ဘဏ်တွေ တိုကင်တွေနဲ့ အေတီအမ် အနီးက လူတန်းရှည်ကြီးများ

ရန်ကုန်က အေတီအမ်စက်က ငွေထုတ်ဖို့တန်းစီနေကြသူ များကိုတွေ့ရစဥ်

ရန်ကုန်မြို့ရဲ့ ပူအိုက်သော ဧပြီလ နှောင်းပိုင်းမနက်ခင်းတစ်ရက်ဖြစ်ပါတယ်။

ပုဂ္ဂလိက ဘဏ်တစ်ခုကနေ ငွေထုတ်ဖို့ အတွက် မသင်းသင်းဟာ သူ့ခင်ပွန်းနဲ့အတူ မနက် ၄ နာရီခန့် အိမ်ကကားနဲ့ ထွက်လာခဲ့ပါတယ်။

လမ်းမကြီးပေါ်ရောက်တော့ ၄ နာရီကျော်စ ပြုပါပြီ၊ ည ၈ နာရီကနေ မနက်၄ နာရီ ညမထွက်ရ စစ်အုပ်ချုပ်ရေးကာလမို့ လမ်းမကြီး ပေါ်မှာလူသွားလူလာ ကားအသွားအလာ ရှင်းနေပါတယ်။ သူတို့‌‌ ငွေထုတ်မဲ့ ဘဏ်ရှိတဲ့ မြိုနယ်ထဲကို ဝင်တဲ့လမ်းမှာ စစ်သားတွေက ကားကိုတားကာ စစ်ဆေးတာတွေလုပ်ပြီးတဲ့နောက် ဘဏ်‌ငွေသွားထုတ်မယ်ဆိုတဲ့ အတွက် သွားခွင့်ပြုတယ်လို့ မသင်းသင်းက ပြောပါတယ်။

၄ နာရီ ၂၀ မိနစ်ကျော် ငွေထုတ်မဲ့ဘဏ်ရှေ့ မသင်းသင်းရောက်ချိန်မှာတော့ တန်းစီနေသူ အချို့ကိုတွေ့ပါတယ်။ သူတန်းစီတဲ့ စာအုပ်မှာ စာရင်းသွားပေးတော့ သူ ရှေ့မှာ ၁၈ ဦးရောက်နှင့်နေပြီလို့ မသင်းသင်း သိရပါတယ်။

ရှေ့ဆုံးက လူဟာ မနက် ၄နာရီမှာ ဘဏ်ရှေ့ကို ရောက်အောင်လာခဲ့တာဖြစ်ကြောင်း သတ်မှတ်ထားတဲ့ ၄ နာရီ မတိုင်မီ အိမ်ကအရဲစွန့်ပြီး ထွက်လာခဲ့တာလို့ သူ့ကိုပြောကြောင်း မသင်းသင်းက ပြောပါတယ်၊


မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဘဏ်တွေက ‌‌ငွေထုတ်ယူမှုကို မတ်လ ၁ ရက်နေ့မှာ စတင် ကန့်သတ်ခဲ့ပြီး နောက်မှာ ဘဏ်တွေကနေ ကိုယ်ပိုင်အပ်ထားတဲ့ငွေတွေကို ထုတ်ယူရမှာ အခက်အခဲတွေ အကြီးအကျယ်ဖြစ်လာခဲ့ပါတယ်။

အခု ဧပြီလနောက်ဆုံးရက်မှာတော့ လူတစ်ဦးကို စာအုပ်ကနေ တစ်ပတ်ကို ကျပ်ငါးသိန်းခန့် နဲ့ အေတီအမ်ကနေ တစ်ရက် ကျပ်နှစ်သိန်း၊ တစ်ပတ်ကို ကျပ် ၅ သိန်းခန့်သာ ထုတ်လို့ရတဲ့ အခြေအနေ ဖြစ်နေတာလို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပုဂ္ဂလိက ဘဏ်ခွဲတွေ အားလုံးပြန်မဖွင့်နိုင်တာ၊ ဘဏ်တွေက ငွေထုတ်လိုသူတွေ များလာတာ နဲ့ လူတွေကလည်း အင်တာနက်မိုဘိုင်း ဘဏ်စနစ်ကို သုံးလို့မရတဲ့ အတွက် ဒီအခြေအနေထိရောက်လာနေတာလို့လည်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြန်မာ ပလာဇာမှာ အေတီအမ်က ‌‌ငွေထုတ်ဖို့ တန်းစီနေကြစဉ်

လူပုဂ္ဂိုလ်တွေ ကိုယ့်ဘဏ်ထဲမှာ အပ်ထားတဲ့ ငွေထုတ်ယူတဲ့အခါ အေတီအမ်ကနေ ငွေသားထုတ်ယူမှုကို တစ်ရက်ကို အများဆုံးကျပ် ၅ သိန်းနဲ့ ၊ ဘဏ်ကိုသွားပြီး ကိုယ့်ရဲ့ ဘဏ်စာရင်းတွေက ငွေထုတ်မယ်ဆိုရင်တော့ လူတစ်ဦးကို တစ်ပတ် အများဆုံး ကျပ် သိန်း ၂၀ အထိသာ ထုတ်ခွင့်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ကနေ မတ်လ ၁ ရက်နေ့က စတင်ပြီး ကန့်သတ်ခဲ့ပါတယ်။

စီးပွားရေး ကုမ္ပဏီတွေ၊ စီးပွားရေးဆိုင်ရာ အဖွဲ့ အစည်းတွေကိုတော့ သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ကြောင်း ကန့်သတ်ခဲ့ပါတယ်။

ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေဖို့အတွက် ဘဏ်တွေအနေနဲ့ မတ်လ ၁ ရက်နေ့က စတင်ပြီး လိုက်နာဆောင်ရွက်သွားဖို့ ဗဟိုဘဏ်ကနေ ညွှန်ကြားချက်ထုတ်တဲ့အထဲမှာ ပါပါတယ်။

ဘာ့ကြောင့် ဒီလိုကန့်သတ်ရတယ် ဆိုတယ့် အကြောင်းရင်းကိုတော့ မသိနိုင်ပေမဲ့ ဒီလို ကန့်သတ်မှုတွေကြောင့် အခက်အခဲကြုံရမယ့် ကုမ္ပဏီတွေ ရှိလာနိုင်တယ်လို့ ဘဏ်ငွေကြေးဆိုင်ရာ စီးပွားရေးပညာရှင် ဦးဖေမြင့်က ဘီဘီစီကို ပြောပါတယ်။

"အတော်များများကုမ္ပဏီတွေက ငွေကို ဘဏ်မှာအပ်ထားကြတာ။ တစ်ပတ်ကို သိန်း ၂၀၀ ဆိုရင် တစ်လကို သိန်း ၈၀၀ ပဲထုတ်နိုင်မယ်၊ ဆိုတော့ သူတို့ အလုပ်လုပ်နေတာတွေ အကန့်အသတ် ဖြစ်မယ်" လို့လည်း သူက ပြောခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးက ဘဏ်အချို့မှာ တစ်ရက်ကို တိုကင် ၈၀ ခန့်အထိ ထုတ်ပေးနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊

ရန်ကုန်နဲ့ မန္တလေးက ဘဏ်ချို့မှာ တစ်ရက်ကို တိုကင် ၈၀ ခန့်အထိ ထုတ်ပေးနေတယ်

ဘဏ်စာအုပ်သမားတွေ အခုလို အခက်အခဲဖြစ်တဲ့‌နောက်မှာတော့ အေတီအမ် စက်တွေကနေ ထုတ်ဖို့လူတွေက လှည့်လာကြပါတယ်။

"မနက် ၄ နာရီကျော် ကနေ တန်းစီလိုက်တာ မနက် ၉ နာရီခွဲကျော်အချိန်မှာ စာအုပ်တစ်အုပ် မှတ်ပုံတင်တစ်ခုကို ‌‌ငွေ ၅ သိန်း ထုတ်လို့ရခဲ့တယ်"လို့ မသင်းသင်းက ပြောပါတယ်။

စာအုပ်က ဘဏ်ခွဲတိုင်းလည်းမရဘူး။ နောက် တစ်ရက်ကို လူ ၅၀ လောက်ပဲ ရတော့ အေတီအမ်ဘက်ကို လူတွေကလှည့်လာကြတယ်ထင်တယ်လို့ မသင်းသင်းက ပြောပါတယ်။

သင်္ကြန်မတိုင်မီရက်မှာတော့ ဘဏ်တွေကနေငွေထုတ်ရာမှာ အခက်အခဲဖြစ်နေတာကြောင့် ရာခိုင်နှုန်း ပိုပေးပြီးထုတ်ရတဲ့စျေးကွက်ပေါ်လာခဲ့ပါတယ်။

ငွေသားလက်ငင်း လိုချင်ရင် ၃ ရာခိုင်နှုန်း ပိုပေးရတဲ့ ငွေလွှဲပြောင်းမှု ဝန်ဆောင်မှုသစ် တစ်ခု ပေါ်လာခဲ့ပြီး၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အရေးပေါ် ငွေပေးချေစရာ ရှိတဲ့သူတွေဟာ အဲဒီ ငွေလွှဲပြောင်းမှုနဲ့ အလုပ်လုပ်နေကြရတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရာခိုင်နှုန်းနဲ့ ဝန်ဆောင်တဲ့သူတွေကို ငွေအရောင်းအဝယ်လုပ်လို့ ဗဟိုဘဏ်ဥပဒေနဲ့ အရေးယူမယ်လို့လည်း ဗဟိုဘဏ် ကထုတ်ပြန်ခဲ့ပါတယ်။

ငွေသားလက်ငင်း လိုချင်ရင် ၃ ရာခိုင်နှုန်း ပိုပေးရတဲ့ ငွေလွှဲပြောင်းမှု ဝန်ဆောင်မှုသစ်တွေလည်းပေါ်လာ

အခုရက်ပိုင်း‌ ငွေလိုတဲ့သူများလာတော့ ၄ ရာခိုင်နှုန်းအထိ အပိုဆောင်းပေးရတယ်လို့လည်းရန်ကုန်မြို့ခံ အချို့က ပြောပါတယ်။

တစ်ဖက်မှာလည်း အစိုးရက ပုဂ္ဂလိက ဘဏ်တွေဖွင့်ဖို့ အစိုးရကတွန်းအားပေးနေပြီးတော့ ဘဏ်ခွဲတွေ သတ်မှတ်ချက်အတိုင်း မဖွင့်နိုင်ရင် ဒဏ်ငွေချမှတ်တာလည်းရှိနေပါတယ်။

လက်ရှိမှာတော့ ပုဂ္ဂလိကဘဏ်တွေက ဝန်ထမ်းတွေပါ CDM လုပ်ကိုင်နေတာကြောင့် ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ပုံမှန်လည်ပတ်ဖို့ အခက်အခဲရှိနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကတော့ ဗဟိုဘဏ်က ငွေထုတ်ယူရာမှာ အစီအစဥ်သစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဒေသတချို့မှာ ဆူပူအကြမ်းဖက်မှုတွေကြောင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိတ်ပူပန်နေသူတွေအနေနဲ့ ဘဏ်တွေမှာ အပ်နှံလိုပါက အထူးကိစ္စရပ်အဖြစ် ဆောင်ရွက်ပေးသွားမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ချက်မှာပါပါတယ်။

၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ကစလို့ ဘဏ်တွေမှာ ဘဏ်စာရင်း အသစ်ဖွင့်ပြီး ငွေသား အပ်နှံခွင့် ပြုမှာ ဖြစ်ကြောင်းနဲ့ အဲဒီဘဏ်စာရင်းအသစ်ကနေ ငွေသား ပြန်လည် ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏ ကန့်သတ်ချက် မရှိဘဲ ထုတ်ယူခွင့် ပြုသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မေလ ၃ ရက် မတိုင်ခင် ဘဏ်စာရင်း ဖွင့်လှစ်ထားသူတွေအနေနဲ့ ဗဟိုဘဏ်က မူလငွေထုတ် ကန့်သတ်ချက်တွေအတိုင်း ထုတ်ယူခွင့် ပြုမှာ ဖြစ်ပြီး အဲဒီ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ဟာလူတွေ ဘဏ်တွေကို ငွေအပ်လာအောင်လုပ်တာဖြစ်ပြီးတော့ တကယ်လို့အပ်လာတဲ့‌ငွေတွေကို ငွေလိုနေတဲ့သူတွေ လှည့်ပေးဖို့စီစဥ်တာလို့ ယူဆရပြီး စစ်ကောင်စီထိန်းချုပ်တဲ့ကာလမှာ လူတွေက ငွေအပ်ဖို့ မလွယ်ဘူးလို့လည်း ပြည်တွင်းက ဘဏ်နဲ့ ငွေကြေးလုပ်ငန်းဆိုင်ရာမှာ ဆယ်စုနှစ် နှစ်ခုနီးပါး လုပ်သက်ရှိတဲ့ ဘဏ်နဲ့ငွေကြေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးမင်းဆွေကပြောပါတယ်။


ဧပြီလ ၂၇ ရက်နေ့ မြန်မာပလာဇာက အေတီအမ်မှာ ငွေသွားထုတ်သူတစ်ဦးကတော့ မနက် ၇ နာရီ တန်းစီခဲ့ရာမှာ နေ့လယ် ၂ နာရီမှာ ငွေ ၂ သိန်းထုတ်လို့ရခဲ့တယ်လို့ပြောပါတယ်။

ရန်ကုန်မြို့ဟာ ပျမ်းမျှနေ့ အပူချိန်က နွေရာသီ ဖြစ်တဲ့ အတွက် ၄၀ ဒီဂရီ ခန့်ရှိနေပြီး ငွေထုတ်ဖို့တန်းစီပြီးနောက်တစ်နေ့မှာ ဖျားနေတယ်လို့သူကပြောပါတယ်။

ငွေ ၁၀ သိန်းလောက်လိုတဲ့ သူ့သူငယ်ချင်း ကတော့ အကောင့်ထဲကငွေ ၁၀ သိန်း ၄သောင်းနဲ့ ငွေသား ၁၀ သိန်းလဲယူခဲ့ရတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့ မြန်မာပလာဇာ၊ ရန်ကုန်ပြည်လမ်းပေါ်က နိုဗိုတယ်ဟိုတယ် အနီး တို့မှာ တန်းစီသူတွေ အများအပြားတွေ့ရပြီး အေတီအမ်တန်းစီထုတ်တဲ့ သူတွေရဲ့ ရှည်လျားတဲ့လူတန်း ကြီးကို ရန်ကုန်မြို့ခံတွေ တွေ့မြင်နေကြရပါတယ်။

အခု ဘဏ်ကိစ္စဖြစ်နေတာက ဘဏ်တွေအပေါ် ယုံကြည်မှုပျောက်နေတာ။ ဘဏ်တွေ မပွင့်တပွင့်ဖွင့်နေတာ ဝန်ဆောင်မှုအပြည့် မပေးနိုင်တာတွေကြောင့် ဘဏ်ကို အသုံးပြုတဲ့လူထုက ယုံကြည်မှုပျောက်နေတာလို့မြင်တယ်လို့ ရန်ကုန်မြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"အင်တာနက်လိုင်းတွေပြန်ဖွင့်ရင်တောင်မှာ အချို့ အရောင်းအဝယ်တွေက အရင်လို အွန်လိုင်းကနေ ပေးတာမရတော့ဘူး ဥပမာ ကွန်ပျူတာ ဝယ်ဝယ် အရင် ကေပေး နဲ့ပေးလို့ရတယ် စျေးဝယ်စင်တာတွေမှာ ကေပေး ပေးလို့ရတယ် အခုကတော့ ငွေလက်ငင်း ပဲလက်ခံတော့တယ်"လို့လည်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က နာမည်ကျော်စျေးဝယ်စင်တာတစ်ခုက ဆိုင်ခွဲတွေမှာတော့ ငွေသားလက်ငင်းဖြင့်သာ ရှင်းပေးပါရန်လို့ ကောင်တာတွေမှာ စာကပ်ထားတယ်လို့လည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က ဘဏ်တွေရှေ့မှာ အခုရက်ပိုင်း အထိ မနက် ၄ နာရီ ငွေထုတ်ဖို့ တန်းစီတဲ့သူတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

လာမယ့် မေလ ၃ရက်နေ့ မှာ စတင်မဲ့ ဘဏ်တွေမှာ အကောင်အသစ်ဖ္ငင့်ပြီး စိတ်ကြိုက်အသွင်းအထုတ်လုပ်ဖို့ကို တော့ မသင်းသင်းက ‌တော့ လုပ်ဖို့ အစီစဥ်မရှိသေးကြောင်း ပြောပါတယ်။

သူရဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဘဏ်ကို မသုံးဘဲ ဟိုးအရင်က ဟွန်ဒီ ပုံစံငွေလဲတဲ့စနစ် ပုံစံပြန်လုပ်ဖို့စီစဥ်နေတယ်၊ ကိုယ့်အသိနဲ့ ကိုယ်ချိတ်ပြီးလုပ်နေကြတယ်လို့ လည်းသူကပြောပါတယ်။

"ရှိတဲ့ ငွေတောင်ထုတ်လို့မရတာကို ထပ်ပြီးအကောင့်အသစ်ဖွင့်ဖို့ဆိုတာကတော့ ကျွန်မက ရူးနေတာမှ မဟုတ်တာ"လို့ မသင်းသင်းက ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56917704

ဘဏ်တွေ တိုကင်တွေနဲ့ အေတီအမ် အနီးက လူတန်းရှည်ကြီးများ  ဘဏ်တွေ တိုကင်တွေနဲ့ အေတီအမ် အနီးက လူတန်းရှည်ကြီးများ Reviewed by THITHTOOLWIN on 06:06 Rating: 5

No comments:

Powered by Blogger.