက ကားအောက်ခန်းကို ပြရတယ်။ ပစ္စည်းတွေထည့်တဲ့နေရာလေ... အဲဒါကို ပြပေးရတယ်။ ၃ နေရာ၊ ၄ နေရာလောက်တော့ စစ်တယ်။ ကျနော်ပြန်တုန်းကလည်း အဲဒီလိုမျိုး အဖမ်းခံရတာတွေတော့ မရှိဘူး။"

ရန်ကုန်နဲ့ တခြားနေရာတွေမှာ ပေါက်ကွဲမှု အသေးစားတွေဖြစ်ခဲ့ပြီးနောက်ပိုင်း ခုလို အဝေးပြေး ကားလမ်းတွေပေါ်မှာ သွားလာသူတွေကို စစ်ဆေးမှု ပိုတိုးလုပ်နေတာဖြစ်ပါတယ်။ မော်လမြိုင်ဘက်ကလာတဲ့ အဝေးပြေးလမ်းတလျှောက် နေရာ ၄ နေရာ၊ မန္တလေးဘက်က ပြန်လာတဲ့ လမ်းတလေ ျှာက် ၂ နေရာ စသဖြင့် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကိုယ်တိုင် တွေ့ကြုံရသူတွေကပြောပါတယ်။ အဲဒီလို စစ်ဆေးခံရစဉ် တချို့ ဖမ်းခံရသူတွေလည်း ရှိပါတယ်။ မြောက်ဒဂုံမှာ နေထိုင်နေတဲ့ ကိုသီဟနဲ့ သူ့ဇနီး မစွမ်းပြည့်စိုးမွန်တို့အပါအဝင် လူငယ် ၄ ယောက် သင်္ကြန်တွင်း ခရီးထွက်ပြီး အပြန် ပဲခူးတိုင်းရွှေကျင်မြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူတို့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ကိုသီဟနဲ့ ညီအကိုဝမ်းကွဲတော်သူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

"ဒီသင်္ကြန်ပိတ်ရက်ခရီးသွားတယ်။ ခရီးသွားပြီးတော့ ကျနော်တို့ ပြန်လာတယ်ဆိုတော့... နှစ်ဆန်း ၁ ရက်နေ့ပေါ့။ နောက်နေ့ ရုံးပြန်တက်ဖို့ဆိုတော့ ပြန်လာတယ်။ ကျနော်တို့ကို လာကြိုဖို့ လုပ်တဲ့အခါမှာ ဖုန်းဝင်လာတာက ဆိုင်ကယ်ကယ်ရီနဲ့ ပြန်လာတဲ့အခါမှာ သူတို့ကို စစ်တယ်ပေါ့။ စစ်တယ်ဆိုတော့ ကျနော်တို့ကလည်း ရိုးရိုးတန်းတန်းစစ်တာပဲ၊ အိတ်စစ်တယ်ဘာညာ... သူတို့ စစ်ချင်တယ်ဆိုပြီး စခန်းမှာ ခဏခေါ်ထားတယ်ဆိုလို့ အဲဒါကို ကျနော်တို့ စောင့်နေတာပေါ့။ နောက်တခုက ညနေ ၅ နာရီခွဲလောက်လည်းကျရော ကျနော်တို့ ကြားရတာပေါ့နော်... ကိုသီဟဆီက နောက်ဆုံးကြားရတာက သူတို့ အထွေအထူးမရှိဘူးတဲ့။ အေးအေးဆေးဆေးပဲတဲ့။ သူတို့ကို မနက်ဖြန်မနက်မှာ ကားပေါ်တင်ပေးမယ်ပေါ့၊ အေးဆေးပဲ မနက်ပြန်လွှတ်မယ်ဆိုပြီးတော့ ကျနော်တို့ အဲဒါနဲ့ နောက်နေ့မနက်မှပဲ ကြိုမယ်ဆိုပြီးတော့ပဲ စောင့်နေရင်းကနေ နောက်နေ့မနက် ဖုန်းခေါ်တဲ့အခါမှာ ခေါ်လို့မရဘူးပေါ့။ စုံစမ်းရင်းနဲ့မှ နောက်ဆုံး မနေ့က နေ့ခင်းမှာ သူတို့ ဗျူဟာမှူးဝင်တယ်တဲ့ ဝင်ပြီးတော့ သူတို့ကို စစ်ပြီးတော့ ဗျူဟာမှူးခေါ်သွားတယ်လို့တော့ ကြားတယ်ဗျ။ နောက်ဆုံးကြားတာကလေ။"

သူတို့လိုပဲ ရွှေကျင်ဘက်မှာ ဖမ်းဆီးခံရသူ လူငယ် ၁၀ ဦးထက်မနည်းရှိတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပေမဲ့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ ဖမ်းဆီးခံရသူတွေဟာ ခုချိန်ထိ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးသလို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာလဲ မသိရသေးပါဘူး။ ကေအန်ယူနယ်မြေထဲမှာ သင်တန်းသွားတက်လို့ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးတယ်လို့ တချို့ကလည်း ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေကတော့ သင်္ကြန်တွင်း ရက်တို ခရီးသွားကြတာဖြစ်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရွှေကျင် ရဲစခန်းကို ဗွီအိုအေက ဆက်သွယ်တာမှာတော့ တာဝန်ခံဖြေဆိုပေးမယ့် အရာရှိ မရှိတာကြောင့် ဖြေဆိုဖို့ငြင်းသလို ဖမ်းဆီးခံရသူတွေနဲ့ ပတ်သတ်လို့ မသိရှိဘူးလို့ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာပါဝင်သူ အားပေးသူတွေကို တရားစွဲဆို ဖမ်းဝရမ်းထုတ်ထားချိန်မှာ ခုလို အဝေးပြေးလမ်းတွေပေါ်မှာ ခရီးသွားတွေကို ပိုပြီး စစ်ဆေးနေတာဖြစ်ပါတယ်။


မစုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/yangon-highway-situation/5860090.html

ရန်ကုန်အဝင်အထွက်နဲ့ အဝေးပြေးလမ်းပေါ် တားဆီးစစ်ဆေးမှုတိုး ရန်ကုန်အဝင်အထွက်နဲ့ အဝေးပြေးလမ်းပေါ် တားဆီးစစ်ဆေးမှုတိုး Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.